Monday, August 28, 2017

ပြည်သူ့လွှတ်တော် ဒုတိယအကြိမ် ပဉ္စမပုံမှန် အစည်းအဝေး (၅၁) ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် သြဂုတ်လ ၂၈
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၅၁) ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ရေဖြူ မဲဆန္ဒနယ်မှ ဦးသက်နိုင်ဦး၏ ထားဝယ်အထူး စီးပွားရေးဇုန် ကနဦးစီမံကိန်းလုပ်ငန်းများ မည်သည့်အချိန်တွင် စတင်မည်နည်း၊ စတင်မည့် ကနဦးစီမံ ကိန်းတွင် မည်သည့်လုပ်ငန်းများပါဝင်ပြီး မည်ကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်မည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးအောင်ထူးက ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် အီတာလျံ -ထိုင်း ကုမ္ပဏီတို့ချုပ်ဆိုခဲ့သည့် လုပ်ငန်းသဘောတူစာချုပ်အရ ကနဦးစီမံကိန်းတွင် စက်မှုလုပ်ငန်းနယ်မြေ၊ ထားဝယ် စီးပွားရေးဇုန်နှင့် မြန်မာ-ထိုင်းနယ်စပ် ထီးခီးအထိ ဖောက်လုပ်မည့် နှစ်လမ်းသွားကတ္တရာလမ်း၊ ဆိပ်ကမ်းငယ်၊ ကနဦးမြို့ပြ အိမ်ရာလုပ်ငန်း၊ ကနဦးလျှပ်စစ် ဓာတ်အားပေးလုပ်ငန်း၊ ယာယီလျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ ရေရရှိရေး လုပ်ငန်း၊ တယ်လီဖုန်းဆက်သွယ်ရေးလိုင်းနှင့် သဘာဝဓာတ်ငွေ့ရည်ဆိပ်ကမ်းလုပ်ငန်း စီမံ ကိန်းတို့ ပါဝင်ပါကြောင်း၊ သို့သော်လည်း နှစ်ဦးနှစ်ဖက် ကြိုတင်ဖြည့်ဆည်းရမည့် အချက် များ ကိုသတ်မှတ်ထားသော အချိန်ကာလအတွင်း ဖြည့်ဆည်းနိုင်ခြင်းမရှိသည့်အတွက် နှစ်ဘက် သဘောတူညီမှုဖြင့် သက်တမ်းထပ်မံ တိုးမြှင့်ခြင်းများကို ဆောင်ရွက် ခဲ့ရာ ၂၀၁၇ ခုနှစ် ဒီဇင် ဘာလကုန်အထိ တိုးမြှင့်သတ်မှတ်ခဲ့ပါကြောင်း။
ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်မှု အပေါ် ကြီးကြပ်ရန်အတွက် မြန်မာ-ထိုင်း ပူးတွဲကျွမ်းကျင်သူများ အထူး လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းလုပ်ငန်းများ၏ လက်ရှိအခြေအနေအရပ်ရပ်ကို လေ့လာသုံးသပ်၍ ရှေ့ဆက်လက် ဆောင်ရွက်နိုင်မည့် လုပ်ငန်းအစီအစဉ်ကို သတ်မှတ်ထားသည့်  အချိန်ဇယားနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။
အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချို၏  ပြည်တွင်းအသေးစား၊ အလတ်စားလုပ်ငန်း (SME)များ ယိုင်နဲ့ရပ်ဆိုင်း နှောင့်နှေးခြင်းများ မဖြစ်ပေါ်စေရန်နှင့် ပိုမိုဖွံ့ဖြိုးတိုးတက်ခိုင်မာ စေရန်အတွက် လိုအပ်ချက် အရပ်ရပ်ကို ပံ့ပိုးကူညီပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက  SME လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် အနီးကပ်ဝန်ဆောင်မှုပေးနိုင်ရန်  ၂၀၁၄ ခုနှစ်မှ စတင်ပြီး တိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင်  SME ရုံးခွဲပေါင်း ၅၃ ရုံးဖွင့်လှစ်ခဲ့ပါကြောင်း၊ နည်းပညာဆိုင်ရာ လွှဲပြောင်းပေးမှု ၃၈ ခု အပါအ၀င် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး ရေးအထောက်အကူပြု   Program (၁၂၅၃)ခုကို  SME လုပ်ငန်းရှင် ၂၉၀၀၀ ကျော်တို့အား လက်တွေ့ထုတ်လုပ်မှုနည်းပညာများနှင့် စီးပွားရေးလုပ်ငန်း အထောက် အကူပြု စီမံခန့် ခွဲမှု နည်းပညာများထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါကြောင်း။
စက်မှုဝန်ကြီးဌာနအနေဖြင့် SME များ ချေးငွေရရှိရန် ချေးငွေထုတ်ပေးသည့် ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက် ပေးခြင်း၊ လုပ်ငန်း ထောက်ခံချက်ထုတ်ပေးခြင်း၊ ချေးငွေ လျှောက်ထားရာတွင် တင်ပြရမည့်  Business Plan ရေး ဆွဲနိုင်ရန် သင်တန်းများပို့ချပေး ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သမ၀ါယမဘဏ်၊ မြန်မာ့အာမခံလုပ်ငန်း၊ ဂျပန်နိုင်ငံ  Sumitomo Mitsui Banks Corporation (SMBC)တို့ ပူးပေါင်းပြီး အလားအလာ ရှိသည့်   SME များကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီလမှ စတင်ပြီး အပေါင်ပစ္စည်းမဲ့ ချေးငွေထုတ် ချေးခဲ့ရာ  ၂၀၁၇ ခုနှစ် မေလအထိ SME လုပ်ငန်း ရှင် ၅၁ ဦးကို ငွေကျပ် ၆၇၉ ဒသမ ၅ သန်း ထုတ်ချေးပေးခဲ့ပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဘီးလင်း မဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး၏ ကုမ္ပဏီသို့ ငှားရမ်းထားသော ဘီးလင်း သကြားစက်ကို လည်ပတ်ရန်မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်နှင့် ကြံစိုက်တောင်သူများ၏ ကြံများကိုမည်ကဲ့သို့ ဝယ်ယူပြီး အာမခံချက်မည်မျှပေး နိုင်မည်ဆိုသည့် မေးခွန်းနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြန်လည်ဖြေကြား သည်။
ထို့နောက် စေတုတ္တရာ မဲဆန္ဒနယ်မှ  ဦးကျော်အောင်လွင်၏“နိုင်ငံတော်နှင့် နိုင်ငံသား များပိုင်ဆိုင်သည့် ပေါကြွယ်ဝလှသော ကျောက်မျက်ရတနာများနှင့် တွင်းထွက်သတ္တုသယံ ဇာတများအား အနာဂတ်နိုင်ငံတော်နှင့် နောင်လာနောက်သားများ အရှည်သဖြင့် သုံးဆောင် ခံစားနိုင်ရေးအတွက် စနစ်တကျ တူးဖော်ထုတ်လုပ် ထိန်းသိမ်းစောင့်ရှောက်ပေးပါရန် နိုင်ငံ တော်အစိုးရအား တိုက်တွန်းကြောင်း”အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မိုးညှင်း မဲဆန္ဒနယ်မှ ဒေါ်စန်းစန်းအိ က  နိုင်ငံသားများအတွက် ကျောက်စိမ်းလောက ကို အမြန်ဆုံးပြောင်းလဲရန် လိုအပ်ပါကြောင်း၊  နိုင်ငံတော်အစိုးရသစ်၏ ရွေးကောက်ပွဲ ကြေငြာစာတမ်းပါ ရေရှည်တည် တံ့ခိုင်မြဲသည့်ဖွံ့ဖြိုးမှုကို အာမခံနိုင်သောစီးပွားရေးကို ပွင်းလင်းမြင်သာစွာ ဆောင်ရွက်ရေး မူဝါဒပန်းတိုင်သည် အရင်းအမြစ်ဝေမျှရေးဖြစ်သည့် ကျောက်မျက်ကဏ္ဍများနှင့် ဆက်စပ်နေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်း ချမ်းရေးမူဝါဒပန်းတိုင်တို့ကို  အမြန်ဆုံး ရောက်ရှိနိုင်ရန်အတွက် နိုင်ငံသူ နိုင်ငံသားများပိုင်ဆိုင်သည့် သယံဇာတထုတ်ယူသုံးစွဲမှုကို စနစ်တကျ ထိန်းသိမ်းစောင့် ရှောက်ပေးရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။
မိုးကောင်း မဲဆန္ဒနယ်မှ ဦးဝင်းနိုင်က တွင်းထွက်သတ္တုသယံဇာတ၊ ကျောက်မျက် ရတနာထုတ်လုပ်လိုက်သည်နှင့်အမျှ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းမှာ ကပ်လျက်ပါလာ မည်ဖြစ်ကြောင်း၊ ဖားကန့်ကျောက်စိမ်းမှော်များ၊ တနိုင်းရွှေမှော် များ၏ သဘာဝပတ်ဝန်း ကျင်ပျက်စီးမှုသည် တစ်ကမ္ဘာလုံးက စောင့်ကြည့်ရလောက်အောင်ဖြစ်နေ ပါကြောင်း၊ ယင်းကို ဆန်းစစ်ကြည့်ပါက လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း စက်ယန္တရားကြီးများ ဖြင့် အလွန်အကျွံထုတ်လုပ် ခဲ့ကြသည့်အပြင် ထုတ်လုပ်မှုများကို ကြီးကြပ်ရာတွင် အားနည်းခဲ့ ခြင်းကြောင့်ဖြစ်ပါကြောင်း၊ ယင်းခြေအနေများကို ထိန်းညှိနိုင်ရန် တိကျပြတ်သားသည့် ဥပဒေများပြဋ္ဌာန်းရန်လိုအပ်ပြီး တူးဖော်ထုတ်လုပ်ရန် ဥပဒေများရေးဆွဲရာတွင်  အမျိုး အစားအလိုက် သတ်မှတ်ခွဲခြားရန် လိုပါကြောင်း။
နိုင်ငံတော်နှင့်နိုင်ငံသားများ ပိုင်သည့် တွင်းထွက်ကျောက်မျက်ရတနာ သယံဇာတ များကို သားစဉ်မြေးဆက် ခံစားနိုင်ရန်နှင့် အချိန်မီထိန်းသိမ်းရန် လိုအပ်သကဲ့သို့ တပိုင် တနိုင်လုပ်ငန်းများအတွက် တိကျရှင်းလင်းသည့် ဥပဒေများ ရေးဆွဲပြီး ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းအတွက် ဖန်တီးပေးသင့်ပါကြောင်း ဆွေးနွေးသည်။
အလားတူအရာတော် မဲဆန္ဒနယ်မှ ဒေါက်တာဦးခင်မောင်သင်း၊ ပြင်ဦးလွင် မဲဆန္ဒနယ်မှ ဒေါက်တာ ဦးအောင်ခင်၊ ဆာလင်းကြီး မဲဆန္ဒနယ်မှ ဦးဝင်းသိန်းဇော်၊ မိုင်းရှူး မဲဆန္ဒနယ်မှ ဦးစိုင်းထွန်းအေး၊ ခန္တီး မဲဆန္ဒနယ်မှ ဦးအောင်သန်းစိန်၊ မံစီ မဲဆန္ဒနယ်မှ ဦးချင်းဖေလင်း၊ ဗန်းမော် မဲဆန္ဒနယ်မှ ဦးအောင်သိန်း၊ အင်ဂျန်းယန် မဲဆန္ဒနယ်မှ ဦးလမာနော် အောင်၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးမြတ်ကို၊ ကန်ပက်လက် မဲဆန္ဒနယ်မှ ဦးစံခင်၊ ရွှေကူ မဲဆန္ဒနယ်မှ ဦးဇာနည်မင်း၊ မိုးကုတ် မဲဆန္ဒနယ်မှ ဦးအောင်နိုင် (ခ) ဦးနိုင်ကျော်၊ မိုးမောက် မဲဆန္ဒနယ်မှ ဦးဝင်းအောင်နှင့် မင်းတုန်း မဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနု တို့ကဆွေးနွေးကြသည်။
ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက နိုင်ငံတော်နှင့် နိုင်ငံသားတို့ ပိုင်ဆိုင်သည့် ဓာတ်သတ္တု၊ ကျောက်မျက်၊ ပုလဲစသည့် သယံဇာတ ပစ္စည်းများအား နိုင်ငံသားများအားလုံး သားစဉ်မြေးဆက်ခံစားရရှိရေးအတွက် ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးနှင့် တာဝန်ခံမှု၊ တာဝန်ယူမှုရှိသည့် ပွင့်လင်းမြင်သာသော မိုင်းတွင်းလုပ်ငန်းများနှင့် အစိမ်းရောင်စီးပွားရေး လုပ်ငန်းအဖြစ် ထုတ်လုပ်ဆောင်ရွက် ရန်မူဝါဒချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ “သဘာဝသယံဇာတ တူးဖော်မှု သားစဉ် မြေးဆက်အကျိုးပြု” ဆိုပြီး ရည်မှန်းချက်ထား သတ်မှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်ပြီး ရေရှည်အကျိုးရှိစေမည့် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့် အ၀ရှိသော သယံဇာတထုတ်လုပ် သုံးစွဲမှု ကဏ္ဍတိုးတက်ရေးကို ဖော်ဆောင်သွားရန် ရည်မှန်းချက် တာဝန်ဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း၊ အစိမ်းရောင် သယံဇာတတူးဖော် ထုတ်လုပ်မှု လုပ်ငန်းမှ တာဝန်ယူ၊ တာဝန်ခံသော သယံဇာတ တူးဖော်ထုတ်လုပ်မှုလုပ်ငန်းအဖြစ်သို့ ရောက်ရှိစေရန် ပန်းတိုင် ထားဆောင်ရွက်လျက်ရှိပါကြောင်း။
သို့ဖြစ်၍ ၀န်ကြီးဌာန အနေဖြင့် ကျောက်မျက်ရတနာနှင့်သတ္တုတွင်းထွက်သယံဇာတ များ အနာဂတ်နိုင်ငံတော်နှင့် နောင်လာနောက်သားများ အရှည်သဖြင့် အသုံးပြုနိုင်ရန် လိုအပ်သည့်အချိန်မှသာ ထုတ်လုပ်သုံးစွဲရန် နိုင်ငံတော်၏ အရန်သတ္တုသိုက်ပမာဏ များထား ရှိပြီး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုအဆိုကို အတည် ပြုပေး သင့်ပါကြောင်း ပြန်လည်ရှင်းလင်းသည်။
အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်သည်။

မျိုးမြင့်၊ မွှေးကြူဇင် (သတင်းစဉ်)

No comments:

Post a Comment