Monday, August 28, 2017

၂၀၁၆ ခုနှစ် ပုဂံဒေသ ငလျင်လှုပ်ခတ်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် နည်းပညာဆိုင်ရာ လုပ်ငန်းညှိနှိုင်း ဆောင်ရွက်ရေးဖိုရမ် (Technical Coordination Forum) ကျင်းပ

ပုဂံ သြဂုတ် ၂၇
ပုဂံဒေသတွင် ၂၀၁၆ခုနှစ် သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ငလျင်အလွန် ပြန်လည်ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းဆောင်ရွက်ခဲ့သည့် နည်းပညာဆိုင်ရာ လုပ်ငန်းညှိနှိုင်းမှုဖိုရမ် (Technical Coordination Forum) ကို ပုဂံရှေးဟောင်းသုတေသန ပြတိုက်၌ ယမန်နေ့နံနက် ၉ နာရီခွဲတွင် ကျင်းပသည်။

အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဝန်ကြီး ဦးမြတ်သူတို့က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ သံမှူးကြီးနှင့် UNESCO ရန်ကုန်ရုံး တာဝန်ခံတို့က နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။
ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများကို ပြင်ဆင်ထိန်းသိမ်းမှုများနှင့် ပတ်သက်၍ တစ်နှစ်အတွင်း ဆောင်ရွက်ခဲ့မှု၊ အကြံပေး အဖွဲ့ကိုယ်စား ဒေါက်တာအောင်ကျော်မြတ်က အကြံပေးအဖွဲ့၏ ကြီးကြပ်ပေးမှုနှင့် ဆက်လက်ဆောင်ရွက်ရန် အကြံပြုချက်များ၊ မြန်မာနိုင်ငံ ငလျင်ကော်မတီဥက္ကဋ္ဌ ဦးညွန့်မောင်စန်းနှင့် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်တို့က ငလျင်ကြိုတင် ကာကွယ်နိုင်ရန်အတွက် အနာဂတ်တွင် ဖြစ်လာနိုင်သော ငလျင် အချက်အလက်များနှင့် အန္တရာယ် ရှိသောနေရာများ မြေပုံရေးဆွဲခြင်းနှင့် လေ့လာသုတေသနပြုနေမှုများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းကိုယ်စား အမှုဆောင် ဦးစောထွေးဇော်က အသင်း၏ စစ်ဆေးအကြုံပြုမှုနှင့် လုပ်ငန်းဆောင်ရွက်မှု၊ UNESCO ၏ ပြင်ပပညာရှင် များဖြစ်သော Mr. Pierre Pichard၊ Mr. Predrag Gavrilovic နှင့် Mr. Rodolfo Lujun တို့က ၎င်းတို့ကျွမ်းကျင်မှု နယ်ပယ်အလိုက် ကွင်းဆင်းလေ့လာတွေ့ရှိချက်များ၊ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များနှင့် အကြံပြုချက်များ ၊ လေကြောင်း/ အာကာသ တက္ကသိုလ်၊ Technical Support Team (TST)တို့က ပုဂံငလျင်အလွန်ကာလတွင် ပြန်လည်ပြုပြင် ထိန်းသိမ်းရန်လုပ်ငန်းများ၌ ပါဝင်ကူညီဆောင်ရွက်မှုများ၊ ပရဟိတအဖွဲ့များက ငလျင်အလွန် ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့မှုများ ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးတို့က ငလျင်ဒဏ်ခံဘုရား ပြန်လည်ထိန်းသိမ်းရေး အရေးပေါ်ကာလတွင် ပါဝင်လုပ်အားပေးခဲ့သည့် ပရဟိတ အဖွဲ့အစည်းများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ထို့နောက် ညောင်ဦးခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက ငလျင်ဒဏ်ခံဘုရားပုထိုးများ ပြုပြင်ရေး အလှူငွေလက်ခံရရှိမှု များနှင့် လုပ်ငန်းဆောင်ရွက်မှုများ ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး  ဦးစိုးစိုးလင်းက ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်မှုများ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အဆောက်အဦ အထူးအဖွဲ့(၇) လက်ထောက် ညွှန်ကြားရေးမှူး ဦးလှမိုးဇော်က ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံတို့မှ ကိုယ်စားလှယ်များက နိုင်ငံတကာ အကူအညီဖြင့် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများ ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးချက် များနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များ ချမှတ်ကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment