နေပြည်တော် သြဂုတ် ၃
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမြင့်ထွေးသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E.
Mrs Tone Tinnes ဦးဆောင်သော UNOPS အဖွဲ့အပါအဝင် စစ်တွေ
အထွေထွေရောဂါကုဆေးရုံကြီးအတွက် ရေရှည်စီမံကိန်း
ရေးဆွဲအကောင်အထည်ဖော်ရေးအဖွဲ့အား ယမန်နေ့ ညနေပိုင်းတွင်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် စစ်တွေအထွေထွေရောဂါကု ဆေးရုံကြီးအတွက် ရေရှည်စီမံကိန်း
ရေးဆွဲအကောင် အထည်ဖော်ရေးအဖွဲ့သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ
တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ မြေပြင် ကွင်းဆင်း၍လေ့လာသုံးသပ်ပြီး
ကျွမ်းကျင်ပညာရှင်များမှ ရေးဆွဲထားသော စစ်တွေ အထွေထွေ ရောဂါကုဆေးရုံကြီး
အဆင့်မြှင့်တင်ရေး ရေရှည်စီမံကိန်း (A master plan for Sittwe General
Hospital - June 2018) နှင့် ပတ်သက်သည့် အချက်အလက်များကို UNOPS အဖွဲ့မှ
အခြေခံ အဆောက် အအုံအင်ဂျင်နီယာ ဦးကျော်ဝင်းမော်က တင်ပြရာတွင်
စစ်တွေအထွေထွေရောဂါကုဆေးရုံကြီးကို အဆင့်မြှင့်တင်ခြင်းမှ တဆင့်
တန်းတူညီမျှမှုရှိသော၊ လူတန်းစားမရွေး အားလုံးလက်လှမ်းမှီနိုင်သော
ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိနိုင်ခြင်းဖြင့်
ရခိုင်ပြည်နယ်၏ဖွံ့ဖြိုးတိုးတက်မှုပေါ် ကောင်းမွန်သည့် အကျိုးသက်ရောက်မှု
ရရှိစေနိုင်မည်ဖြစ်ကြောင်း။
ဆေးရုံကြီးအတွက် ရေရှည်စီမံကိန်းကို
ဆေးရုံကြီး၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများကို ထိခိုက် ခြင်း
မရှိစေရန်၊ သဘာဝဘေးအန္တရာယ်များဒဏ်ကို ခံနိုင်ရည်ရှိ၍ လုံခြုံဘေးကင်းပြီး
ရေရှည် တည်တံ့ စေရန်၊ ပြည်သူလူထုအတွက်
ကျန်းမာရေးဝန်ဆောင်မှုအမျိုးအစားအစုံအလင်ကို အဆင်ပြေချောမွေ့စွာ
ပေးအပ်နိုင်မည့် ခေတ်မီအခြေခံအဆောက်အဦဖြစ်စေရန် စသည့်အချက်များကို
ထည့်သွင်းစဉ်းစားကာ ရေးဆွဲခဲ့ခြင်းဖြစ်ပါကြောင်း၊
ဆေးရုံကြီး အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို လုပ်ဆောင်ရာတွင် ပြင်ပလူနာဌာန၊ လူနာဆောင်များ၊ ခွဲစိတ်ခန်းများ၊ ဓာတ်ခွဲခန်းများ၊ အထောက်အကူပြုဌာနများ၊ လူနာစောင့်များ နားနေရန်နေရာများ၊ ဝန်ထမ်းအိမ်ရာများ စသည်တို့ကို အဆင့်လိုက်၊ အပိုင်းလိုက်အနေဖြင့် အဆင့် (၃)ဆင့်ဖြင့် တည်ဆောက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ခန့်မှန်းကုန်ကျစရိတ် စုစုပေါင်း အမေရိကန်ဒေါ်လာ (၅၆) သန်းခန့် ကုန်ကျ မည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E. Mrs Tone Tinnes က
စစ်တွေအထွေထွေရောဂါကု ဆေးရုံကြီး
ရေရှည်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးအဖွဲ့သည် ကနဦးမွမ်းမံပြင်ဆင်
တည်ဆောက်ရေးလုပ်ငန်းများအတွက် 3MDG ရန်ပုံငွေအဖွဲ့မှ အမေရိကန် ဒေါ်လာ (၁ ဒသမ
၃)သန်းကို ရရှိထားပြီးဖြစ်ကြောင်း၊ ဆက်လက်၍ အလှူရှင်များထံမှ
ရန်ပုံငွေများတိုးတက်ရရှိရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ပြောကြားသည်။
ဆက်လက်၍ပြည်ထောင်စုဝန်ကြီးက အနာဂတ်တွင် စစ်တွေဆေးရုံကြီးကို သင်ကြားရေးဆေးရုံကြီးအဖြစ် သတ်မှတ်အသုံးပြုနိုင်ရန်အတွက် အဆင့်မြှင့်တင်တည်ဆောက်ရာတွင် စာသင်ခန်းများ၊ အစည်းအဝေး ခန်းများ ထည့်သွင်းတည်ဆောက်သွားစေလိုကြောင်း၊
ယခုတင်ပြလာသော (Master plan) ကို ယေဘုယျအားဖြင့် သဘောတူပြီး ဝန်ကြီးဌာနမှ နည်းပညာ ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် ဆန်းစစ်သုံးသပ်ကာ အမြန်ဆုံးအတည်ပြု ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း၊ Master plan အား အတည်ပြုပြီးပါက ဆောက်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော် ရန်ပုံငွေမှလည်း သင့်တင့်သော အချိုးအစား ထည့်ဝင်နိုင်ရေးဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ
သံအမတ်ကြီး H.E. Mrs Tone Tinnes က ပြည်ထောင်စု ဝန်ကြီးအား စစ်တွေ
အထွေထွေရောဂါကုဆေးရုံကြီး အဆင့်မြှင့်တင်ရေး ရေရှည်စီမံကိန်း (Master Plan)
ကိုပေးအပ်ခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)


No comments:
Post a Comment