Wednesday, August 8, 2018

အားလျှော့စရာ မလိုပါ

အန်ကယ်ပညာ

မိမိကိုယ်မိမိ ဥယျာဉ်မှူးတစ်ယောက်အဖြစ် ခံယူထားသူပီပီ အရှိန်ရအောင်မြင်နေသည့် အခြားသော ဥယျာဉ်မှူးများထံ တပည့်ခံ လေ့လာသင်ယူလိုစိတ်က ထာဝစဉ် ကြီးစိုးလျက်ရှိ၏။ ထို့အတူ မိမိလေ့လာသိရှိသမျှကို ဆရာစားမချန် မျှဝေပေးလိုသည့်စိတ်ကလည်း အတူယှဉ်တွဲရှိနေပြန်ပေသည်။ သို့ဖြစ်၍ တစ်ကြိမ်တစ်ခေါက်သွားရောက်ကာ တပည့်ခံလေ့လာပြီးဖြစ်နေ၍ တစ်ခွန်းတလေ မျှဝေပေးရပေ ဦးမည်။

နေပြည်တော်မှ ရေတာရှည်မြို့နယ် ဆတ်သွားရွာလေးသို့ ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း သွားရောက်ခဲ့ခြင်း ဖြစ်၏။ ဆတ်သွားရွာမှာ လမ်းမကြီးပေါ်တွင်ရှိပြီး သွားရောက်လေ့လာခဲ့သည့် ဥယျာဉ်ခြံမှာလည်း လမ်းမကြီး၏အရှေ့ဘက် လမ်းဘေးမေးတင် ပင်ဖြစ်၏။
ခြံထဲသို့ဝင်လိုက်သည်နှင့် ခြံရှင်မိသားစု နေထိုင်သည့် တစ်ထပ်တိုက်အိမ်လေးကို ဦးစွာတွေ့ရ၏။ ထိုတိုက်အိမ်၏ကျောဘက် တစ်ဆက်တည်းတွင် ဧက ၂၀ ကျယ်သည့် ဥယျာဉ်ကြီးတစ်ခုကို ဖန်တီးထားလေ၏။
ဥယျာဉ်အတွင်းသို့ ခြံရှင်နှင့်အတူလှည့်ပတ် ကြည့်ဖြစ်ခဲ့၏။ ခြံရှင်ဟုဆိုသော်လည်း ကျားကျားလျားလျား ယောက်ျားကြီးကားမဟုတ်။ အသက် ၃၀ ဝန်းကျင်ခန့်ရှိ မိန်းမသားတစ်ဦးသာ ဖြစ်၏။ မိဘများမှာ အသက်အရွယ် ကြီးရင့်နေပြီဖြစ်သည့်အပြင် အမျိုးသားမှာလည်း ဝန်ထမ်းဖြစ်နေ၍ ခြံလုပ်ငန်းကိုသူသာလျှင် ဦးစီးဦးဆောင် လုပ်ကိုင်နေသူဖြစ်ကြောင်း စကားဦးသန်းလေ၏။
ခြံအတွင်းတွင် သက်တမ်း ၁၀ နှစ်ရှိပြီဖြစ်သောစိန်တလုံးသရက်အပင် ၇၀၀၊ ကျွဲကောပင် ၃၀၀နှင့် ကျန်မြေပေါ်တွင် သံပရာပင်များကို သူ့အကန့်နှင့်သူ စိုက်ပျိုးထားသည်ကိုတွေ့ရ၏။ သရက်မှာရာသီကုန်ချိန် ဖြစ်သော်လည်း ကျွဲကောနှင့် သံပရာပင်တိုင်းတွင် အသီးဖြိုင်ဖြိုင် သီးနေကြလေ၏။ အပင်အားလုံး၏အခြေတွင် မြေတောင်မြှောက်ထားပြီး ကြက်ချေးမြေဆွေးနှင့် ပြာမှုန့်တို့ကို အပုံလိုက်ပုံထားသည်ကို တွေ့ရ၏။ ထူးခြားသည်မှာ သရက်ပင်တို့၏အခြေတွင် ထိုနှစ်မျိုးအပြင် ၁၅ ပတ်လည် ဓာတ်မြေဩဇာကို ပါးပါးဖြူးပေးထားသည်ကို တွေ့ရခြင်းပင် ဖြစ်၏။
ထို့အပြင် သရက်ပင်တန်းများ အကြားတွင် အိတ်သွတ်ပြီးဖြစ်သည့် အစေ့ပျိုးသရက်၊ ကိုင်းကူးသရက်၊ ကိုင်းကူးကျွဲကောနှင့် ကိုင်းကူးသံပရာပျိုးပင်ပေါင်း သောင်းနှင့်ချီ၍ စီထားသည်ကိုလည်း တွေ့ရပေသည်။ ဤသည်မှာ ထိုမျှကျယ်သောခြံအတွင်းတွင် မည်သို့သောအပင်တို့ကို စိုက်ပျိုးထားသည်ကို ပေါ်လွင်ရုံမျှပြောလိုခြင်းဖြစ်၏။ အဓိကပြောလိုသည်မှာ တောင်သူတို့ နောက်ပြောင်ပြောဆိုနေကျဖြစ်သည့် တော်ရုံ အကုသိုလ်နှင့် မစိုက်ဖြစ်ဘူးဟူသည့် စိန်တလုံးသရက် အကြောင်းပင် ဖြစ်၏။
စိန်တလုံးသရက်အကြောင်းကို ပြောမည်ဆိုလျှင် ယခုနှစ်သရက်ရာသီကို ပြန်ပြောင်းပြောမှ သင့်ပေလိမ့်မည်။ ရာသီအစတွင် အဖူးအပွင့်တို့ မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှ၏။ သရက်သမားတို့ ဖဲသမားစကားကို ခဏယူသုံးခဲ့ကြသည်ကိုလည်း မှတ်မိကြလိမ့်ဦးမည် ထင်ပါသည်။ ဒီနှစ်ကတော့ စိန်တလုံးအတွက် ဘာလာလာ ဒေါင်းမည့်နှစ်ဟူ၍ပင် ဝမ်းမြောက်စကားဆိုခဲ့ကြ၏။ အရည်အသွေးကောင်း သရက်သီးမှည့် ရရှိရေးအတွက်လည်း တတ်နိုင်သမျှ ကြိုးစားခဲ့ကြ၏။ အဖူးမှအပွင့်၊ အပွင့်မှအကင်း၊ အကင်းမှအရင့်၊ အရင့်မှအမှည့် ထိုသို့သောအဆင့်တိုင်းတွင် အဆင်လှခဲ့ကြ၏။
အမှည့်မှဈေးကွက်အဆင့်သို့ ရောက်ချိန်တွင်မူ ဈေးကွက်ပျက်သည်ဆိုသော စကားနှင့်ပင် ရာသီမကုန်မီ သရက်သမားတို့ လက်မှိုင်ချခဲ့ ကြရ၏။
အသီးအရည်အသွေးကောင်းခဲ့သော်လည်း ဈေးကွက်တွင် မျက်နှာငယ်ခဲ့ရလေ၏။
ဤသည်ကိုသင်ခန်းစာယူ၍ စိန်တလုံးသရက်ကို မစိုက်သင့်သောအပင်အဖြစ် မြင်ကြသူတွေ ရှိလာ၏။ စတင်စိုက်ပျိုးလိုသူတို့ကလည်း မဝံ့မရဲဖြစ်လာကြ၏။ စိုက်ပျိုးထားသူအချို့ကလည်း အရွယ်ရောက်ပြီး သရက်ပင်တို့ကို မြေတူးစက်ဖြင့် တူး၍ အခြားအပင်ပြောင်းစိုက်ကြသည်ကို တွေ့ရ၏။ စိန်တလုံးသရက် စိုက်ပျိုးရေးအပေါ် အချို့သောသူများအနေဖြင့် ဤသို့မြင်၊ ဤသို့တွေး၊ ဤသို့ပြုလာကြသော်လည်း လေ့လာဖြစ်ခဲ့သည့် ခြံရှင်မှာ စိန်တလုံးအပေါ် အားရဆဲ၊ တက်ကြွမြဲ၊ ယုံကြည်စိတ်ချမြဲ ဖြစ်ကြောင်း တွေ့ရ၏။ သူ့ထံမှ တွေ့မြင်ကြားသိရ သည်မှာ အားတက်ဖွယ်ဖြစ်ပေစွ။ တွေ့မြင်ကြားသိခဲ့ရသည်များကို စီးပွားဖြစ်စိုက်ကြ သူများ၊ မိသားစု တစ်နိုင်စိုက်ပျိုးထားသူများသာမက တစ်ပင်စိုက် နှစ်ပင်စိုက်ဟူသည့် အပျော်စိုက်သမားများ အတွက်ပါ အသုံးတည့်လိမ့်မည်ဟု ယူဆလျက် သူ့စကားအတိုင်း ရေးသားဖော်ပြအပ် ပါသည်။
“တစ်နှစ်တစ်ခါ ခေါင်ဖွင့်ပေးရင်ရပြီလေ၊ ကျန်တဲ့ အကိုင်းအခက်တွေမဖြတ်ပါဘူး၊ အသီးသီးမယ့် အကိုင်းအခက်တွေဖြတ်ပစ်တော့ ဘယ်ကလာ အသီးရတော့မလဲ” သူ့အပင်တို့ကို သူပြောသည့်အတိုင်းသာ လုပ်ထား သည်ကိုတွေ့ရသည်။ အပင်ငယ်စဉ်တွင် ပုံသွင်းရန်အတွက် လိုအပ်သလိုဖြတ်သည်ကိုတော့ မဆိုလိုကြောင်း ဆက်ပြောပြန်၏။
“အခုအချိန်မှာတော့ပိုးသတ်ဆေးတို့၊ မှိုဆေးတို့ မဖျန်း သေးပါဘူး၊ အဲဒါတွေက ဖူးချိန်၊ သီးကင်းဝင်ချိန်နဲ့ အိတ်မစွတ်ခင်အချိန်တွေမှာပဲ လုပ်ပါတယ်။ ပင်စည်ထိုးပိုးကတော့ အခေါက်ရှိတဲ့အရွယ်မှာ အပင်တိုင်းလိုလို ဝင်တာပဲ။ အပင်တွေကိုလိုက်ကြည့်၊ အပင်အခြေမှာပိုးချေးတွေ့ရင် ဝက်အူလှည့်အပြားလေးနဲ့ အပေါက်ထိုးခွာ၊ ပိုးတွေ့ရင်လည်းတွေ့၊ မတွေ့ရင်လည်း ပိုးပေါက်အဝကို တရုတ်ကလာတဲ့ အင်းဆက်ကေလာနဲ့ဖျန်းပြီး ရွှံ့နဲ့ပိတ်ထား လိုက်ရင်ရပါတယ်”
ပင်စည်ထိုးပိုးမှာ ကျရောက်လေ့ရှိသော ပိုးဖြစ်သော်လည်း ပင်စည်တစ်ပတ်မပြည့်မီ နှိမ်နင်းနိုင်လျှင် အဆိုးမရှိဟု ပြောလေ၏။
“တစ်ပင်ကို ကြက်ချေးနဲ့ပြာဖြူ ရှစ်ပြည်စီ အပင်ခြေမှာ ပုံကျွေးပေးပါတယ်၊ ၁၅ ပတ်လည် မြေဩဇာကိုတော့ တစ်ပင် နို့ဆီဘူးတစ်ဘူးနှုန်း ပက်ကျွေးလိုက်တာပဲ၊ မိုးတွင်းမှာ ၁၅ ပတ်လည်မြေဩဇာကို ၂၁ ရက်တစ်ကြိမ် ပက်ပေးပါတယ်။ ပြာကတော့ ဘယ်ကရတဲ့ပြာပဲဖြစ်ဖြစ် အသီးသီးစေတဲ့ ဓာတ်ဖြစ်လို့ နှစ်စဉ်မဖြစ်မနေထည့်ပေးရတာပါ”
သဘာဝမြေဩဇာကို ထည့်သွင်းအသုံးပြုသည့်အတွက်အသီး၏ အရသာလည်း ထူးကဲကောင်းမွန် စေသည်ဟု ဆိုပါသည်။
“အသီးသီးတဲ့အချိန် ရေသွင်းပေးပါတယ်၊ မြေဩဇာ ကျွေးထားတယ်၊ ရေပေးတယ်ဆိုတော့ အသီးထွားတယ်၊ အသီးကိုလည်း အိတ်စွပ်ပေးရတယ်။ အရောင်လည်းကောင်းတယ်၊ အသီးလည်းလှတယ်၊ အရသာလည်းရှိတယ်ဆိုတော့ ကျွန်မတို့ခြံနာမည် တံဆိပ်နဲ့ဆိုရင် ပို့သမျှ အမြန်ကုန်တယ်” ခြံတွင် ထုပ်ပိုးပြီးသည့် သရက်သီးဖာများကို ရန်ကုန်သို့ ကိုယ်ပိုင်လိုက်ထရပ်ဖြင့် သူ့အဖေကိုယ်တိုင် မောင်း၍ပို့သည်ဟု ဆိုပါသည်။
“အပင်ကလည်း ၇၀၀ ပဲရှိတာဆိုတော့ အလုပ်သမား အများကြီး မလိုဘူးလေ၊ အိတ်စွပ်ကတည်းက အိတ်မှာ အရောင်ခွဲပြီး စွပ်တာဆိုတော့ ခူးတဲ့ရက်မှာအရောင်တူ အိတ်တွေကြည့်ပြီး ခူးလိုက်တာပဲ၊ ခူးပြီး သရက်သီးတွေကို သန့်ရှင်းရေးလုပ် ဖာသွတ်ပြီးတာနဲ့ အိမ်ကကားနဲ့ ည ၈ နာရီလောက် ရန်ကုန်မောင်း ပွဲရုံပို့ မနက် ၅ နာရီဆို အကုန်ရောင်းပြီးသွားပြီ၊ ပြီးတာနဲ့ခြံကို ပြန်လာတာပဲ” အသုတ်လိုက်ခူးသည့်စနစ်နှင့် ဈေးကွက်သို့ ပို့ဆောင်ပုံကို ရှင်းပြ၏။
“ဒီနှစ်က သရက်သီးဈေးကွက်ပျက်တဲ့ နှစ်လို့တော့ပြောကြတာပဲ၊ ဒါပေမယ့် ကျွန်မတို့ခြံကထွက်တဲ့ သရက်သီးမှန်သမျှကတော့ အကြီး၊ အလတ်၊ အသေး အကုန်ရောင်းထွက်ပါတယ်၊ ဈေးကတော့ သူ့ဈေးနဲ့သူပေါ့၊ ဒီနှစ်ရောင်းရငွေ သိန်း ၄၀၀ လောက်ရလိုက်တယ်။
အခုတော့မြင်တဲ့အတိုင်း လာမယ့်နှစ်အတွက် ကျွေးမွေး ပြုစုတဲ့အလုပ်တွေ ပြန်စနေပါပြီ၊ သူပေးတဲ့အထဲက သူ့ပြန်ကျွေးနေတဲ့ သဘောပါ”
ရချင်လျှင် ကျွေးရမည်။ ကျွေးမှ ရမည်၊ ကိုယ်ကျွေးမှ သူပြန်ပေးလိမ့်မည်ဟူသည့် သဘောတရားကား ထင်ရှားလှပေ၏။ ကြားရသည်မှာ အားရသည့်အပြင် အားလည်း ကျမိ၏။
“သာဂရစက်မှုဇုန်ဘက်မှာ ဧက ၂၀ စိုက်ထားသေးတယ်။ စိုက်တာ သုံးနှစ်ရှိပြီ။ အစေ့စိုက်ကော၊ ကိုင်းဆက်ကော နှစ်မျိုးစလုံး စိုက်ထားတာ၊ ကိုင်းဆက်ကတော့ ဒီနှစ် အသီးရပြီ၊ အစေ့စိုက်လည်း ပန်းပြနေပါပြီ။ လိုအပ်တဲ့ရေ၊ အာဟာရနဲ့ ပြုစုစောင့်ရှောက်မှုကိုသာပေးရင် အစေ့စိုက်တွေ၊ ကိုင်းဆက်တွေဆိုပြီး မကွာပါဘူး၊ အတူတူသီးကြတာပါပဲ” ဤအချက်ကိုတော့ လက်တွေ့နှင့်ယှဉ်၍ လက်ခံလိုက်နိုင်သည်။ မိမိခြံတွင်လည်း ဤနှစ်တွင် သုံးနှစ်သားအချို့ ပန်းပြသည်ကို မြင်တွေ့ခဲ့ရခြင်းကြောင့် ဖြစ်၏။
အထက်ပါစကားတို့သည် စိန်တလုံးသရက် စိုက်ပျိုးရေးကို စိတ်ပျက်နေသူတစ်ဦး၏ စကားများမဟုတ်ပေ။ ယုံကြည်မှုရှိရှိနှင့် ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်နေသူတစ်ဦး၏ ပြောစကားများ ဖြစ်ပေသည်။ ထိုစကားများအနက် လက်တွေ့လုပ်ကိုင်ထားသည်ကို မြင်တွေ့ခဲ့ရသည်များရှိသလို အချိန်အခါနှင့် ကိုက်ညီမှု မရှိတော့သဖြင့် စကားအဖြစ်သာ ကြားခဲ့နိုင်သည်များလည်း ပါဝင်လျက်ရှိပါသည်။ မည်သို့ပင်ဆိုစေကာမူ ရာသီကိုက်လုပ်ဆောင်ရမည့် အပင်ပြုပြင်ခြင်း၊ မြေတောင်မြှောက်ခြင်း၊ မြေဆီအာဟာရကျွေးခြင်းတို့ကို မပျက်မကွက် ဆောင်ရွက်ထားရှိပြီး ဖြစ်သည်ကို ကြည့်ရခြင်းဖြင့် စကားအဖြစ်သာ ကြားခဲ့ရသည့် အချက်အလက် တို့သည်လည်း လက်တွေ့အတိုင်းပင် ဖြစ်လိမ့်မည်ဟု ယုံကြည်ရန်အကြောင်း ရှိပါသည်။
ဤသို့ဆိုလျှင် စိန်တလုံးသရက်သည် မစိုက်သင့်သည့်အပင် ဖြစ်ပါ၏လား။ စိုက်ပျိုးထားပြီးသူတို့အနေဖြင့် စွန့်လွှတ်ရမည့်အပင် ဖြစ်နေပြီလော။ စိုက်ပျိုးရန် စိတ်ကူးရှိနေသူတို့အတွက် စိုးရွံ့စရာအပင်ဖြစ်ပါ၏လော။ မိမိတို့၏ ဆောင်ရွက်ချက်နှင့် ထင်မြင်ချက်များကို အထက်တွင်တင်ပြခဲ့သည့် အောင်မြင်နေသူတစ်ဦး၏ စကားတို့နှင့်ချိန်ထိုးကြည့်ရန် လိုပေလိမ့်မည်။ ထိုစကားတို့နှင့် နှိုင်းယှဉ်စဉ်းစားကြည့်ရပေလိမ့်မည်။
ဤနေရာတွင် မိမိ၏တင်ပြချက်သည် နာဂတိုင်းရင်းသားရိုးရာ စကားပုံတစ်ခုဖြစ်သည့် “တောင်အကြီးကြီး၏ ပုံကို တစ်ဖက်တည်းမှ မြင်ရုံဖြင့် မသိနိုင်”ဟူသကဲ့သို့ စိန်တလုံးသရက်စိုက်ပျိုးရေး တစ်ခုလုံးကို ခြုံငုံမိမည် မဟုတ်သည်ကိုကား ဝန်ခံအပ်ပေသည်။ ဆတ်သွားဟူသည့် ရွာလေးရှိ ဥယျာဉ်ခြံ တစ်ခြံသို့ သွားရောက်လေ့လာ တပည့်ခံယူရာက မြင်တွေ့ရသည့် တစ်ဖက်သတ်မြင်ကွင်းမျိုးသာ ဖြစ်နေပါသည်။ သို့ရာတွင် ထိုခြံတွင် အောင်လံတစ်ခု စိုက်ထူ ထားသည်ကား မလွဲပေ။ ။

No comments:

Post a Comment