Monday, May 7, 2018

ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသော မြန်မာနိုင်ငံသား ၇၃ ဦး ပြန်လည်လက်ခံ


မြ၀တီ မေ ၇
ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသော မြန်မာနိုင်ငံသား ၇၃ ဦးအား နှစ်နိုင်ငံ တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက် မှုဖြင့် ယနေ့မွန်းလွဲ ၂ နာရီတွင် ကရင်ပြည်နယ် မြ၀တီမြို့ အမှတ် ၄ ရပ်ကွက်ရှိ ကျောက်လုံးကြီး ပြန်လည်ကြိုဆို လက်ခံရေး စခန်း၌  လက်ခံခဲ့သည်။

ယနေ့ ကရင်ပြည်နယ် မြ၀တီ ကျောက်လုံးကြီး ပြန်လည်ကြိုဆို လက်ခံရေးစခန်းသို့ မြန်မာနိုင်ငံအတွင်း ပြန်လည် ရောက်ရှိ လာသူများမှာ ကရင်ပြည်အတွင်း နေထိုင်သော အိမ်ထောင်စု ၁၅ စု ကျား ၂၄ ဦး၊ မ ၂၈ ဦး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်းဒေသကြီးအတွင်း နေထိုင်သော အိမ်ထောင်စု နှစ်စုစီမှ ကျား လေးဦး၊ မ လေးဦးစုစုပေါင်း၁၆ ဦးနှင့် ပဲခူးတိုင်းဒေသကြီး အတွင်းနေထိုင်သော အိမ်ထောင်စု တစ်စုမှ ကျားနှစ်၊ မသုံးဦး စုစုပေါင်း ကျား/မ  ၇၃ တို့ကို လက်ခံကာ သက်ဆိုင်ရာ တာဝန်ရှိ သူများက နေရပ် အသီးသီး သို့ ပြန်လည်ပို့ ဆောင်ခဲ့သည်။
ထိုသို့ ပြန်လည် ၀င်ရောက်ရာတွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းဦးနှင့် နေရပ်ပြန် မြန်မာမိသားစုများအား ကရင်ပြည်နယ် ဗမာတိုင်းရင်းသား ၀န်ကြီး ဦးတေဇထွဋ်လှိုင်ထွေးနှင့် တာဝန်ရှိ သူများက မြ၀တီမြို့ အမှတ်(၁) ချစ်ကြည်ရေး တံတားသို့သွား ရောက်ကြိုဆိုကြသည်။ ယင်းနောက် မြ၀တီမြို့ အမှတ် (၄) ရပ်ကွက်ရှိ ကျောက်လုံးကြီး ပြန်လည် ကြိုဆို လက်ခံရေးစခန်း၌ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးကြီးများက လက်ခံကြို ဆိုကာ အားပေးစကား ပြောကြားကြသည်။
ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က “တစ်ဖက်နိုင်ငံက ကျွန်မတို့နိုင်ငံ သားတွေကိုကူညီ စောင့်ရှောက်ထားပေးတဲ့အတွက် အထူးပဲကျေးဇူးတင် ရှိပါတယ်။ ပြန်လာတဲ့ကျွန်မတို့နိုင်ငံသား တွေကို တစ်ခုလောက် မေတ္တာရပ်ခံချင်တာက မသွားခင်က အခြေ အနေနဲ့ ပြန်လာတဲ့အခြေအနေ ကွာနေပြီဆိုတာ သိပါလိမ့်မယ်။ နောက်ပိုင်း အခက်အခဲတွေတွေ့ တဲ့အခါ အေးအတူ၊ ပူအမျှ ရင်ဆိုင်ဖြေရှင်းရင်းနဲ့ ကိုယ့်နိုင်ငံထဲမှာ ဒါတို့ပြည်၊ ဒါတို့မြေဆိုပြီး ခိုင်ခိုင်မာမာနဲ့ ရပ်တည် သွားကြဖို့ လိုပါတယ်။ အစိုးရအဖွဲ့အနေနဲ့လည်းတတ်နိုင်သမျှ ပံ့ပိုးကူညီဆောင်ရွက်ပေး မှာပါ။ ကလေးတွေ ပညာရေး၊ ကျန်းမာရေးကအစအခက်အခဲရှိရင် သက်ဆိုင်ရာကနေအကြောင်းကြားပါ။ အစိုးရအဖွဲ့အနေနဲ့ တတ်နိုင်သမျှ ကူညီဆောင်ရွက် ပေးပါမယ်။ အခုလိုပြန် တွေ့ရတာဝမ်းသာပါတယ် ဟု အားပေးစကား ပြောကြားသည်။
ယနေ့ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေချထားရေး ၀န်ကြီးဌာနမှ တစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုန်းစီဖြင့် မိသားစုဝင်သုံးဦးနှင့် သုံးဦးထက်ပိုလျှင် ငွေကျပ် သုံးသိန်းစီနှင့် အသုံးအဆောင် ပစ္စည်း ၂၂ မျိုးပါသော ဘူးတစ်ဘူး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအဖွဲ့ချုပ်မှ တစ်ဦးလျှင် ငွေကျပ် တစ်သိန်းစီနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ တစ်ဦးလျှင် ငွေကျပ် တစ်သောင်းခုနစ်ထောင် စီအသီးသီး ကူညီ ထောက်ပံ့ကာ နေရပ် အသီးသီးသို့ ပြန်လည်ရောက် ရှိရေး မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက် ရှိရာယနေ့တွင်ပင် အိမ်ထောင်စုကိုးစုမှ မိသားစုဝင် ၃၄ ဦးအားစခန်းမှာ မိမိနေရပ်သို့ ထွက်ခွာပြီဖြစ်သည်။
အဆိုပါအခမ်းအနားသို့ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးသန်းထွဋ်ဆွေ၊  ပြည်နယ် လယ်ယာ စိုက်ပျိုးရေးနှင့်ဆည်မြောင်း ၀န်ကြီးဦးစောမြင့်ဦး၊ ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီးဦးစိုးလှိုင်၊ ဗမာ တိုင်းရင်းသား ရေးရာ ၀န်ကြီးဦးတေဇထွဋ်လှိုင်ထွေး၊ ပအို့ဝ်တိုင်းရင်းသားရေးရာ ၀န်ကြီးဦးခွန်မျိုးတင့်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသော မြန်မာနိုင်ငံသား ၇၃ ဦးအား ယနေ့ပြန်လည် လက်ခံ ခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီးပထမအကြိမ်ကို ပြီးခဲ့သော ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၆ ရက်က အိမ်ထောင်စု ၁၉စုမှ အမျိုးသား ၃၀ နှင့် အမျိုးသမီး ၃၅ ဦးတို့ကိုလက်ခံခဲ့ကြောင်းသိရသည်။
သတင်း- မောင်စိန်လွင်၊ ထိန်လင်းအောင်(ပြန်/ဆက်)
ဓာတ်ပုံ- မင်းထက်၊ ထိန်လင်းအောင်(ပြန်/ဆက်)          

No comments:

Post a Comment