Thursday, July 26, 2018

ပြည်တွင်းပြည်ပ သတင်းမီဒီယာများ တောင်ပြိုလက်ဝဲ ကြိုဆိုလက်ခံရေးစခန်း၌ သတင်းရယူ


မောင်တော ဇူလိုင် ၂၆
ပြည်တွင်းပြည်ပ သတင်းမီဒီယာများ ပါဝင်သော သတင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက မောင်တောခရိုင်  တောင်ပြိုလက်ဝဲမြို့  နှစ်နိုင်ငံ  နယ်စပ်တံတားသို့ မော်တော်ယာဉ်ဖြင့် သွားရောက်ကာ  တာဝန်ရှိသူများအား ဒေသအခြေအနေနှင့် ပတ်သက်၍ မေးမြန်း သတင်း ရယူကြသည်။

ယင်းမှတစ်ဆင့် တောင်ပြိုလက်ဝဲ ကြိုဆိုလက်ခံရေး စခန်းသို့ သွားရောက်ကာ   ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အဆင့်ဆင့် စီစဉ်ဆောင်ရွက်ထားမှုကို ကြည့်ရှုလေ့လာကြသည်။
ထို့နောက် သတင်းမီဒီယာအဖွဲ့သည် ပြန်လည် ဝင်ရောက်လာသူများအား စိစစ်လက်ခံရန် အသင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ NVC ကတ်ထုတ်ပေးရန် ပြင်ဆင်ထားမှုများ ၊ EID (Electronic Identification) ကတ်ပြုလုပ်ပေးရန် ပြင်ဆင်ထားမှု တို့ကို တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်း သတင်း ရယူကြသည်။
"ကျွန်တော်တို့အနေနဲ့ တောင်ပြိုလက်ဝဲ ကြိုဆိုလက်ခံရေးစခန်းကို ဇန်န၀ါရီလ ၂၃ ရက်နေ့ ကတည်းက ဖွင့်လှစ်ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ ပြန်လည် ဝင်ရောက်လာသူတွေကို NVC ကတ်ထုတ်ပေးမယ့်အပြင်  EID ကတ် ပြုလုပ်နိုင်အောင်လည်း ဆောင်ရွက်ပေးထားပါတယ်။ နေပြည်တော်၊ မန္တလေး နဲ့ ရန်ကုန်မြို့တွေမှာ ရှေ့ပြေး စမ်းသပ်ဆောင်ရွက်မယ့် EID (Electronic  Identification) ကတ်ကို ပြန်လည် လက်ခံမယ့်သူတွေကို တစ်ပါတည်း ထုတ်ပေးနိုင်အောင် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်" ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးကိုကိုသော်က ရှင်းပြသည်။
သတင်းမီဒီယာအဖွဲ့သည် တောင်ပြိုလက်ဝဲကြိုဆိုလက်ခံရေး စခန်းအတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြန်လည် ဝင်ရောက်လာမည့် သူများအတွက် လိုအပ်သော ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးရန် ပြင်ဆင်ထားမှုကို လည်းကောင်း၊  ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် ဆေးခန်းဖွင့်လှစ်ထားမှုကို လည်းကောင်း ကြည့်ရှု သတင်းရယူကြသည်။
ယင်းနောက်  သတင်းမီဒီယာအဖွဲ့သည် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းတွင် နေထိုင်ကြသူများအား သွားရောက် တွေ့ဆုံ  သတင်းရယူကြပြီး ညနေပိုင်းတွင် စစ်တွေမြို့မှ တစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြသည်။
မြင့်မောင်စိုး

No comments:

Post a Comment