နေပြည်တော်
ဖေဖော်ဝါရီ ၁
တနင်္သာရီမြို့နယ်၊ မြိတ်မြို့နယ်နှင့်
ကျွန်းစုမြို့နယ်တို့ကို ဆက်သွယ်ပေးမည့် မင်းသန်း-
မောင်းလှော်မြစ်ကူး တံတားသည် လမ်းအဆင့် သတ်မှတ်ချက်အရ Class(A) ဦးစားပေး အဆင့်(၁)တွင်
ပါဝင်သည့် လမ်းပေါ်တွင် တည်ရှိသဖြင့် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ် မတိုင်မီ ရန်ပုံငွေရရှိမှုအပေါ်
မူတည်၍ အကောင် အထည်ဖော် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးကျော်လင်းက ရှင်းလင်း ဖြေကြားသည်။
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသား
လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ဒသမနေ့တွင် တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ
ဦးဇော်ဟိန်း၏ တနင်္သာရီ တိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်တို့ကို ဆက်သွယ် ပေးမည့် မင်းသန်း- မောင်းလှော် မြစ်ကူးတံတား
၁ စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ၀န်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးကျော်လင်းက အထက်ပါ အတိုင်း ရှင်းလင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ ဒုတိယ၀န်ကြီးက မင်းသန်း- မောင်းလှော်
မြစ်ကူးတံတား အသစ် ၁ စင်း တည်ဆောက်လိုသည့် နေရာသည် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲသော
လမ်းပေါ်ရှိ မြိတ်မြို့နယ် မင်းသန်းကျေးရွာမှ ကျွန်းစုမြို့နယ် မောင်းလှော်ကျေးရွာ သို့
ဆက်သွယ်မည့် နေရာဖြစ်ပြီး တံတားအရှည် ပေ ၁၈၀၀ ခန့် တည်ဆောက်ရမည် ဖြစ်ပါကြောင်း၊ မြိတ်မြို့နယ်ဘက်ခြမ်းရှိ တောင်ပုလဲ- ရှမ်းတောင်-
မင်းသန်းလမ်းသည် မြိတ်-တနင်္သာရီ- ကော့သောင်း ပြည်ထောင်စု လမ်းမကြီးသို့ ဆက်သွယ် ထားသောလမ်း
ဖြစ်ပါကြောင်း။
ကျွန်းစုမြို့နယ် ဘက်ခြမ်းတွင် မောင်းလှော်ကျေးရွာမှ
တစ်ဆင့် ရတောင်- မင်းကုတ်- ပြင်ဝန်း- ဂျိုးတောင်- ချုံချင်း-၀ါရစ်ကရင်- ၀ါရစ်မြန်မာ-
လယ်သစ် အနောက်လမ်းနှင့် မောင်းလှော်- ဇေးကမိ- ညောင်ဘီး- အညင်း-ပဲယာလမ်း တို့ကို ကူးသန်းသွား
လာနိုင်မည် ဖြစ်ပြီး ပြည်သူ ၃၀၀၀၀ ခန့်ကို အကျိုးပြုနိုင်မည် ဖြစ်ကြောင်း ရှင်းလင်း
ဖြေကြားသည်။
ထို့နောက် ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၉)မှ
ဦးစိုးသိန်း၏ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖွံ့ဖြိုးရေး ဆောင်ရွက်ပေးရာ၌ လမ်းပန်း
ဆက်သွယ်ရေး ပိုမို ကောင်းမွန်စေရန် ပုဏ္ဏားကျွန်း- ပေါက်တော မြစ်ကူးတံတား တည်ဆောက် ပေးရန်
အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက
အဆိုပါ တံတားကြီးသည် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊
သံလွင်မြစ်နှင့် စစ်တောင်း မြစ်များပေါ်တွင် တည်ဆောက်သော တံတားများကဲ့သို့ မဟုတ်ဘဲ ဒီရေ
အတက်အကျ ရှိသည့် ပင်လယ်ဝတွင် တည်ဆောက်ရမည်
ဖြစ်သည့်အတွက် လှိုင်း အလွန်ကြီးမားပြီး ပြည်တွင်းရေကြောင်း နှစ်ထပ် သင်္ဘောများ စစ်တွေမြို့မှ
ပုဏ္ဏားကျွန်းမြို့-မြောက်ဦးမြို့- ကျောက်တော်မြို့သို့ နေ့စဉ် သွားလာလျက် ရှိသဖြင့်
ရေလမ်းကင်းလွတ်အမြင့်အပါ အ၀င် Foundation အထိ မီတာ ၁၀၀ ကျော် တည်ဆောက်ရမည် ဖြစ်ပါကြောင်း၊
လက်ရှိ မြန်မာနိုင်ငံတွင် တည်ဆောက်နေသော တံတားကြီးများတွင် အသုံးပြုနေသည့် စက်ယာဉ်၊
ယန္တရားများနှင့် လုံလောက်မှုမရှိဘဲ အဆင့်မြင့် စက်ယာဉ်၊ ယန္တရားများ လိုအပ်မည် ဖြစ်သည့်
အပြင် ငွေကြေးပိုင်းဆိုင်ရာ ကုန်ကျမှု မြင့်မားသည့် အတွက် ရန်ပုံငွေ အကန့်အသတ်လည်း ရှိမည်
ဖြစ်ပါကြောင်း။
ရခိုင်ပြည်နယ်၏ အဓိက၀င်ပေါက် လမ်းမကြီးများ
ဖြစ်သော မင်းဘူး- အမ်း- စစ်တွေလမ်းနှင့် ငသိုင်းချောင်း- ဂွ-သံတွဲလမ်းပေါ်ရှိ ယာယီတံတားများအား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို
ယခု ၅ နှစ် စီမံကိန်း ကာလအတွင်း ဦးစားပေး
ဆောင်ရွက်လျက် ရှိသဖြင့် လုပ်ငန်းပမာဏ ကြီးမားသော အဆိုပါ ကစ္ဆပနဒီ (ကုလားတန်) မြစ်ကူး
တံတား အတွက် နိုင်ငံခြား အကူအညီများ တောင်းခံသွားမည် ဖြစ်ပြီး နိုင်ငံတကာ အကူအညီ ရရှိမှုအပေါ်
မူတည်၍ အမြန်ဆုံး ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။
မကွေး တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ
ဦးတင်အောင်ထွန်း၏ မင်းဘူး မြို့နယ်တွင် အသစ်ပြန်လည် တည်ဆောက်ခဲ့သည့် ရေပူရိုးချောင်းတံတားနှင့်
တံတား ချဉ်းကပ်လမ်း ဆောင်ရွက်ခြင်းတွင် လုပ်ငန်းပြီးစီးမှုနှင့် ကျွမ်းကျင်မှုဆိုင်ရာ
အရည်အသွေး စစ်ဆေးရေး၊ ထိန်းသိမ်းရေး Work
Done & Quality Control (WD/QC) အဖွဲ့များက စစ်ဆေး လက်ခံပြီးမှ တံတား ချဉ်းကပ်လမ်း
ပြိုကျပျက်စီးမှုတွင် တာဝန်ရှိသူများကို မည်ကဲ့သို့ အရေးယူ ဆောင်ရွက် သွားမည်ကို သိရှိလိုခြင်းနှင့်
စပ်လျဉ်း၍ ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ရေပူရိုးချောင်း တံတား
ချဉ်းကပ်လမ်း ပျက်စီးမှုနှင့် ပတ်သက်၍ ပြည်သူအများ သွားလာ အသုံးပြုရာတွင် အဆင်ပြေ ချောမွေ့စေရေး
အတွက် ဆောက်လုပ်ရေး ၀န်ကြီးဌာန အနေဖြင့် အမြန်ဆုံး ပြုပြင် ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊
ရေပူရိုးချောင်း တံတား တည်ဆောက်ခြင်း လုပ်ငန်းကို
ဆောင်ရွက် ခဲ့သော ကုမ္ပဏီနှင့် တာာဝန်ရှိသူများကို ယခင် ၀န်ကြီးဌာန အနေဖြင့်
လိုအပ်သလို စစ်ဆေး အရေးယူနိုင်ရန် အတွက် အကြောင်းကြားစာ ပေးပို့ဆက်သွယ် ညှိနှိုင်း ဆောင်ရွက်
သွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။
ဆက်လက်၍ မန္တလေး တိုင်းဒေသကြီး မဲဆန္ဒနယ်
အမှတ်(၆)မှ ဒေါက်တာ ဦးကြွယ်ကြွယ်၊ ကချင်ပြည်နယ်
မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းနှင့် မကွေး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ
ဒေါ်သန်းသန်းအေးတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍
ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ရှင်းလင်း ဖြေကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်းသန်းက
အမျိုးသား လွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော စာချုပ်စာတမ်းများ မှတ်ပုံတင် ဥပဒေကြမ်းကို
ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာခြင်းကို အသိပေးပြီး ယင်းဥပဒေကြမ်းနှင့်
စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ
ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဦးမင်းဦးက ကချင် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဒေါ်ရှီလာနန်တောင်
(ခ) အမ်နန်တောင် ကွယ်လွန် သွားခြင်း အတွက် အထူးဝမ်းနည်းကြောင်း အဆိုကို တင်သွင်းရာ
လွှတ်တော်က သ ဘောတူသဖြင့် အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌ
မန်းဝင်းခိုင်သန်းက ကြေညာ သည်။
ဆက်လက်၍ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး
တစ်ယောက် ကွယ်လွန်ခဲ့ပါက လူမှုရေးကူညီ ထောက်ပံ့ပေးနိုင်ရန်
အတွက် တစ်နေ့တာ နေ့တွက် စရိတ်ကို စုပေါင်း ကူညီကြရန် လွှတ်တော်၏ သဘောထား ရယူရာ လွှတ်တော်က
သဘောတူသဖြင့် အတည်ပြုကြောင်း အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသား လွှတ်တော် သတ္တမ
ပုံမှန်အစည်းအဝေး ၁၁ ရက် မြောက်နေ့ကို ဖေဖော်ဝါရီ
၂ ရက်တွင် ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်
(သတင်းစဉ်)
No comments:
Post a Comment