နေပြည်တော် ဧပြီ ၂၉
နိုင်ငံ့ဝန်ထမ်း လစာနှုန်းထားများကို တိုးမြှင့်သတ်မှတ်ပေးရန်
၂၀၁၈ ခုနှစ် ဧပြီ ၂၅ ရက်တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊
ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၇/၂၀၁၈) ၌ အတည်ပြုဆုံးဖြတ်ခဲ့ပြီး တိုးမြှင့်သတ်မှတ်
ပေးသည့် လစာနှုန်းထားများကို ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စတင်ကာ ခံစားခွင့်ရှိမည်ဖြစ်ကြောင်း
ယနေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနက အမိန့်ကြော်ငြာစာ အမှတ် ၃၀/၂၀၁၈ ဖြင့်
ထုတ်ပြန်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်နှင့်
ပြည်သူများ၏ အကျိုးစီးပွားကို အစဉ် အလေးထား ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော် တည်ဆောက်ရေးတွင်
အဓိကအခန်း ကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိသော တပ်မတော် ကြည်း၊ ရေ၊ လေ ၀န်ထမ်းများအပါအ၀င်
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်င့တော်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင်
တာဝန်ယူမှုဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ၀န်ထမ်းများ၏ စားဝတ်နေရေးနှင့် လူနေမှု
အဆင့်အတန်းကို အထိုက်အလျောက် မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ တိုးမြှင့်သတ်မှတ် ပေးခြင်းဖြစ်ကြောင်း
အဆိုပါအမိန့်ကြော်ငြာစာတွင် ပါရှိသည်။
လက်ရှိလစာနှုန်းမှ တိုးမြှင့်လစာနှုန်းသို့
ပြောင်းလဲသွားသည့်အခါ နှစ်တိုးများကို လက်ရှိလစာနှုန်းအရ နှစ်တိုးကာလများအတိုင်း ဆက်လက်ခံစားခွင့်ပြုမည်ဖြစ်ပြီး
တိုးမြှင့် လစာနှုန်းသို့ ပြောင်းလဲမှုကြောင့် နှစ်တိုးကျရောက်သည့် နေ့များ ပြောင်းလဲသွားခြင်း
မရှိကြောင်း သိရသည်။
အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာ၊ ဌာနအဖွဲ့အစည်းများတွင်
ခန့်ထားသည့် ၀န်ထမ်းများ၏ ပုံသေလစာ၊ နေ့စားလုပ်ခ၊ ကျွမ်းကျင်သူများ၏ လစဉ်ထောက်ပံ့ငွေ၊
ပညာရှင်များ၏ ချီးမြှင့်ငွေများ တိုးမြှင့် သတ်မှတ်ခြင်းတို့နှင့် ပတ်သက်၍ သုံးသပ်တွက်ချက်ကာ
သီးခြားထုတ်ပြန်သွားမည်ဖြစ်ပြီး ဒေသစရိတ်ခံစားခွင့်နှင့် ပတ်သက်၍လည်း တိုးမြှင့်သည့်
လစာနှုန်းထားနှင့်အညီ ခံစားခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါအမိန့်ကြော်ငြာစာတွင် တပ်မတော်
(ကြည်း၊ ရေ၊ လေ) ၀န်ထမ်းများအတွက် သတ်မှတ်ထားသော လစာနှင့် စရိတ်နှုန်းထားများနှင့် ခွင့်ပြုပေးနိုင်မည့်
အငြိမ်းစားလစာနှင့် ဆုကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးကောင်စီသို့
တင်ပြ၍ အတည်ပြုချက် ရယူဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ နိုင်ငံခြားတွင် တာဝန်ထမ်းဆောင်
နေသည့် နိုင်ငံခြားရေး ၀န်ထမ်းများနှင့် အခြား အလားတူ ၀န်ထမ်းများသည် ပြည်ပတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း
လက်ရှိခံစားနေသော လစာနှုန်းများအတိုင်းသာ နိုင်ငံခြား သုံးငွေဖြင့် ထုတ်ယူခံစားရန် ဖြစ်ကြောင်းနှင့်
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ တာဝန် ထမ်းဆောင်ရသည့်အခါ ရာထူးအဆင့်နှင့် လျော်ညီစွာ
သတ်မှတ်ထားသော လစာနှုန်းသစ်ကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။
အစိုးရဌာနများနှင့် အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံအရ
ခွင့်ပြုထားသော ရာထူးများ၌ တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများကို
ပုံပါအတိုင်း တိုးမြှင့် သတ်မှတ်ထားကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment