Saturday, December 2, 2017

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ထားဝယ် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး


နေပြည်တော် ဒီဇင်ဘာ ၂
မြန်မာအထူးစီးပွားရေးဇုန် ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ပြည်ထောင်စု ၀န်ကြီး ဒေါက်တာသန်းမြင့်၊ ဦးအုန်းမောင်တို့နှင့် အတူ ယနေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့သို့ ရောက်ရှိပြီး ထားဝယ်အထူး စီးပွားရေးဇုန် အကောင် အထည် ဖော်နေမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဒုတိယသမ္မတနှင့် အဖွဲ့သည် တနင်္သာရီ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်နှင့် အတူ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းသို့ နံနက် ၁၁ နာရီတွင် ရောက်ရှိကြပြီး စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော်မှု အခြေအနေကို စစ်ဆေးရာ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး ၀န်ကြီး ဦးဖြိုးဝင်းထွန်းနှင့် ကော်မတီ အတွင်းရေးမှူး ဒေါက်တာတင့်ထူးနိုင် တို့က ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းဆိုင်ရာ အချက် အလက်များ၊ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်သွားမည့်ပုံစံ၊ ကနဦး စီမံကိန်းများအတွက် လက်မှတ် ရေးထိုးခဲ့သည့် သဘောတူစာချုပ်များ၊ ထားဝယ်အထူးစီးပွားရေးဇုန်မှ မြန်မာ-ထိုင်း နယ်စပ် (ဖူနမ်ရွမ်) သို့ ဆက်သွယ်သည့် နှစ်လမ်းသွား ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် အခြေအနေ၊ ဆိပ်ခံတံတား ၁ ခု တည်ဆောက်ပြီးစီးမှု၊ ဆိပ်ခံ တံတားနှင့် ဆိပ်ကမ်းငယ် တည်ဆောက်မည့် အစီအစဉ်၊ စက်မှုဇုန်ဧရိယာ(A) အတွင်း ဆောင်ရွက်ခွင့် ပြုသွားမည့် လုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားနှင့် ရေရရှိရေးဆောင် ရွက်သွားမည့် အစီအစဉ်၊ ကနဦးမြို့ပြ နယ်မြေ တည်ဆောက်မည့် အစီအစဉ်နှင့် ပြန်လည်နေရာ ချထားရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင် ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဦးအုန်းမောင်နှင့် ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးတို့က ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များနှင့် ပြန်လည် သုံးသပ်စဉ်းစားရမည့် လုပ်ငန်းများကို ဖြည့်စွက်ဆွေးနွေးတင်ပြ ကြသည်။
တင်ပြချက်များနှင့် စပ်လျဉ်းပြီး ဒုတိယသမ္မတက ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းသည် မိမိတို့နိုင်ငံအတွက် အကျိုးဖြစ်ထွန်းရုံ သာမက အရှေ့တောင်အာရှ နိုင်ငံများ၊ အရှေ့အလယ်ပိုင်း နိုင်ငံများ အပါအ၀င် နိုင်ငံအများစုကို အကျိုးပြုမည်ဖြစ်ပါကြောင်း၊ စီမံကိန်းအတွက် လိုအပ်သည့် မြန်မာ-ထိုင်း နယ်စပ်သို့ ဆက်သွယ်သော နှစ်လမ်းသွား ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကိုလည်း အမြန်ဆုံးအကောင် အထည်ဖော်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တစ်ဖက်တွင် တစ်ချိန်တည်း တစ်ပြိုင်တည်း ဆောင်ရွက်၍ရသည့် လုပ်ငန်းများကိုလည်း လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ ယခုစီမံကိန်းသည် ကုန်သွယ်ရေးအတွက် သာမက ခရီးသွား လုပ်ငန်း အတွက်ပါ အကျိုး သက်ရောက်မှု ရှိပါကြောင်း၊ နိုင်ငံအတွက်လည်း အရေးကြီး သည့် ကဏ္ဍတစ်ခုအဖြစ် ပါဝင်နေပါကြောင်း၊ စီမံကိန်းရှေ့ဆက် အကောင်အထည်ဖော်နိုင် ရေးအတွက် မြန်မာ-ထိုင်း-ဂျပန် တွေ့ဆုံဆွေးနွေးကာ အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းကို ရှာဖွေရမည် ဖြစ်ပါကြောင်း၊ စိတ်ရင်း စေတနာကောင်းများဖြင့် ၀ိုင်းဝန်းပါဝင် ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထားဝယ်အထူးစီးပွားရေးဇုန်သည် ထိုင်းနိုင်ငံနယ်စပ်နှင့် ၁၃၂ ကီလိုမီတာ၊ ဘန်ကောက်နှင့် ၃၀၀ ကီလိုမီတာတွင် တည်ရှိပြီး GMS Southern Economic Corridor ဖြစ်သည့် ဘန်ကောက်-ဖနွမ်ပင်-ဟိုချီမင်းမြို့များနှင့် တဆက်တည်းချိတ် ဆက်နိုင်ကြောင်း၊ အနောက်အာရှ၊ အရှေ့ အလယ်ပိုင်း၊ ဥရောပနှင့် အာဖရိက ဒေသများသို့ ချိတ်ဆက်နိုင်မည့်နေရာဖြစ်ပြီး မလက္ကာ ရေလက်ကြားအပြင် အခြား ရွေးချယ်စရာ လမ်းကြောင်းအဖြစ် တည်ရှိကြောင်း၊ ထို့ပြင် သတ္တုနှင့် ရေလုပ်ငန်း စသည့် သဘာဝသယံဇာတ အရင်းအမြစ်များ ကြွယ်ဝခြင်းနှင့် လုပ်အားခဈေးနှုန်းအရ အခြားနိုင်ငံများထက် ပိုပိုဆွဲဆောင်မှုရှိသည့် နေရာဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို အောင်မြင်စွာအကောင် အထည်ဖော်နိုင်ရေး အတွက် မြန်မာ၊ ဂျပန်၊ ထိုင်း သုံးနိုင်ငံတို့ ပူးပေါင်းဆောင် ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့် အဖွဲ့အား ထားဝယ်ဟိုတယ်၌ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကောင်းစံဦးက တနင်္သာရီ တိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု၊ ဧည့်သည်ဝင်ရောက်မှု၊ တည်းခိုမှုနှင့် ၀င်ငွေရရှိမှု၊ ခရီးသွား ကုမ္ပဏီများ တိုးတက်လာမှု၊ ဟိုတယ်ဆိုင်ရာ ၀န်ဆောင်မှု သင်တန်းနှင့် ဒေသဧည့်လမ်းညွှန် သင်တန်းဖွင့်လှစ်မှု၊ ရပ်ရွာ လူထုအခြေပြု ခရီးသွားလုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်မှု၊ တနင်္သာရီ တိုင်းဒေသကြီးအတွင်း ခရီးသွားလာ လည်ပတ် နိုင်သည့် ထင်ရှားသည့် နေရာများ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် နိုင်ငံတော်မှ ဆောင်ရွက်ပေးရမည့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်တို့က လုပ်ငန်း လိုအပ်ချက်များကို ဖြည့်စွက်တင်ပြကြရာ ဒုတိယသမ္မတက ပေါင်းစပ် ညှိနှိုင်းပေးသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ထားဝယ်မြို့ ပြည်သူ့ဝန်ဆောင်မှုရုံး၌ ဌာန ၁၃ ခုမှ ဆောင်ရွက်ပေးနေသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအား သွားရောက်ကြည့်ရှုအားပေးသည်။
ယင်းနောက် မေတ္တာမြို့သို့ရောက်ရှိကြပြီး ထားဝယ်အထူး စီးပွားရေးဇုန်မှ မြန်မာ-ထိုင်း နယ်စပ် (ထီးခီး) ရွာအထိ ဆက်သွယ်သည့် နှစ်လမ်းသွား ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်မည့် လမ်းကြောင်း အခြေအနေကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ဒုတိယ သမ္မတသည် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ဦးစောဆာပူးနှင့် ဦးစောတူးနား တို့အား တွေ့ဆုံနှုတ်ဆက်ပြီး ဒေသဖွံ့ဖြိုးရေး အတွက် ငြိမ်းချမ်းရေးသည် အရေးကြီးပါကြောင်း၊ ဒေသ တည်ငြိမ်အေးချမ်းမှု ရှိမှသာ လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် လက်တွဲ ပူးပေါင်း ဆောင်ရွက်စေလိုပါကြောင်း ပြောကြား ခဲ့သည်။
ထို့နောက် လောင်းလုံမြို့နယ်ရှိ မောင်းမကန် ကမ်းခြေသို့ ရောက်ရှိကြပြီး မောင်းမကန် ကမ်းခြေ ဒေသ ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားမှု အခြေအနေကို ကြည့်ရှု လေ့လာသည်။
(သတင်းစဉ်)

No comments:

Post a Comment