Tuesday, May 1, 2018

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနား လှိုင်သာယာမြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပ၊ အလုပ်သမား ငါးထောင်ကျော် ချီတက်လမ်းလျှောက်


ရန်ကုန် မေ ၁
လှိုင်သာယာမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် အခမ်းအနား ကျင်းပရာနေရာသို့ အလုပ်သမားငါးထောင်ကျော် ချီတက်လမ်းလျှောက်ကြသည်။

စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမား ငါးထောင်ကျော်သည် ယနေ့နံနက် ၇ နာရီခန့်က အဆိုပါ မြို့နယ်အတွင်းရှိ န၀ဒေး မှတ်တိုင်အနီး၌ စတင်စုဝေးကာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနား ကျင်းပမည့် လှိုင်သာယာမြို့နယ် (မိုးလုံလေလုံ) အားကစားရုံဝင်းအတွင်းသို့ သက်ဆိုင်ရာ ကဏ္ဍအလိုက် သမဂ္ဂအလံများကို ကိုင်ဆောင်ကာ ချီတတ် လမ်းလျှောက်ကြသည်။
ထို့နောက် ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကိုစတင်ရာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ အလုပ်သမားနေ့ သ၀ဏ်လွှာအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ဖတ်ကြားသည်။
ယင်းနောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ (ILO) ရန်ကုန်ရုံးချုပ် ဆက်ဆံရေးအရာရှိ မစ္စတာရိုရီမန်ဂိုဗန်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အထွေထွေအတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုး၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမား သွေးစည်းညီညွှတ်ရေး အတွက် ကူညီပံ့ပိုးပေးသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက အမှာစကားအသီးသီး ပြောကြားကြသည်။
အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ CTUM ဥက္ကဋ္ဌ ဦးမောင်မောင်က ``အလုပ်သမားတွေဆိုတာ ရရှိပြီးသား အခွင့်အရေးတွေနဲ့ ကျေနပ်လို့မရဘူး။ ပြောင်းလဲနေတဲ့ လုပ်ငန်းသဘောတရားအရဆိုရင် အလုပ်ချိန်ဟာ တစ်ခုနဲ့တစ်ခု တူညီမှုမရှိတာမျိုးတွေရှိပါတယ်။ အဲဒါမျိုးတွေကို ပြင်ဆင်ဖို့လိုမယ်။ ကျွန်တော်တို့ဟာ အမြဲတမ်းရုန်းကန်လှုပ်ရှား နေရမယ် ဆိုတာကို သတိပေးတဲ့အနေနဲ့ ကျင်းပရခြင်းဖြစ်ပါတယ်´´ ဟုပြောသည်။
လှိုင်သာယာမြို့နယ်ရှိ SJY ဖိနပ်စက်ရုံမှ အလုပ်သမား မဇင်မာစိုးက ``တစ်နှစ်တစ်ခါလုပ်တဲ့ပွဲမှာ အလုပ်သမား တစ်ယောက်အနေနဲ့ပါဝင်ပြီး အလုပ်သမားထုအင်အား ပြသခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်၊  အခုလို လုပ်တဲ့အတွက် ကြောင့် အလုပ်သမားတွေ တစ်ဦးနဲ့တစ်ဦး ရင်းနှီးလာကြမယ်။ စိတ်ဓာတ်တွေတက်ကြွလာမယ်။ စုပေါင်းဆောင်ရွက် တက်တဲ့ အလေ့အကျင့်မျိုးတွေအပြင် အလုပ်နဲ့ပတ်သက်တဲ့ ဥပဒေတွေ၊ ဗဟုသုတတွေလည်း အများကြီးရရှိပါတယ်။ အခုဆိုရင်တိုင်းပြည်က အရက်ကထက် အများကြီး ပွင့်လင်းမြင်သာလာတယ်၊ အနည်းဆုံးလုပ်ခလစာကို ဒီထက်ပိုရဖို့ မျှော်လင့်နေတဲ့ အလုပ်သမားအများကြီးရှိပါတယ်၊ မြန်မာနိုင်ငံရဲ့ အလုပ်သမားတွေရဲ့အားနဲ့ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ တစ်ထောင့်တစ်နေရာက အထောက်အကူပြုနိုင်ဖို့ မျော်လင့်ထားပါတယ်´´ ဟု ပြောသည်။
အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ကကြီးမှုး၍ ခြောက်ကြိမ် မြောက်အဖြစ် ကျင်းပခြင်းဖြစ်ပြီး အနုပညာရှင်များ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ၏ သီဆိုဖျော်ဖြေမှုများ၊ ပျော်ပွဲရွှင်ပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများကိုလည်း ကျင်းပခဲ့ကြောင်းသိရသည်။
ထို့အပြင် အလုပ်သမားဥပဒေဆိုင်ရာ အသိပညာပြခန်းများ၊ သင့်တင့်ကောင်းမွန်သော အလုပ်အကိုင် အကြောင်းအရာ၊ အဓမ္မ လုပ်အားစေခိုင်းမှု ပပျောက်ရေး၊ အမျိုးသမီး အကြမ်းဖက်မှုကာကွယ်ရေးနှင့် လုပ်ငန်းခွင်ဘေး အန္တရာယ် ကင်းရှင်းရေး၊ ကျန်းမားရေး၊ လူမှုဖူလုံရေး၊ စိုက်ပျိုးရေးတို့နှင့်ပတ်သက်သည့် အသိပညာပေး ပြခန်းများကိုလည်း ဖွင့်လှစ်ပြသခဲ့သည်။
ယနေ့ အခမ်းအနားတွင် CTUM အနေဖြင့် ``ထိရောက်သောလုပ်သားဈေးကွက် စီမံခန့်ခွဲမှုမှသည် ရေရှည်တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုဆီသို့´´ ခေါင်းစဉ်ဖြင့် ၂၀၁၈ ခုနှစ် မေဒေးနေ့ ထုတ်ပြန်ကြေညာချက် တစ်စောင်ကိုထုတ်ပြန် ခဲ့သည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်

No comments:

Post a Comment