Thursday, May 3, 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၁၇) ကြိမ်မြောက် အရှေ့တောင်အာရှ စာကြည့်တိုက်မှူးများ ညီလာခံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အဖွင့်အမှာစကား ပြောကြား


နေပြည်တော် မေ ၃
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဦးဆုံးအကြိမ်ကျင်းပသည့် (၁၇) ကြိမ်မြောက် အရှေ့တောင်အာရှ စာကြည့်တိုက်မှူးများ ညီလာခံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

ညီလာခံဖွင့်ပွဲအခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဦးသိန်းဆွေ၊ ဦးအုန်းမောင်၊ ဒေါက်တာမျိုးသိမ်းကြီး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် ၊ ဒုတိယ၀န်ကြီးများ၊ အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ၊ ၀န်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ညီလာခံကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်းဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်များနှင့် အဖွဲ့ဝင်များ၊ ပြည်တွင်း ပြည်ပမှ စာကြည့်တိုက်မှူးများ၊ အထူးဖိတ်ကြားထားသူများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာ ရှင်များက အာဆီယံသီချင်းဖြင့် တေးသရုပ်ဖော် ကပြဖျော်ဖြေတင်ဆက်ကြ သည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မင်္ဂလာ ရွှေမောင်းကို တီးခတ်၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အမှာစကားပြောကြားရာ၌ ယခုဆိုလျှင် ၁၉၇၀ ပြည့်နှစ်မှ စတင်ကျင်းပလာသည့် အရှေ့တောင်အာရှ စာကြည့်တိုက်မှူးများ ညီလာခံ၏ သက်တမ်းသည် ၄၈ နှစ်ထဲကို ချဉ်းနင်း ဝင်ရောက် လာပြီဖြစ်ပါကြောင်း၊ ညီလာခံကျင်းပရသည့် ရည်ရွယ်ချက်က အရှေ့တောင်အာရှ ဒေသတွင်းရှိ စာကြည့်တိုက်များနှင့် စာကြည့်တိုက် ပညာရပ်နယ်ပယ် ဖွံ့ဖြိုးတိုးတက် လာပြီး နိုင်ငံတကာစာကြည့်တိုက် အဝန်းအဝိုင်းထဲကို ကျယ်ကျယ် ပြန့်ပြန့် ပါဝင်လုပ် ဆောင်နိုင်ရန်ဖြစ်ပါကြောင်း။
နောက်ရည်ရွယ်ချက်တစ်ခုမှာ စာကြည့်တိုက်များသည် သုတ၊ ရသပညာရပ် များနှင့် သတင်းအချက် အလက်များကို ဖြန့်ဖြူး မျှဝေပေးသည့် နေရာ ဖြစ်လာရန်၊ စာကြည့်တိုက်မှူးများ တွေ့ကြုံနေရသည့်အခက်အခဲများ၊ ပြဿနာများနှင့် ပတ်သက်ပြီး အတွေ့အကြုံတွေဖလှယ် ဆွေးနွေးနိုင် သည့်နေရာ ဖြစ်လာရန်၊ ဒေသတွင်းရှိ စာကြည့် တိုက်များအချင်းချင်း ချိတ်ဆက်ဝန်ဆောင်မှုများ ပေးနိုင်ရန် ဖြစ်ပါကြောင်း၊ အရှေ့ တောင်အာရှ စာကြည့်တိုက်မှူးများညီလာခံသည် ရှည်ကြာသည့်သမိုင်းကြောင်းရှိသော အဖွဲ့အစည်းပီပီ အင်အားရှိပြီး စုစည်းညီညွှတ်သည့်အဖွဲ့ဖြစ်သည်ကို တွေ့ရှိရပါ ကြောင်း။
အနာဂတ် စာကြည့်တိုက်များအတွက် ဆက်သွယ် ပူးပေါင်း ဆောင်ရွက်ရေး ဆိုသည့် ခေါင်းစဉ်အရ တင်သွင်းဖတ်ကြားမည့် စာတမ်းများကို တက်ရောက်လာကြ သူများအနေဖြင့် လွတ်လွတ်လပ်လပ် ဝေဖန်ဆွေးနွေးကြမည်ဟု သိရပါကြောင်း၊
ညီလာခံ၏ ရည်ရွယ်ချက်မှာ အနာဂတ်ကာလ၌ ဖြစ်ပေါ်ပြောင်းလဲလာမည့် စာကြည့်တိုက် များ၏ အခန်းကဏ္ဍနှင့် သတင်းအချက်အလက် ဖြန့်ဖြူးဝန်ဆောင်မှု ပေးမည့် လုပ်ငန်းအပေါ် အထူးအလေးထားကြောင်း သိရသဖြင့် အနာဂတ်လုပ် ငန်း စဉ်များအတွက် တွေ့ကြုံရမည့် စိန်ခေါ်မှုများသည် စိတ်ဝင်စားစရာ၊ စိတ်လှုပ်ရှား စရာ ကောင်းလှ ပါကြောင်း၊ အနာဂတ် စာကြည့်တိုက်မျိုးဆက်သစ်များအနေဖြင့် မိမိတို့၏ အတွေ့အကြုံ၊ ကျွမ်းကျင်မှုများကို တစ်ဦးနှင့် တစ်ဦး ဝေမျှချိတ်ဆက် ပူးပေါင်းဆောင်ရွက်ပြီး ဒစ်ဂျစ်တယ်နည်းပညာကို ဆက်လက်တီထွင် လုပ်ကိုင် နိုင်ရေး ရှေးရှုလုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ ရှေ့ဆက် လျှောက်လှမ်းရမည့် ရည်မှန်းချက် ပန်းတိုင်တိုင်းတွင် စိန်ခေါ်မှုများ၊ အခက်အခဲများရှိမည် မှန်သော်လည်း အရှေ့တောင် အာရှစာကြည့် တိုက်မှူးများညီလာခံကဲ့သို့ အပေါင်းလက္ခဏာဆောင်သော စာကြည့် တိုက် အဝန်းအဝိုင်း ရှိနေသည့်အတွက် အနာဂတ်စာကြည့်တိုက်များသည် အင်ပြည့် အားပြည့်နှင့် အပေါင်း လက္ခဏာဆောင်သည့် အဖွဲ့အစည်း တစ်ရပ်အဖြစ် ပုံဖော်နိုင် မည် ဧကန်ဖြစ်ပါကြောင်း။
မိမိအနေဖြင့် ယခုညီလာခံတွင် ပါဝင်ပြောဆိုခွင့်ရသည်ကို အလွန်ဝမ်း မြောက်ဂုဏ်ယူမိပါကြောင်း၊ စာကြည့်တိုက်ဆိုသည်မှာ ပျော်ရွှင်နှစ်လိုဖွယ် နေရာ တစ်ခု၊ ထူးဆန်း အံ့သြဖွယ် ကောင်းသည့် ဝန်းကျင် တစ်ခုဖြစ်ပြီး စိတ်ကူးယဉ် နိုင်ပါသေးကြောင်း၊ စာဖတ်ခြင်းကြောင့် တွေးခေါ်မြော်မြင်မှု များ၊ မျှော်လင့်ချက် များနှင့် စိတ်ကူးများကို ပိုမို အားကောင်း လာနိုင်စေပါကြောင်း။
စာဖတ်ခြင်းသည် ကလေးတစ်ယောက်၏ ဘဝတွင် လေ့လာစရာများကို လေ့လာ ပြီး အောင်မြင်မှုရရန် အတွက် အခြေခံအကျဆုံး အရည်အသွေး များကို ပေးစွမ်းနိုင်ပါ ကြောင်း၊ စာဖတ်သည့် အလေ့အထကို ကလေးများရရှိရန် ငယ်ရွယ်စဉ်ကတည်းက စပြီး လေ့ကျင့်ပျိုးထောင်ပေး သင့်ပါကြောင်း၊ ထို့ကြောင့် မြန်မာ့ လူ့ဘောင် အသိုင်းအဝိုင်းအတွင်း ကျောင်းစာကြည့်တိုက်များ တိုးပွားလာရေးနှင့် စာကြည့်တိုက် အသုံးပြု တတ်ကြစေရေး လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ အခြေခံပညာရေး သည် စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရန် လိုအပ်ရုံသာမက ကျောင်းသူကျောင်းသား လေးများ စာပေ၊ လူမှုရေး သိပ္ပံ၊ သမိုင်းနှင့် လူ့သဘောသဘာဝအကြောင်းများကို ချစ်မြတ်နိုးတတ်လာစေရေး စာကြည့်တိုက်များက လေ့ကျင့်ပျိုးထောင် ပေး ရန်လို ပါကြောင်း။
လက်ရှိကာလတွင် မိမိတို့ အစိုးရက မြန်မာနိုင်ငံ၌ စာကြည့်တိုက် ယဉ်ကျေးမှု ပြန်လည်ထွန်းကား လာစေရေး ကြိုးစားဆောင်ရွက်နေ ပါကြောင်း၊ စာကြည့်တိုက်များ ပြောင်းလဲ တိုးတက်လာစေရေး စာကြည့်တိုက်မှူးများ၏ စိတ်အား ထက်သန်မှုများ မြင့်မားလာနေပါကြောင်း၊ စာကြည့်တိုက်များသည် သတင်းအချက်အလက်ရယူရေး နည်းပညာ တတ်ကျွမ်းစေ မည့်အစီအစဉ်များကို ပူးတွဲလုပ်ဆောင်ပေးခြင်းမှ တစ်ဆင့် လူထု၏ ဘဝတစ်သက်တာ ပညာရှာမှီးသည့်နေရာများအဖြစ် အသုံးချ လာစေရန် မိမိတို့ ပေါင်းစပ်ပြီး အားထည့်ကြိုးပမ်း ဆောင်ရွက်နေ ပါကြောင်း။
ယနေ့ရောက်ရှိနေသည့်ပညာခေတ်ကြီးတွင် စာကြည့်တိုက်များ၏ အခန်း ကဏ္ဍများသည်လည်း ပြောင်းလဲလာပါကြောင်း၊ စာကြည့်တိုက်များသည် သတင်း အချက်အလက်နှင့် ပညာရှာမှီးရန် အဓိက သော့ချက်ကျသော နေရာများအဖြစ် ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ ထို့ပြင် လူ့အဖွဲ့အစည်း အတွက် စာကြည့်တိုက်များ သည် သုတပညာနှင့် ယဉ်ကျေးမှုကို ဝင်ရောက်ရှာဖွေ၍ရသည့်နေရာအဖြစ် အခြေခံ ကျသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ပေးကြသည့် စာကြည့်တိုက်မှူးများနှင့် စာကြည့်တိုက်များသည် အလွန် အရေးကြီးသော အခန်း ကဏ္ဍမှ ပါဝင်နေကြသည်ကို မှတ်မှတ်ထင်ထင် အသိအမှတ် ပြုကြမည်ဖြစ်ပါကြောင်း။
အမျိုးသားစာကြည့်တိုက်နှင့် အစိုးရလက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ် သည့် မြန်မာ့သမိုင်း သုတေသနဌာနသည် မြန်မာစာပေအမွေအနှစ်များကို ထိန်းသိမ်း ရာ ဗဟိုဌာနများ ဖြစ်သည်ဟု အမျိုးသားစာကြည့်တိုက်က ရှုမြင်ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံ တနံတလျား၌ ပျံ့နှံ့နေသည့် ပေပုရပိုက် များကို ပြန်လည်စုဆောင်းပြီး ပြုပြင်ထိန်းသိမ်းရမည့် တာဝန်ကလည်း အမျိုးသားစာကြည့်တိုက်၏ တာဝန်ဖြစ် ပါကြောင်း၊ စုဆောင်းထိန်းသိမ်းထားသည့် ပေပုရပိုက်များ ပြုပြင်ထိန်းသိမ်းသည့် လုပ်ငန်းကို အမျိုးသား စာကြည့်တိုက်(နေပြည်တော်)နှင့် အမျိုးသား စာကြည့်တိုက် (ရန်ကုန်) နှစ်နေရာလုံးက တာဝန်ယူ ဆောင်ရွက် နေကြပါကြောင်း၊ ရန်ကုန်မြို့လယ် ၌ တည်ရှိပြီး ရန်ကုန်ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့က ရှေးဟောင်း အဆောက်အအုံအဖြစ် သတ်မှတ်ထားသည့် ကိုလိုနီခေတ်အဆောက် အအုံတစ်ခုတွင် အမျိုးသား စာကြည့်တိုက် (ရန်ကုန်) ကို ခေတ်မီစာကြည့်တိုက်သစ်တစ်ခု အဖြစ် ဖွင့်လှစ် ရန် ပြန်လည်ပြင်ဆင် မွမ်းမံလျက်ရှိပါကြောင်း။
အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် မြန်မာနိုင်ငံစာကြည့်တိုက် အသင်းသည် မြန်မာနိုင်ငံတစ်ဝန်း စာဖတ်ရှိန်မြင့်မားလာရေး၊ စာကြည့် တိုက်များ ကို ပိုမို လက်လှမ်းမီ သုံးစွဲခွင့်ရရေး၊ နည်းပညာအသုံးပြုမှု မြင့်မားလာရေးတွေကို ကြိုးစား ဆောင်ရွက်နေပါကြောင်း၊ ထို့ပြင် စာဖတ်သူများကို မှန်ကန်သော သတင်း အချက် အလက်များပေးနိုင်ရေး၊ စာကြည့်တိုက်များ အသွင်ပြောင်းလာရေး နှင့် စာကြည့် တိုက်မှူးများ စွမ်းဆောင်ရည်မြင့်မားလာရေးကိုလည်း မြန်မာနိုင်ငံစာကြည့်တိုက် အသင်းက အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း။
ပညာရေးဝန်ကြီးဌာနနှင့် အာရှဖောင်ဒေးရှင်းတို့၏ ကူညီပံ့ပိုးမှုနှင့်အတူ ကျောင်းစာကြည့်တိုက် များကို ပြန်လည်အားသစ်လောင်းသည့် လုပ်ငန်းများကိုလည်း မြန်မာနိုင်ငံစာကြည့်တိုက် အသင်းက လုပ်ဆောင်နေပါကြောင်း၊ မြန်မာနိုင်ငံတွင် ကျေးလက်တောရွာဒေသများ၌ နေထိုင်သူ ၇၀ ရာခိုင်နှုန်း ရှိပြီး ကျေးလက်လူထု အများစုသည် စာကြည့်တိုက်သုံးစွဲခွင့်ရရန် လက်လှမ်းမမီ ကြပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် မိခင်ဖြစ်သူ ဒေါ်ခင်ကြည်ကို အမှတ်တရ ဂုဏ်ပြုသည့် အနေဖြင့် လူမှုရေးလုပ်ငန်းများကို အကျိုးအမြတ်မယူဘဲ ဆောင်ရွက်ရန် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ၂၀၁၂ ခုနှစ်တွင် အစိုးရထံ တရားဝင်မှတ်ပုံတင် ထူထောင်ခဲ့ပါကြောင်း၊ ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်မှု နည်းပါးသည့် နေရာ များရှိ လူထုအတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုဘဝမြင့်မား လာရေးများ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၃ ခုနှစ်မှ စ၍ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ကျေးလက်ဒေသမှ ပြည်သူ လူထုသည် စာဖတ်ခြင်းကို စိတ်ဝင်စားလာမှုနှင့်အတူ ဗဟုသုတများလည်း တိုးပွား လာမည်ဖြစ်ပါကြောင်း။
အထက်တန်းပညာရေးအတွက် အခြေခံလိုအပ်ချက်မှာ စာကြည့်တိုက်ဖြစ် ပါကြောင်း၊ ထို့ကြောင့် အစိုးရက ပညာရေးမူဝါဒ ပြန်လည်ချမှတ်ခြင်း၊ သင်ရိုးညွှန်း တမ်း ပြင်ဆင်ပြဋ္ဌာန်းခြင်းတို့ကို တစ်ပါတည်း ချမှတ်ဆောင်ရွက်ရပါကြောင်း၊ ပြည်သူ့ စာကြည့်တိုက်များသည် လူထုကို စာအုပ်စာပေနှင့် ဝန်ဆောင်မှုပေးသည့် လုပ်ငန်း အပြင် လူထုအခြေပြု ဗဟိုဌာနများ၊ ကျောင်းပြင်ပ ပညာရေးကို လေ့လာ သင်ယူနိုင်သော နေရာများအဖြစ် အခွင့်အလမ်းများဖော်ဆောင်ပေးရမည့်နေရာ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းသည် ၉၂ ဒသမ ၇ ရာခိုင်နှုန်း ရှိသည့် အတွက် မြန်မာ့လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက် လာစေရေး ဆောင်ရွက် ပေးနိုင်သည့် အခွင့်အလမ်းကို စာကြည့်တိုက်များ ပိုင်ဆိုင်ထားကြပါကြောင်း၊
ဤညီလာခံသည် အရှေ့တောင်အာရှ စာကြည့်တိုက်များနှင့် စာကြည့်တိုက်မှူး ကြီးများအချင်းချင်း အတူတကွ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှုများ ပိုမို အားကောင်း လာစေရေး အတွက်သာမက စာကြည့်တိုက်လုပ်ငန်းနှင့် ဆက်နွှယ်နေသော ပညာရပ် များ စဉ်ဆက်မပြတ် ရှင်သန်တိုးတက် လာစေရေးအတွက် တိုးမြှင့် ဆောင်ရွက်နိုင်မည့် ထူးခြားကောင်းမွန်သော အခွင့်အလမ်းကောင်း တစ်ရပ်ပင် ဖြစ်ပါကြောင်း။
အရှေ့တောင်အာရှ စာကြည့်တိုက်မှူးများညီလာခံသည် အာဆီယံဒေသ အတွက် ဒေသတွင်းမှ စာကြည့်တိုက်မှူးကြီးများ၏ ဒေသ အတွက် ပါဝင်ဆောင်ရွက်နေမှုများကို လည်း ဤညီလာခံတွင် ထင်ထင်ရှား ရှား တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း၊ ဤညီလာခံ သည် အရှေ့တောင်အာရှ ဒေသအတွင်းရှိ စာကြည့်တိုက် မှူးများ၏ ဒေသတွင်း သုတပညာ အဖြာဖြာနှင့် သတင်းအချက်အလက်များဖလှယ်ရေးအတွက် အရေးပါသော ညီလာခံတစ်ရပ် ဖြစ်ပါကြောင်း။
အင်တာနက်နှင့် ဒစ်ဂျစ်တယ်မီဒီယာကို အများက တွင်တွင်ကျယ်ကျယ် အသုံးပြုနေသည့် ခေတ်ဖြစ် သော်လည်း စာကြည့်တိုက်များသည် လူထုအသိုက်အဝန်း အတွက် ခိုင်မာအားကောင်းသည့် အခန်းကဏ္ဍမှ ရပ်တည်ပြီး လူထုကို စာအုပ် စာပေနှင့် ဝန်ဆောင်မှုပေးခြင်းသာမက လူမှုရေးဆိုင်ရာ လှုပ်ရှားမှုအမျိုးမျိုးကို လူထုနှင့် အတူ ကဏ္ဍပေါင်းစုံအတွက် ဆောင်ရွက်နေသော နေရာဌာနအဖြစ် ရပ်တည် ရမည်ဖြစ်ပါကြောင်း။
ညီလာခံ တက်ရောက်လာသူအားလုံးကို ဤနေရာမှ တိုက်တွန်းချင်သည်မှာ အားလုံးလက်တွဲပြီး သုတပညာနှင့် သတင်းအချက်အလက်များကို အတူတကွ ရယူကြ၊ မျှဝေကြသည့်အလေ့အကျင့်ကို ခိုင်ခိုင် မာမာ အားထုတ် ဆောင်ရွက်ကြခြင်းဖြင့် စာကြည့်တိုက်များကို အသုံးပြုပြီး အာဆီယံနိုင်ငံ အသီးသီးမှ ပြည်သူ များ၏ အသိဉာဏ်ပညာနှင့် ဗဟုသုတ မြင့်မားတိုးတက်လာရေးကို ဆောင်ရွက်ကြရန်ဖြစ်ပါ ကြောင်း။
မနက်ဖြန်မှစပြီး သုံးရက်တာ ဆက်လက်ကျင်းပမည့် ဤညီလာခံတွင် ပါဝင် တက်ရောက်လာသူများက အင်တိုက်အားတိုက် ဆွေးနွေးကြပြီး အကျိုးရှိ ကောင်းမွန် သည့် ရလဒ်များကို အတူဖော်ဆောင်နိုင်ကြပါစေဟု ဆန္ဒပြု ပါကြောင်း ပြောကြား သည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒုတိယသမ္မတနှင့် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အရှေ့တောင်အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးများ ညီလာခံသည် အာဆီယံနိုင်ငံများမှ စာကြည့်တိုက်များ၊ စာကြည့်တိုက် သင်တန်း ကျောင်းများ၊ စာကြည့်တိုက်အသင်းအဖွဲ့များနှင့် ဆက်စပ်နေ သည့် အဖွဲ့အစည်းများ အတွက် ခိုင်မာသည့်ဒေသဆိုင်ရာ ညီလာခံတစ်ရပ် ဖြစ်ပါကြောင်း။
ညီလာခံ၏ ရည်ရွယ်ချက်အရ Congress of Southeast Asian Librarians - CONSAL သည် ဒေသတွင်းရှိ စာကြည့်တိုက်များ နှင့် စာကြည့်တိုက်မှူးများအတွက် နည်းဗျူဟာများကို ဖော်ဆောင်ပေးသော ဦးဆောင် အဖွဲ့အစည်းတစ်ခု အဖြစ်သာမက စာကြည့်တိုက်အချင်းချင်း ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများကို အကောင်အထည်ဖော်ခြင်း၊ ထူးခြားသည့် အခွင့်အလမ်းများကို ရရှိစေ နိုင်ခြင်းစသည့် ကောင်းကျိုးများနှင့် ပြည့်စုံသည့်အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ International Federation of Library Associations (IFLA) ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး အနုပညာဦးစီးဌာနမှ အနုပညာရှင်များက အာဆီယံ ဂုဏ်ပြု တေးသီချင်းများဖြင့် တေးသရုပ်ဖော် ကပြဖျော်ဖြေတင်ဆက်ကာ ဖွင့်ပွဲအခမ်း အနားကို ရုပ်သိမ်းလိုက်သည်။
ယင်းနောက် မျက်နှာစုံညီဆွေးနွေးပွဲများကို သတ်မှတ်နေရာများ၌ ဆက်လက် ကျင်းပရာ IFLA ဥက္ကဋ္ဌက ဆွေးနွေးတင်ပြခြင်း၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း နာယက စည်သူဒေါက်တာသော်ကောင်း ၏ အမှာစကားကို မြန်မာနိုင်ငံစာကြည့်တိုက် အသင်းဥက္ကဋ္ဌ ဦးသန်းအောင် က ဖတ်ကြားခြင်း၊ အစုအဖွဲ့၆ စုခွဲ၍ Access and Opportunities for All ၊ Media and Information Literacy ၊ Digital Library Management ၊ Advocacy ၊ Transforming Libraries ၊ Strategic Alliances and Partnership ၊ New Competencies and Training for Library and Information Professionals ၊ Marketing and Promotion ၊ Conservation and Preservation ၊ ASEAN Vision and Libraries စသည့်ခေါင်းစဉ်များဖြင့် စာတမ်းများ ဖတ်ကြား တင်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment