နေပြည်တော် ဇူလိုင် ၃၁
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်
ယနေ့နံနက်ပိုင်းတွင် နေပြည်တော် နို့စားနွား မွေးမြူရေးခြံ၊ နို့ပေါင်းစက်ရုံနှင့်
ပေတော ခေတ်မီဥစားကြက်ခြံ စီမံကိန်းသို့ သွားရောက်ကြည့်ရှုလေ့လာသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊
သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူ၊ တာဝန်ရှိ သူများ နှင့်အတူ ယနေ့နံနက် ၈
နာရီခွဲတွင် နေပြည်တော် နို့စားနွားမွေးမြူရေးခြံနှင့် နို့ပေါင်းစက်ရုံသို့ ရောက်ရှိကြ
သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား စီမံကိန်းရှင်းလင်းဆောင်၌
မြန်မာစီပီမွေးမြူရေး ကုမ္ပဏီလီမိတက် CEO Mr. Sooksunt က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး
နည်းပညာထောက်ပံ့ရေးဌာန ဌာနမှူး ဒေါက်တာ မင်းသစ်လွင်က စီမံကိန်းဆိုင်ရာ အချက် အလက်များ၊
ယင်းစီမံကိန်းအား နိုင်ငံတော်အစိုးရ၊သက်ဆိုင်ရာ ကျေးလက်ဒေသနှင့် စီပီကုမ္ပဏီတို့ အကျိုးတူ
ပူးပေါင်းဆောင်ရွက်နေမှု၊ နို့စားနွားများ စနစ်တကျ မွေးမြူထား ရှိမှုနှင့် နို့ထုတ်လုပ်ဖြန့်ဖြူး
နိုင်မှု၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ကျောင်းသား ကျောင်း သူများ လက်တွေ့ ကွင်းဆင်းလေ့လာနိုင်ရန်
စီစဉ်ဆောင်ရွက်ပေးထားမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြန်မာစီပီမွေးမြူရေးကုမ္ပဏီလီမိတက်
ဥက္ကဋ္ဌ Mr.Wirat က စီပီ ကုမ္ပဏီအနေဖြင့် နိုင်ငံတကာတွင် ရင်းနှီးမြှုပ်နှံမှု၊ နွားနို့၊
ကြက်ဥနှင့် အသား စသည့် ထုတ်ကုန်များ ထုတ်လုပ်နေမှုနှင့် ဖြန့်ဖြူးရောင်းချမှု အခြေအနေ၊
နေပြည်တော်တွင် ဆောင်ရွက်နေသည့် နို့စားနွားမွေးမြူရေးခြံနှင့် နို့ပေါင်းစက်ရုံတွင်
အဆင့်မြင့် နည်းပညာဖြင့် နို့စားနွားများမွေးမြူထားရှိမှု၊ သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝသည့်
နွားနို့များ ထုတ် လုပ်နေမှုနှင့် ဈေးကွက်အတွင်း ဖြန့်ချိနေမှု အခြေအနေတို့ကို
Video Click ဖြင့် ရှင်းလင်း တင်ပြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည်
မွေးမြူရေးခြံအတွင်း နို့စား နွားများမွေးမြူမှုစနစ်၊ အစား အစာကျွေးမွေးမှုစနစ်၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်၊
အညစ် အကြေးစွန့်ပစ်မှုစနစ်၊ ရောဂါပိုးမွှား ကင်းစင်ရေး ဆောင်ရွက်ထားရှိမှုစနစ်နှင့် သန့်ရှင်းလတ်
ဆတ်သော နို့ထုတ်လုပ်မှုစနစ်တို့ကို လိုက်လံကြည့်ရှု လေ့လာရာ နည်းပညာထောက်ပံ့ရေး ဌာန ဌာနမှူး
ဒေါက်တာမင်းသစ်လွင်က လိုက်လံရှင်းလင်းပြသသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည်
နေပြည်တော် နို့စားနွား မွေးမြူရေးခြံ၊ နို့ပေါင်းစက်ရုံမှ တာဝန်ရှိသူများ၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ
ကျောင်း သားကျောင်းသူများနှင့်အတူ စုပေါင်း မှတ်တမ်း တင် ဓာတ်ပုံရိုက်သည်။
၂၀၁၄ ခုနှစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့်
CP Group သည် မြန်မာပြည်သူများ အာဟာရမျှတကောင်းမွန်စွာ စားသောက်နိုင်စေရန်၊ နို့စားနွားမွေးမြူရေး
သမားများ၊ မွေးမြူရေးနှင့် ကုသရေး ဆေးကျောင်းသားများအတွက် အအေးပေးစနစ်ဖြင့် နွား မွေးမြူခြင်းနှင့်
ပေါင်းတင်ပိုးသတ်နွားနို့ထုတ်လုပ်ခြင်းကို လေ့လာနိုင်ရေးအတွက် ရှေ့ပြေး သုတေသနခြံနှင့်
နို့ပေါင်းစက်ရုံတည်ဆောက်ရန် သဘောတူညီမှု ရရှိခဲ့သည်။
နိုင်ငံတော်အစိုးရသည် နို့စားနွားမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့်
နိုင်ငံတော် ၏ အသားဓာတ် အရင်းအမြစ် ကြွယ်ဝစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး
နေပြည်တော် နို့စားနွားမွေးမြူရေးခြံနှင့် နို့ပေါင်းစက်ရုံသည် ရန်ကုန်-မန္တလေး အမြန်လမ်း
၂၁၆ မိုင် ၅ ဖာလုံအနီးရှိ မြေအကျယ်ဝန်း ၃၆ ဧက ပေါ်တွင် တည်ဆောက် ထားသည်။ နေပြည်တော်
နို့စားနွားခြံကို အလုံပိတ် အအေးပေးစနစ်ဖြင့် တည်ဆောက် ထားပြီး ယင်းမွေးမြူရေးခြံတွင်
မွေးမြူထားသော နို့စားနွားများမှာ အမေရိကန်မျိုး နို့ထွက်နှုန်း အကောင်းဆုံး နွားများဖြစ်ကာ
လက်ရှိတွင် နွားကောင်ရေ ၇၈ ကောင်ရှိပြီး နို့ညှစ်နွားမ ၃၆ ကောင်ရှိရာ တစ်ကောင်လျှင်
တစ်ရက် နွားနို့ပျမ်းမျှ ၂၂ လီတာ ထွက်ရှိကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည်
တပ်ကုန်းမြို့နယ် ခရမ်းစပ် ကုန်းကျေးရွာအုပ်စု ပေတော ကျေးရွာရှိ ခေတ်မီဥစားကြက်ခြံစီမံကိန်းသို့
ရောက်ရှိကြရာ မြန်မာစီပီမွေးမြူရေးကုမ္ပဏီလီမိတက်မှ တာဝန်ရှိ သူများက ကျေးရွာရန်ပုံငွေ
စီမံကိန်း စတင် ဆောင်ရွက်မှု၊ ရန်ပုံငွေဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိက၊ ကျေးရွာနှင့်
ပြည်တွင်း ဘဏ်တို့ ပူးပေါင်း၍ ဥစားကြက်ခြံစီမံကိန်း ဆောင်ရွက်မှု၊ အကျိုးအမြတ် ခံစားရမည့်
အခြေ အနေ၊ စီမံကိန်းပြီးစီးမှုနှင့် စီမံကိန်းလုပ်ငန်းများ စတင်လည်ပတ်နိုင်မည့် အခြေအနေတို့ကို
ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သိရှိလိုသည်များကို မေးမြန်းသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်
ခေတ်မီဥစားကြက်ခြံစီမံကိန်း ရှင်း လင်းဆောင်၌ ပေတော ကျေးရွာသူ ကျေးရွာသားများနှင့်
ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ယခု စီမံကိန်းတွင် ကျေးရွာသူရွာသားများအနေဖြင့် အားလုံး
ညီညီညွတ်ညွတ် ဆောင်ရွက်ကြစေ လိုကြောင်း၊ ကျေးရွာရန်ပုံငွေကော်မတီအနေဖြင့် ဘက်လိုက်
မှုမရှိဘဲ မျှမျှတတ ဆောင် ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကျေးရွာသူ ကျေးရွာသားများအနေဖြင့်
အခက်အခဲ ပြဿနာ များကြုံတွေ့ပါက ညှိနှိုင်းတိုင်ပင်ပြီး အားလုံးပူးပေါင်း ဖြေရှင်းဆောင်ရွက်ကြရမည်ဖြစ်ပါ
ကြောင်း၊ ကျေးရွာနှင့်ကျေးရွာပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက်လည်း ၀ိုင်းဝန်း
ထိန်းသိမ်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
အရေးကြီးဆုံးမှာ ပညာရေးနှင့်ကျန်းမာရေးကဏ္ဍသည်
အရေးကြီးပါကြောင်း၊ ကလေး ငယ်များသည် ကျန်းမာရေး ကောင်းမွန်မှ ပညာကောင်းစွာသင်ယူနိုင်မည်
ဖြစ်ပါကြောင်း၊ တစ်ဘ၀လုံး ကောင်းမွန်ရန်အတွက် ပညာတတ်ရန် လိုအပ်ပါကြောင်း၊ ကလေးငယ်များ
ကျန်းမာရေးကောင်းမွန်ရန်အတွက် မိမိတို့ဒေသမှ ထွက်ရှိသည့် အာဟာရပြည့်ဝသော အစားအစာများ
ရွေးချယ်ကျွေးမွေးကြရန်နှင့် ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ရန် အတွက်လည်း အားကစား လေ့ကျင့်ခန်းများ
ပြုလုပ်ပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်
ပေတောကျေးရွာ၏ စာသင်ကျောင်းတွင် ဆရာ ဆရာမ၊ ကျောင်းသုံး ပရိဘောဂနှင့် သင်ထောက်ကူပစ္စည်းများ
လုံလောက်မှု ရှိ၊ မရှိ အခြေအနေ၊ ကျေးရွာ သူကျေးရွာ သားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊
ကျေးရွာ လျှပ်စစ်မီးရရှိမှု၊ စိုက်ပျိုးရေရရှိမှု အခြေအနေများကို မေးမြန်းပြီး လိုအပ်ချက်များကို
တာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည်
ပေတော ဥစားကြက်ခြံ တည်ဆောက်ပြီးစီးမှု အခြေ အနေများအား လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်
ပေတောကျေးရွာရှိ သီရိသုခရ တနာ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဇ၀န အား သွားရောက်ဖူးမြော်ပြီး
လှူဖွယ်ဝတ္တု ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ပေတောကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့
ရောက်ရှိကာ ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကားပြောကြားပြီး
မူလတန်းကျောင်းသားကျောင်းသူများ၏ စာဖတ်၊ ကဗျာရွတ်၊ ပုံဆွဲ၊ အဆို၊ အက စွမ်းရည် များကို
လှည့်လည်ကြည့်ရှု အားပေးသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်
ပေတောကျေးရွာရှိ ခေတ်မီ ဥစားကြက်ခြံမွေးမြူရေး စီမံကိန်းကို အစိုးရ၊ ပုဂ္ဂလိက၊ ကျေးရွာနှင့်
ပြည်တွင်းဘဏ်တို့ ပူးပေါင်း၍ အကောင်အထည်ဖော်လျက်ရှိကြောင်း၊ စီမံကိန်းကို ငွေကျပ်သိန်း
၂ သောင်း ရင်းနှီးမြှုပ်နှံ၍ ဇီဝလုံခြုံမှုရှိပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်ပေါ်စေသော
ခေတ်မီမွေးမြူရေး ခြံအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိတွင် စီမံကိန်းတစ်ခုလုံး
၏ ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ပြီး ယခုနှစ်သြဂုတ်လအတွင်း မွေးမြူရေးလုပ်ငန်းများ
စတင်နိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း၊ စီမံကိန်းတွင် မွေးမြူရေးခြံတစ်ခြံလျှင် ကြက်
အကောင်ရေ ၂၅၀၀၀ ဆန့်သည့် ဥစားကြက်မွေးမြူရေးခြံ ၃ ခြံပါဝင်ပြီး ခေတ်မီမွေးမြူရေး စက်ကရိယာများကို
အသုံးပြု၍ အလုံပိတ်စနစ်ဖြင့် မွေးမြူသော ဥစားကြက်ခြံဖြစ်ကြောင်း၊ အလိုအလျောက် အစာကျွေးစနစ်၊
အညစ်အကြေး အလိုအလျောက် စွန့်ထုတ်စနစ်၊ ကြက်ဥ အရွယ်အစားခွဲခြားမှုစနစ်နှင့် အလိုအလျောက်
ကြက်ဥပို့ဆောင် ထုပ်ပိုးစနစ်အပါအ၀င် အစာသိုလှောင်ကန်၊ အအေးခံပြား၊ ကြက်ဥကောက်စနစ်၊
လေ၀င်လေထွက်စနစ်များကို ခေတ်မီနည်းပညာ များဖြင့် အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
ပေတောဥစားကြက်ခြံ မွေးမြူရေးစီမံကိန်းမှ လုံခြုံစိတ်ချပြီး ကျန်းမာရေးနှင့်ညီညွတ်သော
အာဟာရပြည့်ဝသည့် ကြက်ဥများကို တစ်ရက်လျှင် အလုံးရေ ၆၀၀၀၀ ကျော် ဈေးကွက်အတွင်း ဖြန့်ချိရောင်းချ
နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပေတောကျေးရွာအနေဖြင့် စီမံကိန်းစတင်ချိန်မှစတင်၍
နှစ်စဉ် မြေငှားရမ်းခငွေ ကျပ်သိန်း ၆၀ ရရှိနေမည်ဖြစ်ပြီး ၁၀ နှစ်ပြည့်မြောက်ချိန်တွင်
ကြက်မွေးမြူရေး စီမံကိန်း တစ်ခုလုံးကို ကျေးရွာပိုင်အဖြစ် လွှဲပြောင်းရရှိမည်ဖြစ်ကာ
ပေတော ကျေးရွာရှိ အိမ်ထောင်စု တစ်စုချင်းစီအလိုက် အကျိုးအမြတ် ခွဲဝေခံစားခွင့်ရရှိမည်ဖြစ်ကြောင်း
သိရ သည်။
No comments:
Post a Comment