ညောင်ရွှေ မေ ၁
၂၀၁၈ ခုနှစ် အင်းလေးခေါင်တိုင်
လူရည်ချွန်အပန်းဖြေစခန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)
ညောင်ရွှေမြို့နယ် အင်းလေးခေါင်တိုင် အပန်းဖြေစခန်း၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ပညာရေးမြှင့်တင်မှု
ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့်
အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်းမှူး ဦးသန်းအေးတို့က စခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ပြည်နယ် ၀န်ကြီးချုပ်
ဒေါက်တာလင်းထွဋ်တို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာလင်းထွဋ်က ယခုကဲ့သို့ ထူးချွန်ထက်မြက်သည့် လူငယ်မောင်မယ် များကို လက်ခံဂုဏ်ပြုခွင့်ရသည့်အတွက်
ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အင်းလေးခေါင်တိုင် အပန်းဖြေစခန်းကို လာရောက်အပန်းဖြေကြမည့်
လူရည်ချွန်များအတွက် အသင့်ပြင်ဆင်ထားပြီး ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်၏ လူမှုရေး၊ စီးပွားရေး၊
ရိုးရာဓလေ့ထုံးစံများနှင့် သဘာဝအလှတရားများကို လေ့လာကြည့်ရှုခံစားခွင့်များ ရရှိကြမည်ဖြစ်ကြောင်း၊
တောင်ကြီးဒေသ၊ အင်းလေးဒေသ၊ ပင်းတယဒေသများနှင့် ဒေသန္တရဗဟုသုတများ၊ ရိုးရာဓလေ့ ထုံးစံများကို
ထဲထဲဝင်ဝင် လေ့လာကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမျိုးသိမ်းကြီးက အဋ္ဌမတန်းမှ လူရည်ချွန် ၁၇၆ ဦး၊ န၀မတန်းမှ လူရည်ချွန် ၁၇၆ ဦး၊
ဒသမတန်းမှ လူရည်ချွန် ၁၇၆ ဦး စုစုပေါင်း ၅၂၈ ဦးကို ပြုစုပျိုးထောင်နိုင်ပြီး အင်းလေးစခန်း၊
ပုဂံစခန်း၊ ငွေဆောင်စခန်းတို့ကိုစေလွှတ်ကာ ဒေသန္တရဗဟုသုတများကိုရရှိရန်၊ အချင်းချင်း
အတွေ့အကြုံများဖလှယ်ခြင်းနှင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများကို
လေ့လာနိုင်ရန် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စခန်းချနေစဉ် ပညာရေးဆိုင်ရာဟောပြောပွဲများ၊
စာပေဗဟုသုတနှီးနှော ဆွေးနွေးခြင်းများ၊ ဒေသလုပ်ငန်းများ၊ ဒေသ ထွက်ကုန်များ၊ ဒေသခံများ၏
ရိုးရာယဉ်ကျေးမှုများ၊ လက်မှုပညာများကိုလည်း လေ့လာဆည်းပူးသင်ယူခွင့်ရကြမည် ဖြစ်ကြောင်း၊
ကာယဖွံ့ဖြိုးမှု၊ ညဏ်ပညာထူးချွန်မှုတို့ကြောင့် လူရည်ချွန်ဖြစ်လာသည့်အတွက် ကျန်းမာသန်စွမ်းပြီး
စာရိတ္တ ကောင်းသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာအောင် ဆက်လက်နေထိုင်သွားရန် တိုက်တွန်းပါကြောင်း၊
ပညာရေးဖွံ့ဖြိုး တိုးတက်မှုများကို ယခုထက်ပိုမိုပါဝင်ပြီး နိုင်ငံအကျိုးပြု၊ ဒေသအကျိုးပြု၊
လုပ်ငန်းများကို ယှဉ်ပြိုင်ဆောင်ရွက်စေလို ကြောင်း၊ ဘက်စုံပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အများနှင့်စုပေါင်းနေထိုင်တတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းလာစေရေး၊ ဒေသန္တရ ဗဟုသုတများရရှိစေရေး ကျောင်းသားကျောင်းသူများ၏ စံနမူနာပြလူငယ်များ ပေါ်ထွက်
လာစေရေး စသည့်အချက်များဖြင့် ပြည့်စုံအောင် နေထိုင်ဆောင်ရွက်သွားကြရန်၊ ဆန်းသစ်ထီထွင်နိုင်စွမ်းရှိသော၊
ယှဉ်ပြိုင်နိုင်စွမ်းရှိသော၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော အနာဂတ်၏ နိုင်ငံ့ခေါင်းဆောင်များဖြစ်အောင်
ဘ၀ တစ်သက်တာလုံး ဆက်လက်သင်ယူကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ အင်းလေးခေါင်တိုင်
လူရည်ချွန်အပန်းဖြေစခန်း စခန်းမှူး ဦးသန်းအေးက လူရည်ချွန် စီမံကိန်းနှင့် ပတ်သက်ပြီး
ရှင်းလင်းပြောကြားသည်။
ယင်းနောက် လူရည်ချွန်
ကျောင်းသားကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့အား ပြည်ထောင်စုဝန်ကြီးနှင့်
ပြည်နယ်ဝန်ကြီးချုပ်တို့က ရင်ထိုးတံဆိပ်များတပ်ဆင်ပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့်
ပြည်နယ် ၀န်ကြီးချုပ်တို့အား ၂၀၁၈ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်း
ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များနှင့် လူရည်ချွန် (၁၉၆၄ မှ ၁၉၈၈ ထိ) အဖွဲ့က လက်ဆောင်ပစ္စည်းများ
ပြန်လည်ပေးအပ်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊
ပြည်နယ်ဝန်ကြီးချုပ်နှင့် လူရည်ချွန် ကျောင်းသားကျောင်းသူများက အင်းလေးခေါင်တိုင် စခန်းတွင်
ဖွင့်လှစ်ထားသည့် ပညာပေးပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
(နိုင်လင်းကြည်)
No comments:
Post a Comment