Tuesday, May 1, 2018

မြန်မာနိုင်ငံ၏ အိမ်နီချင်းနိုင်ငံများ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ စင်ကာပူ နိုင်ငံနှင့်ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများမှ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့ မောင်တောဒေသ အခြေအနေများအား လိုက်လံကြည့်ရှု


စစ်တွေ မေ ၁
နေပြည်တော်တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံ၏ အိမ်နီချင်းနိုင်ငံများ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ စင်ကာပူနိုင်ငံနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများမှ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့သည် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်တို့ ဦးဆောင်ပြီး  မောင်တောဒေသ အခြေအနေ များအား ကြည့်ရှုရန် ယနေ့နံနက် ၉ နာရီခွဲတွင် မြန်မာအမျိုးသားလေကြောင်းဖြင့် စစ်တွေမြို့သို့ ရောက်ရှိကြသည်။

အဆိုပါအဖွဲ့အား လေဆိပ်အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက်တို့က ခရီးစဉ်အတွင်း သွားရောက်မည့်နေရာများ စီစဉ်ဆောင်ရွက်ထားရှိမှု၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ဖြစ်ပေါ်လာပုံ၊ UEHRD ၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ ရေရှည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့်အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပဋိပက္ခဖြစ်ပွားပြီးနောက် ဖွံ့ဖြိုးမှုနှင့် တည်ငြိမ်အေးချမ်းမှုရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း၊ ယခင်ပုံမှန် အခြေအနေသာမက ရေရှည်တည်ငြိမ် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေပါကြောင်း၊ ပဋိပက္ခဖြေရှင်းရာတွင် သမိုင်းကြောင်းရှည်လျားသည့်အတွက် သိမ်မွေ့နက်နဲသည့် အခြေအနေရှိပါကြောင်း၊ နိုင်ငံတော် အစိုးရ၏ ဦးဆောင်မှုဖြင့် ပြန်လည်လက်ခံရေးအတွက် ဆောင်ရွက်နေပါကြောင်း၊ နှစ်နိုင်ငံသဘောတူညီချက်များအတိုင်း လက်ခံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂဆိုင်ရာ  အမြဲတမ်းကိုယ်စားလှယ်များနှင့် ကိုယ်စားလှယ်များပါဝင်သော အဖွဲ့သည် ပြည်ထောင်စု ၀န်ကြီး၊ ၀န်ကြီးချုပ်တို့ဦးဆောင်ကာ စစ်တွေမြို့မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြပြီး မောင်တောမြို့နယ် တောင်ပြို လက်ဝဲ ပြန်လည်လက်ခံရေးစခန်းသို့ရောက်ရြှိကရာ ရှင်းလင်းဆောင်၌ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြန်လည်လက်ခံရေးစခန်းများ တည်ဆောက်ထားရှိမှုနှင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် အမြဲတမ်းကိုယ်စားလှယ်များနှင့် ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့သည် တောင်ပြိုလက်ဝဲ ပြန်လည် လက်ခံရေး စခန်းအားလည်းကောင်း၊ မြန်မာ-ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံချစ်ကြည်ရေး တံတားအားလည်းကောင်း၊ ပြန်လည်ဝင်ရောက်လာသူများအား NVC ကဒ် ထုတ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို လည်းကောင်း လိုက်လံကြည့်ရှုကြသည်။
ဆက်လက်၍ အမြဲတမ်းကိုယ်စားလှယ်များနှင့် ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့သည် လှဖိုးခေါင်ကြားစခန်းသို့ ရောက်ရှိ ကြပြီး ပြန်လည်ဝင်ရောက်လာသူများ ခေတ္တနေထိုင်ရန် အဆောက်အဦများ တည်ဆောက်ပြီးစီးမှုအား မော်တော်ယာဉ် များဖြင့် လိုက်လံကြည့်ရှုကြသည်။
ထို့နောက် အမြဲတမ်းကိုယ်စားလှယ်များနှင့် ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့သည် မောင်တောမြို့နယ် ရွှေဇား ကျေးရွာသို့ရောက်ရှိပြီး ရခိုင်၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာဝင်များနှင့်တွေ့ဆုံကာ သိလိုသည်များကို မေးမြန်းကြသည်။
တွေ့ဆုံစဉ်မေးမြန်းစဉ် ရခိုင်၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာဝင်များက ၄င်းတို့အနေဖြင့် ရှေးယခင်ကပင် အတူတကွ နေထိုင်ခဲ့ကြပါကြောင်း၊ ပြသနာတစ်စုံတရာ မရှိခဲ့ပါကြောင်း၊ သဟဇာတမျှတစွာ နေထိုင်ခဲ့ကြပါကြောင်း၊ နောင်တွင်လည်း အတူတကွ နေထိုင်သွားကြမည်ဖြစ်ကြောင်း ပြောကြားကြသည်။
ယင်းနောက် အမြဲတမ်းကိုယ်စားလှယ်များနှင့် ကိုယ်စားလှယ်များပါဝင်သောအဖွဲ့သည် မောင်တောခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ရောက်ရှိပြီး ပဋိပက္ခဖြစ်ပွားစဉ် သေဆုံးခဲ့ရသူများ၏ မှတ်တမ်းဓာတ်ပုံများအား ကြည့်ရှုကြပြီး ပဋိပက္ခ ဖြစ်ပွားချိန်တွင် သေဆုံးသွားကြသူများ၏ မိသားစုဝင်များအားတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရခိုင်မိသားစုဝင်များက ၄င်းတို့အတွက်နေအိမ်အခက်အခဲနှင့် အလုပ်အကိုင်လိုအပ်ချက်များကို ပြောကြား ကြပြီး ဟိန္ဒူဘာသာဝင်များကလည်း ၄င်းတို့အားအကြမ်းဖက်သမားများက သတ်ဖြတ်မည်ဟု ပြောကြားထားသည့် အတွက် ၄င်းတို့မှာကြောက်လန့်နေကြရပါကြောင်း၊ သတ်ဖြတ်မှုများကိုတွေ့ မြင်ခဲ့ရသည့်အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက် ခဲ့ရပါကြောင်း၊ ၄င်းတို့မှာ စားသောက်နေထိုင်ရေးနှင့် အလုပ်အကိုင် အခက်အခဲရှိပါကြောင်း ပြောကြားကြသည်။
ထို့နောက် မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာသို့ ရောက်ရှိပြီး အစ္စလာမ်ဘာသာဝင်မိသားစုများနှင့် တွေ့ဆုံကြပြီး ကျေးရွာသားများက အကြမ်းဖက်မှုဖြစ်စဉ်အတွင်း ကြုံတွေ့ခဲ့ရမှုများနှင့် လိုအပ်ချက်များကို လွတ်လပ်စွာပြောဆိုကြသည်။
ယင်းနောက် အမြဲတမ်းကိုယ်စားလှယ်များနှင့် ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ပြန်လည် ထွက်ခွာခဲ့ကြရာ စစ်တွေမြို့သို့ ရောက်ရှိကြပြီး လေဆိပ်ဧည့်ခန်းမ၌ လူမှုရေးအသင်း၊ အဖွဲ့အစည်းများနှင့် လွတ်လပ်စွာ သီးခြားတွေ့ဆုံကြသည်။
ထို့နောက် အမြဲတမ်းကိုယ်စားလှယ်များနှင့် ကိုယ်စားလှယ်များပါဝင်သော အဖွဲ့သည် ညနေပိုင်းတွင် စစ်တွေမြို့မှ မြန်မာ အမျိုးသားလေကြောင်းဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာသွားကြသည်။
သတင်း-မျိုးမြင့်၊ ဓာတ်ပုံ-ဟန်လင်းနိုင်

No comments:

Post a Comment