မန္တလေး စက်တင်ဘာ ၂၆
စက်တင်ဘာ ၁၇ ရက်တွင်
ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်သည့် ခရီးသွားလုပ်ငန်းဥပဒေသည် တိုင်းဒေသကြီးနှင့်
ပြည်နယ်များ၏ လုပ်ငန်းဆောင်ရွက်မှုများ လျင်မြန်သွက်လက်လာစေရန်နှင့် ဒေသခံ ပြည်သူလူထု
ပိုမိုပူးပေါင်းပါဝင်လာစေရန် ပြင်ဆင်ရေးဆွဲထားခြင်းဖြစ်သောကြောင့် ခရီးသွားကဏ္ဍအတွက်
ပိုမိုကောင်းမွန်သော အရွေ့ တစ်ခုကို ရရှိလာနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်
ခရီးသွားညွှန်ကြားမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောသည်။
''ဒီဥပဒေကို ပြည်တွင်း၊
ပြည်ပ ပညာရှင်တွေ၊ နိုင်ငံတကာ ဥပဒေပညာရှင်တွေ၊ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်ပတ် သက်သူတွေအားလုံး
ပူးပေါင်းပါဝင် ရေးဆွဲထားတဲ့အပြင် အားသာချက်အများဆုံးနဲ့ အားနည်းချက်အနည်းဆုံးကို ထည့်သွင်းရေးဆွဲထားပါတယ်။
ပေါ်ပေါက်လာတဲ့ အားနည်းချက်ကိုလည်း နည်းဥပဒေ ထုတ်ပြန်ပြီး ဆောင်ရွက်သွားမယ် ဆိုရင် ပြည့်စုံကောင်းမွန်တဲ့
ဥပဒေတစ်ရပ် ဖြစ်ပေါ်လာမှာပါ'' ဟု ၎င်းကပြောသည်။
အဆိုပါဥပဒေသစ်တွင်
ဖြေလျှော့မှုများအနေဖြင့် လိုင်စင်နှင့် သက်တမ်းကာလများ၊ လုပ်ပိုင်ခွင့်ဆိုင်ရာများကို
ဖြေလျှော့မှု များ ပေးထားသည့်အပြင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်အောင်လည်း လျှော့ချဆောင်ရွက်ပေးထားကြောင်း
သိရသည်။
လက်ရှိတွင် ဥပဒေကို
အသက်ဝင်စေရန် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များနှင့် နည်းဥပဒေ အမြန်ထွက်ရှိစေရန်
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် လျက်ရှိပြီး အထက်မြန်မာပြည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ
တာဝန်ခံ များကိုလည်း အဆိုပါဥပဒေသစ်နှင့်ပတ်သက်၍ သင်တန်းများပေးပြီး ရှင်းလင်း မျှဝေပေးလျက်ရှိကြောင်း
သိရသည်။
တင်မောင်(မန်းကိုယ်ပွား)
No comments:
Post a Comment