ပခုက္ကူ သြဂုတ် ၉
နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် ဒေါက်တာမြင့်ထွေး၊ မကွေးတိုင်းဒေသကြီး
ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ဒုတိယ၀န်ကြီး ဦးမင်းသူ တို့နှင့်အတူ
ယနေ့နံနက်ပိုင်းတွင် ပခုက္ကူမြို့နယ် ချောက်ကန်ကျေးရွာရှိ အရှေ့ချောက်ကန်ကျေးရွာ
ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးဝိလာသအား ဖူးမျှော်ကြည်ညို၍ သာသနာရေးနှင့်
ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆွေးနွေး လျှောက်ထားသည်။
ထို့နောက် နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချောင်ကန်ကျေးရွာ ကျေးရွာဘောလုံး ကွင်း၌ကျင်းပသည့်
ဒေသခံပြည်သူများနှင့် စကားဝိုင်း Peace Talk သို့ တက်ရောက်၍ ငြိမ်းချမ်းရေး၊
လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ အလုပ်အကိုင်အခွင့်အလမ်း၊ ကျန်းမာရေး၊ ပညာရေးနှင့်
လူမှုစီးပွား ဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင်
ပခုက္ကူမြို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန
အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ရောက်ရှိပြီး
ကျေးလက်ဒေသ နေ အလုပ်လက်မဲ့ ဆင်းရဲနွမ်းပါးသူများအား အခြေခံအိမ်တွင်းမှုသင်တန်း၊
အဆင့်မြင့်စက်ချုပ် သင်တန်း၊ မော်တာစက်ချုပ်သင်တန်း၊ ဧည့်ကြိုဝန်ဆောင်မှုသင်တန်း၊
အိပ်ခန်းဆောင်ဝန်ဆောင် မှုသင်တန်း၊ အစားအစာနှင့် အဖျော်ယမကာ ၀န်ဆောင်မှုသင်တန်းများ
ဖွင့်လှစ်သင်ကြားပေး နေမှုကို လှည့်လည်ကြည့်ရှုသည်။
ထိုသို့ ကြည့်ရှုစဉ်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က သင်တန်းများသို့ တက်ရောက် သင်ကြားနေကြသည့်
သင်တန်းသား၊ သင်တန်းသူများကို မိမိတို့ သင်ယူတတ်မြောက်ထား သည့် ပညာရပ်များဖြင့်
မိမိဒေသတွင် ပြန်လည်အသုံးချသွားရန် လိုအပ်ပါကြောင်း၊ သို့မှသာ မိသားစုဝင်ငွေကို
တိုးတက်စေမည့်အပြင် ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊
ထို့ကြောင့် ယခုသင်ကြားနေသည့် ဘာသာရပ်အလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ
သင်ကြားတတ်မြောက်သွားရန် လိုအပ်ပါကြောင်း၊ မရှင်းလင်းသည့် အချက်များရှိပါကလည်း
ဆရာ၊ ဆရာမများထံတွင် မိမိနားလည်သဘောပေါက်သည်အထိ သင်ကြားသင်ယူသွားရမည် ဖြစ်ကြောင်း
အားပေးစကားပြောကြားသည်။
အဆိုပါ
သင်တန်းကျောင်းကို ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ
စက်မှုလက်မှု၊ အိမ်တွင်းမှုကျောင်းဝန်ထမ်း၊ အထည်ချုပ်စက်ရုံဝန်ထမ်း၊ ဟိုတယ် ၀န်ထမ်း
အပါအ၀င် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၆၂၃ ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း
သိရသည်။
ယင်းနောက် နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျောင်းဆောင်အတွင်း ခင်းကျင်း ပြသထားသည့်
ပခုက္ကူစက်မှုဇုန်မှ စိန်စိုးစံကုမ္ပဏီလီမီတက်၏ သုံးရာသီပရိဘောဂစက်ရုံထုတ်
ပရိဘောဂပစ္စည်းများကို ကြည့်ရှုအားပေးသည်။
အဆိုပါ ပရိဘောဂစက်ရုံကို
ပြည်တွင်းလုပ်သားများအား ကျွမ်းကျင်သော အသက်မွေး ၀မ်းကြောင်းနှင့်
အလုပ်အကိုင်ပေးနိုင်ရန်၊ စွန့်ပစ်ပစ္စည်းမှ တန်ဖိုးမြင့်ထုတ်ကုန် ဆန်းသစ်တီထွင်
နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် ဖွင့်လှစ်ခဲ့ပြီး
လုပ်သား အင်အား ၁၂၂ ဦးဖြင့် ပရိဘောဂအချောထည်များကို ထုတ်လုပ်လျက်ရှိသည်။
ညနေပိုင်းတွင်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မန္တလေးတိုင်းဒေသကြီး ကျောက်
ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်ခြေရှိ
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းစိုက်ပျိုးရေးခြံတွင် ဖွင့်လှစ်ထား သည့်
အခမဲ့ကွန်ပျူတာသင်တန်းကျောင်း၌ ဒေသခံလူငယ်များအား ကွန်ပျူတာပညာရပ်များ
သင်ကြားပေးနေမှုကို ကြည့်ရှုအားပေးသည်။
ထိုသို့
ကြည့်ရှုအားပေးစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က သင်တန်းသားများ၏
သင်ကြားသင်ယူနိုင်မှုအခြေအနေကို စစ်ဆေးမေးမြန်း၍ သင်တန်းသားများအနေဖြင့် သင်ကြား
ပေးသည့် ဘာသာရပ်များကို ကျွမ်းကျင်စွာတတ်မြောက်ရန် လေ့ကျင့်သင်ကြားသွားရမည့်
ဖြစ်ကြောင်း၊ မိမိတို့ သင်ယူတတ်မြောက်သည့် ဘာသာရပ်ကိုလည်း ကျွမ်းကျင်စွာဖြင့်
ပြန်လည် အသုံးချခြင်းဖြင့် ဒေသအကျိုးနှင့် နိုင်ငံအကျိုးကို ထမ်းဆောင်နိုင်မည်
ဖြစ်ပါကြောင်း အားပေး စကားပြောကြားသည်။
အဆိုပါ
ကွန်ပျူတာသင်တန်းကျောင်းကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၇ရက်တွင်
စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်း အကြိမ်အရေအတွက် ၂ ကြိမ်ဖွင့်လှစ်ခဲ့၍ သင်တန်းသား ၁၇၄
ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့ ကာ ယခု တတိယအကြိမ်တွင် သင်တန်းသား ၉၆ ဦး
တက်ရောက်လျက်ရှိကြောင်း သိရသည်။
Ref;Myanmar State
Counsellor Office

No comments:
Post a Comment