Monday, August 28, 2017

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ လူမျိုးစုရေးရာကော်မတီတို့အကြား အကျိုးတူပူးပေါင်း ဆောင်ရွက်ရေး ဒုတိယအကြိမ် ပြင်ဆင်ချက်သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကျင်းပ

နေပြည်တော် သြဂုတ် ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံလူမျိုးစုရေးရာ ကော်မတီတို့အကြား အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး ဒုတိယအကြိမ် ပြင်ဆင်ချက်သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ လူမျိုးစုရေးရာ ကော်မတီ ဥက္ကဌ/ဝန်ကြီး H.E. Mr. Do Van Chien နှင့်အဖွဲ့ဝင်များ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် ဌာနအကြီးအကဲများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ လူမျိုးစုရေးရာ ကော်မတီဥက္ကဌ/ဝန်ကြီးတို့က အဖွင့်အမှာစကား ပြောကြားကြပြီး နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် လူမျိုးစုရေးရာ ကော်မတီတို့အကြား အကျိုးတူပူးပေါင်းဆောင်ရွက်ရေး ဒုတိယအကြိမ် ပြင်ဆင်ချက် သဘောတူစာချုပ်အား လက်မှတ်ရေးထိုးကြသည်။
ထို့နောက်နှစ်နိုင်ငံကိစ္စရပ်များ ဆွေးနွေးကြရာတွင် ဖွံ့ဖြိုးမှု နောက်ကျကျန်နေခဲ့သော နယ်စပ်ဒေသများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံများ၊ လမ်း/တံတား၊ ပညာရေး၊ ကျန်းမာရေး၊ ရေရရှိရေး၊ လျှပ်စစ်မီးလင်းရေးဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များနှင့် လူငယ်သင်တန်းကျောင်းများ ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပို့ချနေမှု အမျိုးသမီး အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်တန်း ကျောင်းများ၊ စက်မှုလက်မှု သင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြား ပေးနေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
မွန်းလွှဲပိုင်းတွင် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ လူမျိုးစုရေးရာ ကော်မတီဥက္ကဌ/ဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညို၍ ဆင်ဖြူတော်အား လေ့လာ ကြည့်ရှု့ကြသည်။
ညနေပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံလူမျိုးစုရေးရာ ကော်မတီဥက္ကဌ/ဝန်ကြီး H.E.Mr. Do Van Chien ဦးဆောင်သောအဖွဲ့အား နေပြည်တော် ရှိ Kempinski Hotel ၌ ညစာဖြင့် တည်းခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment