Tuesday, July 31, 2018

၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော် ဇူလိုင် ၃၀
၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုလွှတ်တော် (D-ဆောင်)၊ ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုနှစ်သည် ဘဏ္ဍာရေးနှစ်အသစ် စတင်အသုံးပြုမည့် နှစ်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေ အတည်ပြုပြီးမှ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်က ပြန်လည်အတည်ပြုရမည် ဖြစ်သည့် အတွက် အချိန်လုံလုံ လောက်လောက်ရရန်လိုပါကြောင်း၊ စိစစ်ရေး ပူးပေါင်းကော်မတီများက အချိန်မီပေးနိုင်မှသာ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် ဥပဒေကြမ်းပူးပေါင်းကော်မတီများက လွှတ်တော်ကိုအချိန်မီတင်သွင်းနိုင်ပြီး လွှတ်တော်တွင်ဆွေးနွေးနိုင်မည် ဖြစ်ပါကြောင်း၊ လွှတ်တော်တွင် ဘတ်ဂျက်နှင့်ပတ်သက်၍ အချိန်ပြည့်ပြည့်စုံစုံ ဆွေးနွေး နိုင်ရန် အရေးကြီးသည့်အတွက် စိစစ်ရေးပူးပေါင်းအဖွဲ့ကို (၁၇)ဖွဲ့ အစား အဖွဲ့ (၂၀) ဖွဲ့ သို့ တိုးချဲ့ဖွဲ့စည်းထားကြောင်း၊ ဘတ်ဂျက်စိစစ်သည့်နေရာတွင် လွှတ်တော်က သေသေချာချာ လေ့လာစိစစ်သည့်အတွက် နိုင်ငံတော်၏ ငွေကြေးများ အလဟသမဖြစ်ဘဲ များစွာအကျိုးရှိသည်ကို သိရှိပါကြောင်း၊ ယခုနှစ်တွင်ဒီနှစ်မှာဘတ်ဂျက်ကို အနည်းဆုံးသုံးစွဲမှုထက် ထိထိရောက်ရောက် မှန်မှန်ကန်ကန် အများအကျိုးရှိအောင် သုံးစွဲမှုကိုအဓိကထားစေလိုကြောင်း၊ ငွေကြေးသက်သာ စေလိုမှုဖြင့် အဆင့်အတန်းမမီသော စီမံကိန်းများကို အကောင်အထည်ဖော်ပါက ရေရှည်တွင် နိုင်ငံတော်အတွက် အကျိုးမရှိပါကြောင်း၊ ငွေကြေးနည်းနည်းသုံးစွဲခြင်းသည် အဓိကမဟုတ်ပါကြောင်း၊ ရှိသည့် ငွေကြေးကို နိုင်ငံအတွက် အကျိုးဖြစ်အောင် အဓိကထားဆောင်ရွက်စေလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း လမ်းညွှန်မှာကြား ထားပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့တာဝန်ယူစိစစ်ရမည့် သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများအလိုက် ပြည့်ပြည့်စုံစုံစိစစ်ပြီး သတ်မှတ်ချိန်အတွင်း အစီရင်ခံစာတင်သွင်းနိုင်အောင် ကြိုးစားကြစေ လိုကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးအေးသာအောင်က မိမိတို့ပြည်သူ့ ငွေစာရင်းပူးပေါင်း ကော်မတီ၏ ပန်ကြားလွှာပါအကြံပြုချက်များနှင့်အညီ စိစစ်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းသွားမည် ဖြစ်ကြောင်း၊ သတ်မှတ်ရက်များနှင့်အညီ စိစစ်ရေးပူးပေါင်းအဖွဲ့များမှ အစီရင်ခံစာများပေးပို့ကြရန် လိုအပ်ကြောင်းဖြည့်စွက် ပြောကြားသည်။
အစည်းအဝေးသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ စိစစ်ရေးပူးပေါင်းအဖွဲ့(၂၀)ဖွဲ့မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment