နေပြည်တော်၊ ဇူလိုင် ၃၀
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်
ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၁၈) ကို ယနေ့
မွန်းလွဲ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင်အစည်းအဝေးခန်းမ၌
ကျင်းပသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
ဦးတီခွန်မြတ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး၌
ကော်မတီလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှု၊ အခက်အခဲနှင့် အားနည်းချက်များကို
ဝိုင်းဝန်းဆွေးနွေးကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ ကော်မတီများအချင်းချင်း ချိတ်ဆက်ပြီး
မိမိတို့၏ ကော်မတီလုပ်ငန်းများကို ပိုမိုအောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ ယခုညှိနှိုင်း
အစည်းအဝေးတွင် လွှတ်တော် အစည်းအဝေး ရပ်နားထားစဉ်ကာလအတွင်း လွှတ်တော်၏ ဆောင်ရွက်ချက်များ၊
ကျင်းပလျက်ရှိသည့် လွှတ်တော်ပုံမှန်အစည်းအဝေး များတွင် ဆောင်ရွက်သွားရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍
အသိပေးတင်ပြလိုသည်များ ရှိပါကြောင်း၊ လွှတ်တော် ကော်မတီများသည် လွှတ်တော်၏ ကျောရိုးတစ်ခု
ဖြစ်သည်နှင့်အညီ အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသဖြင့် လွှတ်တော် ကော်မတီများ၏ အခန်းကဏ္ဍသည်
လွန်စွာအရေးကြီးပါကြောင်း၊ ထို့ကြောင့် လွှတ်တော်၏ စွမ်းဆောင်ရည် တစ်နေ့ထက် တစ်နေ့ အရည်အသွေး
ပိုမိုမြင့်မားလာရေးအတွက် လွှတ်တော်ကော်မတီများအားလုံးက စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်ဖြင့်
ဝိုင်းဝန်းဆွေးနွေးကြရန်လိုအပ်ပြီး တိုင်းပြည်၏ အရွေ့ကိုအင်တိုက်အားတိုက် ဆောင်ရွက်သွားကြရန်
လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသည့်
ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက သက်ဆိုင်ရာ ကော်မတီများအလိုက် ဆောင်ရွက်လျက်ရှိသည့်
ဥပဒေကြမ်းများ၊ တိုင်ကြားစာများ၊ အစီရင်ခံစာပါ တွေ့ရှိချက်များနှင့် သုံးသပ်အကြံပြု
ဆွေးနွေးချက်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တင်ပြချက်များအပေါ်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က သက်ဆိုင်ရာကော်မတီများအနေဖြင့် ကဏ္ဍ အလိုက် ဆောင်ရွက်သွားရမည့်
ကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်သွားရမည့် ကိစ္စရပ်များနှင့် ပြင်ဆင်ဆောင်ရွက် သွားရမည့်
လုပ်ငန်းများအား ရှင်းလင်းပြောကြား၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး
နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊
ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ
တက်ရောက်ကြသည်။
(သတင်းစဉ်)


No comments:
Post a Comment