Wednesday, August 8, 2018

မရှိခြင်း၊ မသိခြင်းတို့ထက် ပိုခက်တဲ့အရာ

သိုက်စိုးထွန်း၊ နတ်ရွာ

မရှိတာထက် မသိတာခက်ဆိုတဲ့ မြန်မာစကားပုံရှိပါ တယ်။ ရတနာပုံခေတ်ရောက်လာတော့ ရွှေပြည်ဝန်ကြီး ဦးဘိုးလှိုင်က မသိတာထက် မလုပ်တာက ပိုခက်တယ် ဆိုတဲ့ အယူအဆတစ်ခုကို တင်ပြလိုက်ပြန်တယ်။ မရှိ တာက ရှိအောင်လုပ်လို့ရတယ်တဲ့။ မသိတာက သိအောင် လုပ်လို့ရသေးတယ်တဲ့။ ဘာမှမလုပ်တာကျတော့ ဘာမှကို ဖြစ်မလာနိုင်တော့လို့ ပိုခက်သွားပြီတဲ့။
တကယ်တော့ မရှိလို့ အခက်ကြုံကြရတာတွေကလည်း တော်တော်လေးကို များပါတယ်။ ကိုယ့်မိသားစု လေးထဲမှာတင်ကြည့်မလား။ စားစရာမရှိလို့ ခက်နေ တယ်။ စားစရာရှိပြန်တော့ ကိုယ်ကြိုက်တဲ့ဟာမဟုတ် လို့ ခက်နေတယ်။ ဝတ်စရာအဝတ်အစားမရှိလို့ ခက်နေ တယ်။ ဝတ်စရာရှိပြန်တော့ ထည်လဲဝတ်စရာတွေ တစ်ပုံကြီးမရှိလို့ ခက်နေတယ်။ နေစရာကိုယ်ပိုင်အိမ် မရှိလို့ခက်နေတယ်။ စီးစရာကားမရှိလို့ခက်နေတယ်။ လုံလောက်တဲ့ဝင်ငွေမရှိလို့ ခက်နေတယ်။ မရှိလို့ခက်နေ တာတွေကိုက တော်တော်များနေပြီ။
ရပ်ရွာဒေသအဆင့်အထိ ကြည့်မလား။ စာသင် ကျောင်းကောင်းကောင်းမရှိလို့၊ တက္ကသိုလ်မရှိလို့၊ ဆေးရုံ ဆေးခန်းမရှိလို့၊ လမ်းပန်းဆက်သွယ်ရေး မကောင်းလို့၊ လျှပ်စစ်မီးမရလို့ခက်နေတယ်။ ခက်နေ တာတွေက အများကြီး။
ကမ္ဘာတစ်ဝန်းလုံးအထိကြည့်မလား။ စားနပ်ရိက္ခာ မရှိလို့၊ သောက်သုံးရေမရှိလို့ ခက်နေတဲ့နေရာတွေ ရှိ တယ်။ နေထိုင်စရာမြေ မရှိလို့ ဘယ်ပြေးရမှန်းမသိ၊ ဘယ်ကိုဦးတည်ရမှန်းမသိ ခြေဦးတည့်ရာသွားလာနေရ တဲ့ သူတွေရှိတယ်။ အလုပ်အကိုင်မရှိလို့ ခက်နေတဲ့သူ တွေရှိတယ်။ လူ့စွမ်းအားအရင်းအမြစ်မရှိလို့ ခက်နေတဲ့ နေရာတွေရှိတယ်။ သဘာဝသယံဇာတမရှိလို့ခက်နေ တဲ့နေရာတွေရှိတယ်။
အဆင့်မြင့်နည်းပညာတွေမရှိလို့ ခက်နေတဲ့နေရာတွေရှိတယ်။ သယံဇာတတွေ၊ ဥစ္စာဓန တွေရှိပြန်တော့ ငြိမ်းချမ်းရေးမရှိလို့ခက်နေတဲ့ နေရာ တွေရှိပြန်တယ်။
မရှိလို့ခက်နေတာတွေကိုက အများကြီး
တစ်ဖက်ကကြည့်တော့ ရှိလို့ခက်နေတာတွေက လည်း ရှိနေသေးပြန်တယ်။ လယ်ယာလုပ်ငန်းလုပ်တော့ သီးနှံဖျက်ပိုးမွှားတွေရှိလို့ ခက်နေတယ်။ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု၊ မိုးခေါင်ရေရှားမှုတွေရှိလို့ခက် နေတယ်။ ခေါင်းပုံဖြတ် အမြတ်ထုတ်သူတွေရှိလို့ ခက်နေတယ်။ ပုဂ္ဂလိကလုပ်ငန်းလုပ်တော့ ကျစ်ချင်ရစ်ချင် သူတွေရှိလို့ ခက်နေတယ်။ ခိုချင်ကပ်ချင်တဲ့သူတွေရှိလို့ ခက်နေတယ်။ လစ်ချင်ဘတ်ချင်သူတွေရှိလို့ခက်နေ တယ်။ ဝန်ထမ်းလုပ်တော့ စိတ်ဓာတ်၊ ခံယူချက် မပြောင်း လဲချင်သေးတဲ့သူတွေရှိလို့ ခက်နေတယ်၊ ဖိချင်ဖားချင်သူ တွေကြောင့် ခက်နေတယ်။ လူမှုအဖွဲ့အစည်းထဲကို ကြည့်ပြန်တော့ မူးယစ်ဆေးဝါးတွေ၊ လောင်းကစားတွေ၊ မှောင်ခိုမှုတွေရှိနေလို့ ခက်နေတယ်။ လိပ်ခဲတည်းလည်း ပြဿနာအရပ်ရပ်တွေ ရှိနေလို့ ခက်နေတယ်။ အဓမ္မမှု တွေ၊ မတရားသဖြင့် အနိုင်ကျင့်မှုတွေရှိလို့ခက်နေတယ်။ ကိုယ့်ကိုယ်ကိုယ် အရင်စစ်ကြည့်လိုက်တော့ လောဘ၊ ဒေါသ၊ မောဟတွေ၊ မာန်မာနတွေရှိနေလို့ ခက်နေတာ ကို တွေ့ရပြန်တယ်။
တချို့အရာတွေက ရှိမှကောင်းပြီးတော့ တချို့ အရာတွေကတော့ မရှိမှကောင်းတာကို တွေ့ရလိမ့် မယ်။ ရှိနေမှကောင်းမယ့်အရာတွေ၊ မရှိတော့မှ ကောင်းမယ့်အရာတွေကြားမှာ ကိုယ်ကိုယ်တိုင်ကရော ကိုယ့်မိသားစု ကိုယ့်ဆွေမျိုးအသိုင်းအဝိုင်းအတွက်၊ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဒေသအတွက်၊ ကိုယ့်နိုင်ငံ အတွက်၊ ဟောဒီ လောကကြီးတစ်ခုလုံးအတွက် ရှိမှကောင်းမယ့်သူလား၊ မရှိမှကောင်းမယ့်သူလား ဆိုတာကို သေသေချာချာ ပြန်လည်သုံးသပ်ဖို့ကောင်း နေပြန်တယ်။ ကိုယ်ကကောင်းကျိုးပြုလိုက်တာတွေ လည်းရှိမှာပေါ့၊ ကိုယ်က မကောင်းကျိုးပြုလိုက်တာတွေ လည်းရှိမှာပေါ့။ ကိုယ့်ကြောင့် ကောင်းသွားတဲ့သူ တွေများနေသလား၊ ကိုယ့်ကြောင့် ဆိုးသွားတဲ့သူတွေ များနေသလား။ ဒီလို ခွဲခြမ်းစိတ်ဖြာ ကြည့်လိုက်ရင်တော့ ကိုယ်ကိုယ်တိုင်က ရှိမှကောင်းမယ့်သူလား၊ မရှိမှကောင်း မယ့်သူလား ဆိုတဲ့အဖြေကို အနီးစပ်ဆုံးခန့်မှန်းလို့ ရနိုင်မယ်ထင်တယ်။
ရှိတာ၊ မရှိတာကတော့ထားပါတော့။ ကောင်းတာ တွေဆိုရင် ရှိလေလေကောင်းလေ။ မကောင်းတာတွေ ဆိုရင် မရှိလေလေကောင်းလေ။ ကောင်းအောင်ကြိုးစား နေကြရမှာက ကိုယ်စီကိုယ်စီရဲ့တာဝန်ပါပဲ။
မရှိတာထက် မသိတာခက်သတဲ့။ ခက်တာက သိခြင်း၊ မသိခြင်းဆိုတဲ့နယ်ပယ်နှစ်ခုမှာ သိနေတဲ့သူအတွက် ကတော့ ဘယ်ဟာကသိခြင်း၊ ဘယ်ဟာကမသိခြင်း၊ ဘယ်သူက သိတဲ့သူ၊ ဘယ်သူကမသိတဲ့သူဆိုပြီးတော့ သေသေချာချာ ကျကျနန ခွဲခြားသိမြင်နိုင်ပေမယ့် မသိတဲ့သူအတွက်ကျတော့ ကိုယ့်ကိုယ်ကိုယ်တောင်မှ သိတဲ့သူလား၊ မသိတဲ့သူလားဆိုတာကို ခွဲခြားနိုင်ဖို့ ခက်နေတယ်။ ကိစ္စတစ်ခု၊ ကဏ္ဍတစ်ခုနဲ့ပတ်သက်ပြီး တော့ ကိုယ်က ဘာမှသိပ်မသိသေးဘူးဆိုပါတော့။ ဒါပေ မယ့် ကိုယ့်ကိုယ်ကိုယ်ကျတော့ သိနေတယ်လို့ ထင်နေ တယ်။ တတ်သိနားလည်သူတစ်ယောက်အဖြစ် ခံယူ ထားမိလျက်သားဖြစ်နေတယ်။
အနည်းငယ်မျှသောအသိသည် အန္တရာယ်ရှိ၏ဆိုတဲ့ အဆိုတစ်ခုရှိတယ်။ ဟုတ်တယ်။ တချို့က လက်တစ် ဆုပ်စာလောက်ပဲ သိတဲ့အသိလေးကို များလှပြီလို့ထင် နေတယ်။ ဟုတ်လှပြီလို့ထင်နေတယ်။ ဝါးလုံးခေါင်းထဲ ကနေ ထွက်ကြည့်ဖို့ စိတ်မကူးမိဘူး။ နွားခြေရာခွက်ထဲ ကနေ ခုန်တက်မကြည့်မိဘူး။ မသိတာကို မသိတဲ့ အကြောင်း မသိတော့ ဘယ်အချိန်မှာ သိဖို့ကြိုးစားမိ ပါဦးမလဲဆိုတာကို မခန့်မှန်းတတ်အောင်ဖြစ်ရတယ်။
တချို့အရာတွေက ကိုယ်သိ၊ မသိ ခွဲဖို့လွယ်ပေမယ့် တချို့အရာတွေကတော့ အဲသလိုခွဲခြားဖို့ ခက်နေပြန် တယ်။ ဥပမာဆိုပါတော့။ သာမန်လူတစ်ယောက် အနေနဲ့ ဆရာဝန်တစ်ယောက်လို ဆေးမကုတတ်တာကို သိ တယ်။ အင်ဂျင်နီယာတစ်ယောက်လို၊ ဗိသုကာ တစ်ယောက်လို အဆင့်မြင့်အဆောက်အအုံတွေ မတည် ဆောက်နိုင်တာကိုသိတယ်။ ဒါပေမယ့် တချို့အရာ တွေကျတော့ သိခြင်း၊ မသိခြင်းကိုခွဲခြားနိုင်ဖို့ကိုက ခက် နေပြန်တယ်။ လူမှုဆက်ဆံရေးနှင့် ပတ်သက်ပြီးတော့ ကိုယ်က ဖော်ရွေကောင်းမွန်တဲ့ဆက်ဆံရေးမျိုးရှိတဲ့ သူလား မရှိတဲ့သူလားဆိုတာကို ကိုယ်ကိုယ်တိုင်က သိဖို့ ခက်နေတယ်။ ကိုယ့်ကိုယ်ကိုယ် ဖော်ရွေတဲ့သူတစ် ယောက်လို့ထင်နေပေမယ့် ဘေးပတ်ဝန်းကျင်ကကျ တော့ အဲသလိုမမြင်တာမျိုးလည်းရှိနေနိုင်တယ်။ ဒီလို ပါပဲ။ စားမှု၊ သွားမှု၊ နေမှု၊ ထိုင်မှု အစုစုတို့မှာ ကိုယ်က တတ်သိနားလည်တဲ့သူလား၊ မသိနားမလည်တဲ့သူလား ဆိုတာကို ခွဲခြားဖို့ကိုက ခက်နေတယ်။ နားလည် တတ် ကျွမ်းလှပါပြီလို့ ကိုယ့်ကိုယ်ကိုယ်ထင်နေမိပေမယ့် တချို့ပြဿနာ လေးတွေကိုတောင်မှ ပြေလည်အောင် မဖြေရှင်းနိုင်တာမျိုးရှိနေပြန်တယ်။ ဒီတော့ သိလှပြီဆိုတဲ့ အထင်ဟာလည်း သိပ်တော့ မဟန်သေးဘူးလို့ ယူဆရမယ့်သဘောရှိလာပြန်တယ်။
ဒီနေရာမှာ ပြောစရာရှိတာက ကိုယ့်ကိုယ်ကိုယ် သိသူ လား၊ မသိသူလားဆိုတာကို သေသေချာချာ ခွဲနိုင်ဖို့ ခက်နေတယ်ဆိုတာကိုပဲ။ ဒီအကြောင်းအရာကို သိပေမယ့် ဟိုအကြောင်းအရာကိုတော့ သိချင်မှသိမယ်။ ဒီကိစ္စကို ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို သိနေပေ မယ့် တခြားကိစ္စနဲ့ပတ်သက်ရင်တော့ ဘယ်လိုလုပ် ရမယ်ဆိုတာကို သိချင်မှသိလိမ့်မယ်။ ဘက်စုံထူးချွန် ဆုတွေ အကြိမ်ကြိမ်ရခဲ့သူတွေ အများကြီးရှိနေမှာ ဖြစ်ပေမယ့် တကယ့်လက်တွေ့နယ်ပယ်မှာတော့ ဘက်စုံ ကဏ္ဍစုံမှာ တော်နေ တတ်နေ ထူးချွန်နေတဲ့ သူဆိုတာမျိုးက တော်တော်ကိုရှားလိမ့်မယ် ထင်တယ်။ စွယ်စုံရ ပုဂ္ဂိုလ်ကြီးတွေရှိပေမယ့် သူတို့နားမလည်တဲ့အလုပ် တွေ၊ သူတို့မသိတဲ့အဖြေတွေလည်း ရှိဦးမှာ ဖြစ်ပါ တယ်။ မသိတာမရှိဆိုတဲ့ မကာရလောပအကျော်၊ မတစ်လုံးကျေပုဂ္ဂိုလ်ကျော်ကြီးများပင်လျှင် မသိနိုင် ခဲ့တဲ့အရာတွေက ရှိနေဦးမှာပါပဲ။
ဒီတော့ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်သိတဲ့အပိုင်း၊ ကိုယ် သိတဲ့နယ်ပယ်ရှိသလို၊ ကိုယ်မသိတဲ့အပိုင်း၊ ကိုယ်မကျွမ်းကျင်တဲ့ အပိုင်းဆိုတာတွေလည်း ရှိနေတယ်ဆိုတာကို တော့ လက်ခံထားမှ ဖြစ်လိမ့်မယ်ထင်တယ်။ အရာရာမှာ ကိုယ်သာအသိ၊ ကိုယ်သာအတတ်လို့ ခံယူလိုက်မိပြီ ဆိုရင်တော့ အဲဒီလူတစ်ယောက်ဟာ သူကျင်လည်ရာ အသိုင်းအဝိုင်းမှာ လူ့ခွစာတစ်ယောက်အနေနဲ့ဖြစ် နေလိမ့်မယ်ထင်တယ်။ ဟုတ်တယ်။ တချို့လူတွေက ဒီကိစ္စဆိုလည်း သူအကုန်သိသတဲ့။ ဟိုကိစ္စကျပြန် တော့လည်း အားလုံးသူသိနေတာပဲတဲ့။ သူမသိတာဆို လို့ ဘာမှမရှိဘူးတဲ့။ ဒီလိုကျတော့ နည်းနည်းတော့ လွန်သွားပြီလို့ ပြောရတော့မယ်။
တကယ်တော့ ကြာလာလေလေ ကိုယ်မသိသေးတဲ့ အရာတွေက များလာလေလေဆိုတာကို သေသေချာချာ လေ့လာကြည့်မှ သိကြရတာပါ။ တတ်သိနားလည်တဲ့ ပညာရှင်ဆိုတဲ့သူတွေတောင်မှ သူ့နယ်ပယ်နဲ့သူပဲ သိနိုင် နားလည်နိုင်ကြတာပါ။ ဆရာဝန်ဆိုပေမယ့် ရောဂါအားလုံးကို ဘယ်လိုကုရမယ်ဆိုတာကို မသိနိုင်ပါဘူး။ အထွေထွေကုတဲ့သူက အထွေထွေပဲသိမယ်။ အထူးကုတွေလိုမသိနိုင်ဘူး။ အထူးကုမှာလည်း ကလေး အထူးကုက ကလေးကိုပဲ ကုနိုင်မယ်။ အရိုးအကြော အထူးကုက အရိုးအကြောနဲ့ပတ်သက်တာကိုပဲ ကောင်း ကောင်း သိနိုင်မယ်။ မျက်စိတို့၊ နား၊ နှာခေါင်း၊ လည် ချောင်းတို့ကုတဲ့ အထူးကုကလည်း မျက်စိတို့၊ နား၊နှာခေါင်း၊ လည်ချောင်းတို့နဲ့ ပတ်သက်တာတွေကိုသာ ကောင်းကောင်းသိနိုင်လိမ့်မယ်။ တခြားဟာတွေ အသေးစိတ် သူမသိနိုင်ဘူး။ အပေါ်ယံအကြမ်းဖျင်း ယေဘုယျသဘောလောက်ကိုသာ သိနိုင်ပါလိမ့်မယ်။
အင်ဂျင်နီယာဆိုပေမယ့် အင်ဂျင်နီယာဘာသာရပ် တွေကို အကုန်လုံးနားလည်တာ မဟုတ်ပါဘူး။ အကုန် လုံး သိနေတာမဟုတ်ပါဘူး။ သူ့မှာလည်း လိုင်းတွေက အမျိုးမျိုးကွဲနေတယ်။ ဗိသုကာအင်ဂျင်နီယာ၊ မြို့ပြ အင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ လျှပ်စစ်အင်ဂျင် နီယာ၊ သတ္တုတွင်းအင်ဂျင်နီယာ၊ ချည်မျှနှင့် အထည် အင်ဂျင်နီယာ စသည်စသည်အားဖြင့် သူ့နယ်ပယ်နဲ့သူ သီးခြားစီရှိနေကြတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ် သေးပါဘူး။ စက်မှုအင်ဂျင်နီယာဆိုတာနဲ့ စက်မှုနဲ့ ပတ်သက်တာကို အကုန်မသိသေးပါဘူး။ အဆင့်မြင့် ပညာပိုင်းကို ကူးလာလေလေ သူကဘယ်အပိုင်းကို အထူးပြုလေ့လာထားသလဲ၊ သူကဘယ်ကဏ္ဍကို အထူး ပြုသင်ယူထားသလဲ ဆိုတာကိုမူတည်ပြီးတော့ သူသိ တဲ့နယ်ပယ်က သတ်သတ်ကွဲသွားပြန်တယ်။ အဆင့် ထပ်မြင့်လေလေ၊ အသေးစိတ်သွားရလေလေ။ ဒီဘာသာ ကိုပဲ ပါရဂူမြောက် လေ့လာထားတဲ့သူချင်းအတူတူ ထားဦးတော့ ကိုယ်လေ့လာထားတဲ့နယ်ပယ်၊ ကိုယ် သုတေသနပြုထားတဲ့ နယ်ပယ်အလိုက်သာ ပါရဂူ မြောက် တတ်သိနားလည်တာ ဖြစ်ပါတယ်။ တခြားသူ သုတေသနပြုထားတဲ့ အပိုင်းမှာ သက်ဆိုင်ရာပုဂ္ဂိုလ် လောက် သိမှာမဟုတ်ပါဘူး။
သိခြင်း၊ မသိခြင်းဆိုတဲ့နယ်ပယ်မှာ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်နယ်ပယ်အလိုက်သာ သိနိုင်တာက သဘာဝကျ တဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါကိုတော်လှန်ပြီးတော့ အရာရာမှာ ငါသိငါတတ်လုပ်လိုက်ရင်တော့ အားလုံး တလွဲတွေဖြစ်ကုန်မှာပါပဲ။ ဒါပေမယ့် ခက်တာက ကိုယ့် ကိုယ်ကိုယ် သိမှန်း၊ မသိမှန်း မခွဲခြားနိုင်တဲ့ကိစ္စပါ။ မသိတာကို မသိတဲ့အကြောင်း သိလာပြီဆိုရင် ဒါက ပြဿနာမရှိဘူး။ မသိတော့ သိတဲ့သူဆီချဉ်းကပ်ပြီးတော့ သိအောင်မေးလို့ရတယ်၊ တတ်အောင်သင်လို့ရတယ်။
မသိတာကို မသိကြောင်းမသိသေးတာထက် သိတယ် လို့ထင်သွားရင်တော့ ဒါက ပြဿနာတစ်ခု ဖြစ်နေပါပြီ။ ကိုယ်မသိတာကို တတ်သိနားလည်တယ်လို့ထင်၊ ထင်တဲ့အဆင့်မှာတင်ရပ်မနေဘဲနဲ့ ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလားဆိုတဲ့ အချက်တွေနဲ့ မြင်မြင်သမျှ ဤ လောကကို ဩဝါဒတွေ ပေးနေပြန်ရင်တော့ လူတွေ အတွက် အနေခက်ကုန်စရာတွေဖြစ်လာလိမ့်မယ်။
မရှိတာကို ရှိအောင်လုပ်မယ်။ တဖြည်းဖြည်းတော့ ရှိလာလိမ့်မယ်။ မသိတာကို သိအောင်လုပ်မယ်။ တဖြည်းဖြည်းတော့ သိလာပါလိမ့်မယ်။ ရှိအောင်မလုပ် တာ၊ သိအောင်မလုပ်တာတွေကျတော့ တော်တော်ကို ခက်ပါတယ်တဲ့။
မရှိတာက မရှိမှန်းသိသာတယ်။ မသိတာကျတော့ သိမှန်းမသိမှန်း မသိသာတော့ ခက် နေပြန်တယ်။ မသိမှန်းကိုမသိတော့ သိအောင်မလုပ်ဖြစ် တော့ဘူး။
သိအောင်မလုပ်တာပြဿနာရှိပါတယ်။ ပိုပြီးအသေး စိတ်အောင်ပြောရရင်တော့ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေကို သိအောင်မလုပ်တာက သိပ်ပြီး ပြဿနာမရှိသေးပေမယ့် ကိုယ်နဲ့ဆိုင်တာတွေကို သိအောင် မလုပ်တာကျတော့ နည်းနည်း ပြဿနာရှိလာတယ်။
မသိမှန်းတော့သိတယ်။ သိအောင်မလုပ်ချင်သေးဘူး လားရတယ်၊ ပြဿနာသိပ်မရှိသေးဘူး။ ကိုယ်မသိ သေးတဲ့နယ်ပယ်ကို ဇွတ်တိုးမဝင်နဲ့ပေါ့။ တစ်ခါတစ်ခါ ကျတော့ မသိလို့လုပ်လိုက်တဲ့ အရာလေးတွေက ကိုယ့်ကို ဒုက္ခအကြီးအကျယ်ပေးတတ်ပါတယ်။ ဘရိတ်လေးနဲ့ လီဗာလေးကို မှားနင်းလိုက်မိလို့ ဒုက္ခရောက်သွားတဲ့ သူတွေ အများကြီး။ ဘရိတ်နဲ့လီဗာ မှားနင်းမိတဲ့ ကားပေါ်မှာ ကိုယ်တစ်ယောက်တည်း ရှိနေတာဆိုရင် တော့ တော်သေးတာပေါ့။ ကိုယ်မှားနင်းလိုက်မိတဲ့ကား ကြီးက ခရီးသည်တင်ကားကြီး ဖြစ်နေရင်တော့ ကိုယ်မသိ လို့ လုပ်လိုက်တဲ့ဟာလေး တစ်ခုကြောင့် ဒုက္ခရောက်သွား မယ့်သူတွေက အများကြီးဖြစ်နေမှာပါ။
မရှိတာထက် မသိတာကခက်သတဲ့။ မသိတာထက် မလုပ်တာကခက်သတဲ့။ ဒါဆိုရင် မလုပ်တာထက် ခက် တဲ့အရာကော ရှိနိုင်သေးသလားဆိုတာကို စဉ်းစားစရာ ရှိလာတယ်။ မရှိတာကို ရှိအောင်မလုပ်သေးဘူး။ မသိ တာကို သိအောင်မလုပ်သေးဘူး။ ဟုတ်ပြီ။ မသိတာ ကို သိတယ်ထင်ပြီး လျှောက်လုပ်လိုက်ရင်ကော ပိုမခက်ပေဘူးလားလို့ စဉ်းစားစရာရှိလာပြန်တယ်။
ကိုယ်က ကားမမောင်းတတ်ဘူး။ ဒါပေမယ့် မောင်းတတ် တယ်ထင်ပြီး တက်မောင်းလိုက်ရင် ဟိုတိုက် ဒီတိုက်နဲ့ အခက်တွေတွေ့သွားနိုင်တယ်။ ကိုယ်က ဆေးမကုတတ် ဘူး။ ဒါပေမယ့် မကုတတ်တာကို မကုတတ်မှန်း မသိဘဲနဲ့ အပ်တစ်ချောင်းကိုင်ပြီး ဆေးလိုက်ထိုးနေရင်တော့ ဆေး ထိုးမှားပြီး လူနာတွေ အသက်ပါဆုံးရှုံးသွားနိုင်ပါတယ်။ ကိုယ်က ဆောက်လုပ်ရေးပညာ မတတ်ဘူး။ ဒါပေမယ့် တတ်တယ်ထင်ပြီး အဆောက်အအုံဒီဇိုင်းတွေ လျှောက်ဆွဲ လိုက်တယ်။ အဲဒီအဆောက်အအုံ ပြိုကျတဲ့တစ်နေ့ ဒုက္ခ ရောက်ကုန်တယ်။ ဒီတော့ မရှိတာတို့၊ မသိတာတို့၊ မလုပ် တာတို့ထက် မသိဘဲနဲ့လျှောက်လုပ်တာက ပိုခက်သလို ပိုပြီးတော့လည်း အန္တရာယ်ကြီးတယ်လို့ မြင်မိပါတယ်။
မသိတဲ့သူက တောထဲက ကျောက်ဂူတစ်ခုထဲမှာနေ တယ်။ သူ့ဘာသာသိအောင် ကြိုးစားသည်ဖြစ်စေ၊ မကြိုး စားသည်ဖြစ်စေ၊ မသိလို့ ဘာမှမလုပ်ဘဲနေသည်ဖြစ်စေ၊ မသိဘဲနဲ့ ဟိုဟာလျှောက်လုပ် ဒီဟာလျှောက်လုပ်တွေ လုပ်နေသည်ဖြစ်စေ ဘာမှဖြစ်မလာနိုင်ပါဘူး။ ဘယ်သူ့ ကိုမှ ဒုက္ခမပေးနိုင်ပါဘူး။ သူ့အနားမှာ လူတစ်ယောက်၊ မိသားစုတစ်စုရှိလာပြီဆိုရင်တော့ သူလုပ်ချင်တာတွေ လျှောက်လုပ်လို့ မဖြစ်ပါဘူး။ ဘေးကလူတွေ ဒုက္ခရောက် သွားနိုင်လို့ပါ။
လောကကြီးက ရပ်နေတဲ့လောကကြီးမဟုတ်ဘူး။ ရှင်သန်နေတဲ့လောကကြီး၊ ပြောင်းလဲနေတဲ့လောကကြီး။ ရှင်သန်ပြောင်းလဲနေတဲ့လောကကြီးထဲမှာ ကျင်လည် ကျက်စားရတဲ့သူတွေအတွက် သိစရာမှတ်စရာ၊ လေ့လာ စရာတွေကလည်း အမြဲတမ်းရှိနေတယ်။ ဒီတော့ ကိုယ်နဲ့ ဆိုင်ရာဆိုင်ရာကိစ္စလေးတွေကိုတော့ သိအောင်ကြိုးစား ထားမှ အဆင်ပြေပါလိမ့်မယ်။ ကိုယ်ဟာ သိသူလား၊ မသိ သူလား၊ မသိသိအောင် မကြိုးစား၊ လုပ်လည်းမလုပ်ဆိုတဲ့ ကိန်းနဲ့ ရပ်တည်နေတဲ့သူလား၊ ဒါမှမဟုတ် မသိတာကို မသိမှန်းတောင်မှ မသိဘဲနဲ့ လျှောက်လုပ်နေခဲ့မိပြီလား ဆိုတာကို ကိုယ့်ဘာသာ အမြဲတမ်း ဆင်ခြင်သုံးသပ် သတိ ကပ်နေသင့်ပါတယ်။ အထူးသဖြင့် ကိုယ်က တစ်ယောက် တည်းနေတာမဟုတ်ဘဲ ပတ်ဝန်းကျင်နဲ့၊ အသိုင်းအဝိုင်းနဲ့ နေထိုင်တဲ့သူတစ်ဦးဖြစ်နေရင် ပိုပြီးတော့တောင်မှ ဆင်ခြင် သုံးသပ်သင့်ပါတယ်။ ဒါမှသာ မသိဘဲလုပ်လိုက်တဲ့ ကိုယ့်ရဲ့ လုပ်ရပ်တစ်ခုကြောင့် အခက်တွေ့ကြမယ့်ဘေးကနေ ကင်းဝေးစေနိုင်မှာမို့ပါ။
မျောက်အုန်းသီးရသလိုဆိုတဲ့ စကားတစ်ခုရှိပါတယ်။ အုန်းသီးကိုဘယ်လိုခွဲရမယ်ဆိုတာမသိတဲ့ မျောက်ရဲ့လက် ထဲကို အုန်းသီးရောက်သွားတော့ အပေါ်ပိုင်းကစခွဲရ မလား၊ အောက်ကနေ စဖွင့်ရမလား၊ ဘယ်ဟာနဲ့ခွဲပြီး ဘယ်လိုစားရမလဲဆိုတာမသိတော့ ဟိုနားကုတ်ခြစ်ကြည့် လိုက်၊ ဒီနားကိုက်ကြည့်လိုက်နဲ့ ချာချာလည်နေတော့တာ ပါ။ ဒါပေမယ့် ဒါကကိစ္စမရှိပါဘူး။ မျောက်လက်ထဲ အုန်းသီး ရောက်တာက သူ့ဘာသာ မခွဲတတ်၊ မစားတတ်တာပဲရှိ တယ်။ ဘယ်သူ့ကိုမှ ဒုက္ခမပေးနိုင်ပါဘူး။ မသကာရှိလှမှ အုန်းသီးနဲ့လှမ်းပစ်လိုက်လို့ ကိုယ့်မှန်ရင် နာရုံလောက်ပဲ ရှိမှာပေါ့။ တကယ်လို့များ အဲဒီမျောက်ရဲ့လက်ထဲမှာ အန္တရာယ်ရှိစေတတ်တဲ့၊ ထိလွယ် ရှလွယ် ပေါက်ကွဲလွယ် တတ်တဲ့ပစ္စည်းတစ်ခုရောက်နေရင်တော့ သူ့ပတ်ဝန်းကျင် အတွက် အရမ်းကိုအန္တရာယ်ကြီးနေပါပြီ။ ဘာကြောင့်လဲ ဆိုတော့ ဒီမျောက်က သူ့လက်ထဲကဟာကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာကို မသိဘူး။ မသိတဲ့အပြင် သူမသိ ဘူးဆိုတာကိုလည်း မသိဘူး။ အဲဒီလိုမသိဘဲနဲ့ လျှောက် လုပ်လိုက်လို့ ပွင့်ထွက်ပေါက်ကွဲကုန်မှဖြင့် အားလုံး ခက်ကုန် ရချည်ရဲ့။
ကိုယ်ကိုယ်တိုင်များ အဲဒီလိုအဖြစ်မျိုးကြုံနေရပြီလား ဆိုတာကိုလည်း ပြန်ကြည့်သင့်ပါတယ်။ ကိုယ်နဲ့သက်ဆိုင် သမျှအရာတွေကို အားလုံးမဟုတ်တောင်မှ အထိုက် အလျောက်တော့၊ တတ်နိုင်သမျှတော့ နှံ့နှံ့စပ်စပ် သိအောင် မြင်အောင်၊ နားလည်အောင် လေ့လာအားထုတ်ထားသင့် ပါတယ်။ ဒီလိုလေ့လာမှုကလည်း ဘယ်အချိန်မှာမှ ရပ်တန့် လိုက်လို့မဖြစ်ပါဘူး။ ဘ၀တစ်လျှောက်လုံး လေ့လာနေကြ ရဦးမှာပါ။ လေ့လာနိုင်မှလည်း သိနိုင်မြင်နိုင်၊ နားလည် နိုင်တဲ့သူတစ်ယောက်ဖြစ်လာမှာပါ။ ဒါမှသာ မသိခြင်း၊ မရှိခြင်းတို့ထက် ပိုခက်တဲ့ အရာတွေကြောင့် ဖြစ်ပေါ်လာ မယ့်ဘေးတွေကနေ ကင်းဝေးစေနိုင်မှာမဟုတ်ပါလား။

No comments:

Post a Comment