Thursday, July 26, 2018

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ စာရင်းအင်း အချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေးဗဟို ကော်မတီ အစည်းအဝေး (၁/၂၀၁၈) သို့ တက်ရောက်အမှာစကား ပြောကြား


နေပြည်တော် ဇူလိုင် ၂၆
စာရင်းအင်း အချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေးဗဟို ကော်မတီ အစည်းအဝေး (၁/၂၀၁၈) ကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ စာရင်းအင်း အချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ စာရင်းအင်း အချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေးဗဟို ကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ဦးခင်မောင်ချို၊ ဒေါက်တာသန်းမြင့်နှင့် ဦးစိုးဝင်း၊ ဒုတိယ၀န်ကြီး ဦးသာဦး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ စာရင်းအင်း ပညာရှင်များနှင့် စာရင်းအင်းဆိုင်ရာ ဖွံ့ဖြိုးမှု အမျိုးသားအဆင့် မဟာဗျူဟာ(NSDS)ကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စာရင်းအင်းဆိုင်ရာ လုပ်ငန်းအဖွဲ့မှ ခေါင်းဆောင်များ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတ က ယခင်ကစာရင်းအင်း ကော်မတီကို နိုင်ငံတော်သမ္မတရုံး အမိန့် ကြော်ငြာစာအမှတ် ၇/၂၀၁၆ ဖြင့် ဖွဲ့စည်းခဲ့ပြီး ကော်မတီ အစည်းအဝေး (၆)ကြိမ် ကျင်းပ နိုင်ခဲ့ပါကြောင်း၊ ယခုအခါ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့် ကြော်ငြာစာအမှတ် ၇၄/၂၀၁၈ ဖြင့် စာရင်းအင်း အချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီကို စာရင်းအင်း နှင့် သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးများအား ဗဟိုကော်မတီ အဖွဲ့ဝင်များအဖြစ် ပြန်လည် အဆင့်မြှင့်တင် ဖွဲ့စည်းလိုက်ပြီဖြစ်သည့်အတွက် ဖွဲ့စည်းမှုပိုမိုအားကောင်း ပြည့်စုံလာပြီဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁/၂၀၁၈ စာရင်းအင်းဥပဒေအရ ပြင်ဆင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း။
စာရင်းအင်း အချက်အလက် မှန်ကန်ရေးသည် ဖွံ့ဖြိုးပြီးနိုင်ငံများ အပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အလွန်အရေးပါပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားစာရင်းအင်းစနစ် အရည်အသွေး ပြည့်ဝမှ သာလျှင် မူဝါဒချမှတ်သူများ၊ စီမံကိန်းရေးဆွဲသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ လူမှု - စီးပွားသုတေသန ဆောင်ရွက်သူများ အားလုံးအတွက် ချမှတ်သည့် ဖွံ့ဖြိုးမှုမူဝါဒများ၊ စီမံကိန်းများ၊ စီးပွားရေး ဝန်းကျင်ကောင်းများကို ဖန်တီးနိုင် မည့်မူဝါဒများအတွက် ထည့်သွင်းစဉ်းစားနိုင်မည့် အချက်များကို ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ သယံဇာတများကို အကျိုးရှိ ထိရောက်သည့်ခွဲဝေမှုများ ဆောင်ရွက်နိုင်မည် ဖြစ်သကဲ့သို့ စီမံကိန်းများ စောင့်ကြည့် ကြီးကြပ်ခြင်းများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် မူဝါဒပြင်ဆင်ရန် ရှိသည်များကို ပိုမိုကောင်းမွန်စေရန် ပြန်လည်ပြင်ဆင်နိုင်မှုများလည်း ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊  စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်လည်း အချက်အလက်များ အပေါ် အခြေခံ၍ ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်မှသာ အရှုံးဖြစ်ပေါ်နိုင်မှုနှင့် စွန့်စားရမှု (Risk Management) တို့ကို စီမံခန့်ခွဲနိုင်မည်ဖြစ်ပါကြောင်း။
စိတ်ချယုံကြည်ကိုးစားရသည့် စာရင်းအင်းများမရှိခြင်းသည် သယံဇာတ ခွဲဝေရာတွင် လွဲမှားစေနိုင် သည့်အပြင် မူဝါဒဆုံးဖြတ်ချက်များကိုလည်း မှားယွင်းစေနိုင်သည့် အတွက် ပြည်သူများ၏ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်ပါကြောင်း၊ ထို့ကြောင့် စာရင်းအင်း အချက်အလက်များ မှန်ကန်စေရေးအတွက် လိုအပ်သည့် လူသားရင်းမြစ်ပြုစု ပျိုးထောင်ခြင်း၊ စာရင်းအင်း အချက်အလက်များ မှန်ကန်ရေးအတွက် ကွန်ရက်တည်ဆောက်ခြင်း၊ ပူးပေါင်း ဆောင်ရွက်ရေး ယန္တရား များနှင့် Statistics Literacy အား မူဝါဒအားဖြင့် အထူး အာရုံစိုက်ခြင်းနှင့်  စာရင်းအင်း ဥပဒေပြဋ္ဌာန်း သက်ရောက်မှုရှိစေရေး စသည့် အရင်းအနှီးများ စိုက်ထုတ် ဆောင်ရွက်ရန် မှာကြားလိုပါကြောင်း။
ဗဟိုကော်မတီအနေဖြင့် စာရင်းအင်းဆိုင်ရာ မူဝါဒများနှင့် အခြေခံစည်းမျဉ်းများကို ချမှတ်ပေးရမည် ဖြစ်ပါကြောင်း၊ စာရင်းအင်းဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့် မဟာဗျူဟာချမှတ်ခြင်း၊ အကောင်အထည် ဖော်စေခြင်းနှင့်  လုပ်ငန်းလမ်းညွှန်မှုများပေးခြင်း လုပ်ငန်းစဉ်များကိုလည်း ဦးဆောင်၍ လုပ်ဆောင် ကြရမည် ဖြစ်ပါကြောင်း၊ လူမှု-စီးပွား ဖွံ့ဖြိုးတိုး တက်ရေးအတွက် သန်းခေါင်စာရင်း၊ စစ်တမ်းနှင့် အခြားစာရင်းအင်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နေမှုများကို ကြီးကြပ်ခြင်း၊ လမ်းညွှန်ခြင်းနှင့် ပေါင်းစပ် ညှိနှိုင်းခြင်း စသည့် ကိစ္စရပ်များကိုလည်း လုပ်ဆောင်ပေးရမည်ဖြစ်ပါကြောင်း။
စာရင်းအင်းဥပဒေအရ စာရင်းအင်းမူဝါဒ အနှစ်ချုပ် (Statistical Policy Brief) နှင့် စာရင်းအင်းဆိုင်ရာ ဖွံ့ဖြိုးမှု အမျိုးသားအဆင့် မဟာဗျူဟာ (National Strategy for Development of Statistics-NSDS) ကို ရေးဆွဲအကောင်အထည် ဖော်ဆောင်ရန် အဓိက မဟာဗျူဟာမူဘောင် (NSDS Core Strategies) ကို ၂၀၁၆ ခုနှစ်တွင် အတည်ပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကလည်း စာရင်းအင်း အချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေးသည် နိုင်ငံအတွက် အရေးကြီးကြောင်း၊ စာရင်းအင်းဆိုင်ရာ ဖွံ့ဖြိုးမှု အမျိုးသားအဆင့် မဟာဗျူဟာ အကောင်အထည် ဖော်ရေးကို အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်းတို့ကို လမ်းညွှန်ဆွေးနွေးခဲ့ပါကြောင်း၊ စာရင်းအင်း ကဏ္ဍတိုးတက်ရေးကို ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနများ အကြားအလျားလိုက် ပူးပေါင်း ဆောင်ရွက်မှု (Horizontal Cooperation) များ ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ဒေါင်လိုက် ပူးပေါင်းဆောင်ရွက်မှု (Vertical Cooperation) မှုများကိုလည်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ NSDS ကို ပူးပေါင်းတွဲဖက် အကောင်အထည်ဖော်ဆောင်နိုင်ရန် အလျားလိုက် ပူးပေါင်း ဆောင်ရွက်မှု အနေဖြင့် စာရင်းအင်း ကဏ္ဍများ အလိုက် လုပ်ငန်း အဖွဲ့(၁၀)ဖွဲ့ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့များနှင့် NSDS Action Plan ကို Living Document အနေဖြင့်ထားရှိပြီး အသီးသီး အကောင်အထည်ဖော်ဆောင်လျက် ရှိပါကြောင်း။
သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ အနေဖြင့်လည်း သက်ဆိုင်ရာစာရင်းအင်း လုပ်ငန်းအဖွဲ့များကို အားပေးလမ်းညွှန် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဗဟို ကော်မတီအောက်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီးများ အနေဖြင့် အဖွဲ့ဝင်များအဖြစ်ပါဝင်၍ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်များတွင်လည်း ကော်မတီများ ဖွဲ့စည်းပြီး စာရင်းအင်း မှန်ကန်စေရေးနှင့် အုပ်ချုပ်မှု မှတ်တမ်းများ ကောင်းမွန်စေရေးတို့အတွက် ဗဟိုနှင့် ပေါင်းစပ်ညှိနှိုင်းကာ ဒေါင်လိုက်ပူးပေါင်းမှု (Vertical Cooperation)ကို စတင် ဦးစီးဆောင်ရွက်နေပြီဖြစ်ပါကြောင်း။
နိုင်ငံတော်သမ္မတကြီး၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင်လည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို စနစ်တကျ လုပ်ဆောင်ကြရန် တိုက်တွန်းထားပါကြောင်း၊ ထို့ကြောင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် စာရင်းအင်းကိန်းဂဏန်း မှန်ကန်ရေးသည် အရေးကြီးပါကြောင်း၊  စာရင်းအင်းဥပဒေကို ပြဋ္ဌာန်းထားပြီး စာရင်းအင်း မှန်ကန်ရေးကို ထိရောက်စွာ လုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း။
စာရင်းအင်းဥပဒေအရ ဗဟိုစာရင်းအင်းအဖွဲ့သည် စာရင်းအင်း အာဏာပိုင်အဖွဲ့ အစည်းဖြစ်သကဲ့သို့ ကော်မတီ၏ ဆောင်ရွက်ရန် တာဝန်များကို အဓိက ပံ့ပိုးမောင်းနှင်ပေးမည့် အတွင်းရေးမှူးရုံးလည်း ဖြစ်ပါကြောင်း။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အခြေခံဖြစ်သည့် စာရင်းအင်းများ ရှေ့နောက်ညီညွတ်မှု ရှိရန်၊ အချိန်မီ ရရှိရန်နှင့် ယုံကြည်ကိုးစားနိုင်သော ခိုင်မာသည့် စာရင်းအင်းများဖြစ်စေရန် လိုအပ်ပါကြောင်း၊ သို့မှသာ လက်ရှိဖြစ်ပေါ်နေသည့် စီးပွားရေးနှင့် လူမှုရေးအခြေအနေများကို ထင်ဟပ်နိုင်သည့် စာရင်းအင်း အချက်အလက်ကောင်းများ ပေါ်ထွက်လာနိုင်မည် ဖြစ်ပါကြောင်း၊  ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် လက်တွေ့ကျသည့် မူဝါဒများ ခိုင်မာအောင်ဆောင်ရွက်ရာတွင်လည်း အရည်အသွေး ရှိသည့် စာရင်းအင်းများသည် မရှိမဖြစ် အရေးပါသကဲ့သို့  ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေသည့် ကဏ္ဍများ၊ နေရာ ဒေသများနှင့် ဦးစားပေးများအဖြစ်  ရှာဖွေဖော်ထုတ်ရေးသည်လည်း အရေးကြီးပါကြောင်း။
လက်တွေ့ကျသည့် စီမံကိန်းများအတွက် မှန်ကန်သည့် စာရင်းအင်းများ အသုံးပြုနိုင်ရန် လိုအပ် သကဲ့သို့ အစိုးရဌာန အသီးသီး အနေဖြင့် နိုင်ငံ၏ စာရင်းအင်းကဏ္ဍ ပိုမို ကောင်းမွန်လာရေး တွန်းအားပေး ဆောင်ရွက်ရာတွင် ပုဂ္ဂလိကကဏ္ဍ၊ သုတေသန အဖွဲ့အစည်းများနှင့် ပညာရှင်များ၊ လူမှုအဖွဲ့အစည်းနှင့် သတင်းမီဒီယာများအားလုံး Stakeholder အဖြစ် ပူးပေါင်းပါဝင်ရန် လိုအပ်ပါကြောင်း။
စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးသည် အစိုးရ နှင့် ပြည်သူများ အကြား၊ နိုင်ငံတကာ အသိုင်းအဝိုင်းများအကြား ယုံကြည်မှုတိုးမြင့်စေနိုင် ပါကြောင်း၊ နိုင်ငံအနေဖြင့် အခြားနိုင်ငံများ နည်းတူစာရင်းအင်း နယ်ပယ်ဖွံ့ဖြိုးတိုးတက် စေရေးအတွက် စစ်တမ်း (Survey) များ ကောက်ခံရန် လိုအပ်သကဲ့သို့ ဌာနဆိုင်ရာများ၏ အုပ်ချုပ်မှုမှတ်တမ်းများ ပြည့်စုံမှန်ကန်စေရေးနှင့် အသေးစိတ်အချက်အလက်များ မှတ်တမ်းများတွင် ပါဝင်စေနိုင်ရေးသည်လည်း အရေးကြီးပါကြောင်း၊ စာရင်းအင်းများ စနစ်တကျ စုစည်းရေးသွင်း မှတ်သားခြင်း ကိစ္စရပ်ကိုအပို အလုပ်သဖွယ်  ထင်မြင်နေ တတ်သည့် အယူအဆ၊ အလေ့အကျင့်များကို ပယ်ဖျောက်၍ ဆန်းစစ်လေ့လာမှုများ ဆောင်ရွက် တတ်စေရန် စာရင်းအင်းဆိုင်ရာအသိပညာ (Statistical Literacy) ကို ဌာန ဆိုင်ရာများတွင် သာမက အများပြည်သူများနှင့် ပုဂ္ဂလိကစီးပွားရေး အဖွဲ့အစည်းများ အကြား၌ပါ ပြန့်နှံ့အောင်  ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် စာရင်းအင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို ထိရောက်စွာ အသုံးချနိုင်ရေးသည် အရေးကြီးပါကြောင်း၊ အချက်အလက်များကို မူဝါဒအဖြစ် ပြောင်းလဲနိုင်ခြင်း “From Data to Policy” ဖြစ်သည့်အတွက် ကောင်းစွာ ဖော်ထုတ်အသုံးချလျှင် စာရင်းအင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၏ ရလဒ်သည် လွန်စွာကြီးမားသည့်အတွက် ကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းအဖွဲ့များ အနေဖြင့် တက်ကြွစွာပါဝင် ဆောင်ရွက်နိုင်ကြပါစေဟု တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။ 
ထို့နောက် စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေး နွေးသည်။
ယင်းနောက် စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီ အတွင်းရေးမှူး ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ၀ါဝါမောင် က စာရင်းအင်း အချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင် က ၂၀၁၈ခုနှစ် တိရိစ္ဆာန်ကောင်ရေ စာရင်း ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းခိုင်၊ ဒေါက်တာသန်းမြင့် နှင့် ဦးအုန်းဝင်း၊ ဒုတိယ၀န်ကြီး ဦးသာဦး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စီမံကိန်း နှင့်ဘဏ္ဍရေးဝန်ကြီးများ၊ လုပ်ငန်းအဖွဲ့ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများက စာရင်း အင်းအချက်အလက် မှန်ကန်ရေး၊ အရည်အသွေး ပြည့်ဝရေးတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ရှင်းလင်းဆွေးနွေး တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ် ညှိနှိုင်းပေးသည်။
 (သတင်းစဉ်)

No comments:

Post a Comment