Wednesday, September 26, 2018

လှိုင်သာယာမြို့နယ်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရရှိ ပြစ်မှုကျူးလွန်သူ လေးဦးအား အလျင်အမြန် ဖော်ထုတ်ဖမ်းဆီးရမိ



ရန်ကုန် စက်တင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူ လေးဦးအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အလျင်အမြန် ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ 


ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ် အပြင်ပဒံကျေးရွာ ဆန်စက်လမ်းနေ ခင်မောင်လွင် (ခ) ၀ကြီး (အသက် ၅၆ နှစ်) နှင့် အောင်မင်းဦးတို့အတူရှိနေစဉ် တွံ့တေးမြို့နယ် မင်းပိုင်းရပ်ကွက်နေ စောလမွန် (ခ) ကိုစော အပါအ၀င် လေးဦး အငှားယာဉ်တစ်စီးဖြင့် ရောက်ရှိလာကြောင်း၊ စောလမွန်(ခ) ကိုစောက ၎င်းတို့ရရန်ရှိသည့် ခြံစည်းရိုးခတ်ခ ပေးချေရန် ကျန်ငွေကျပ်သိန်း ၃၃၀ အား ခင်မောင်လွင် (ခ) ၀ကြီးထံ တောင်းခံရာမှ မရ သဖြင့် အပြန်အလှန်စကားများပြီး စောလမွန် (ခ) ကိုစော တို့အဖွဲ့က ပစ္စတိုသေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ခင်မောင်လွင် (ခ) ၀ကြီး တွင် ယာနားထင် / ဦးခေါင်း နောက်စေ့အောက် ကျည်ဖောက်ဝင် ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ အောင်မင်းဦးအား ၄င်းတို့လေးဦးက ၀ိုင်းဝန်းထိုးကြိတ်သဖြင့် ဒဏ်ရာများ ရရှိခဲ့ပြီး ၎င်းအဖွဲ့က အောင်မင်းဦးအား လာရောက်သည့် အငှားယာဉ်ဖြင့် ဖမ်းဆီးခေါ်ဆောင်ကာ မအူပင်မြို့ဘက်သို့ ထွက်သည့်ကားလမ်းအတိုင်း ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

အဆိုပါသတင်း ရလျှင်ရချင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လိုက်လံပိတ်ဆို့ဖမ်းဆီးရာ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ၎င်းတို့အဖွဲ့ ဌားရမ်းစီးနင်းလာသည့် အဌားယာဉ်နှင့် ယာဉ် မောင်းတို့မှ တစ်ဆင့် သတင်းဆက်ရရှိပြီး အောင်ထွန်းချောင်းအတိုင်း စက်လှေဖြင့် တွံ့တေးတူးမြောင်းဘက်သို့ထွက်ပြေးသွားကြောင်းသိရှိရ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရေကြောင်းရဲတပ်ဖွဲ့မှ ရေယာဉ်များဖြင့် ပူးပေါင်းပိတ်ဆို့ဖော်ထုတ်ရာ တွံ့တေးမြို့နယ် ရေကျော်လေးကျေးရွာရှိ ငါးကန်စောင့်တဲတစ်ခုအတွင်း အောင်မင်းဦးအား ဒဏ်ရာများ ဖြင့် တွေ့ရှိရသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ 

ရဲတပ်ဖွဲ့ဝင်များက ညနေ ၃ နာရီ မိနစ် ၄၀ ခန့်တွင် တွံ့တေးမြို့နယ် ရေကျော် လေးကျေးရွာအနီး အခြားငါးကန်ဘောင်များပေါ်၌ စောလမွန် (ခ) ကိုစော အပါအ၀င် လေးဦးအား တွေ့ရှိသဖြင့် ခြောက်လှန့်ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ရာ စောလမွန် (ခ) ကိုစော နှင့် အဖွဲ့အား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပွိုင့် ၄၅ ပစ္စတိုတစ်လက်၊ ၎င်းကျည် တစ်တောင့်၊ ရီမင်တန် တစ်လုံးထိုး သေနတ် တစ်လက်၊ ၎င်းကျည် ငါးတောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ၊ ဖြစ်စဉ်အသေးစိတ်အခြေအနေ၊ သေနတ်လက်ဝယ်ရရှိမှုအခြေ အနေတို့အား ဆက်လက်ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment