နေပြည်တော်
သြဂုတ် ၂၈
ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး
၅၀ ရက်မြောက် နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင်
နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်းက ပြည်သူတို့၏
တိုင်ကြားစာ ဆိုင်ရာကော်မတီတွင် အဖွဲ့ဝင် ဗိုလ်မှူးချုပ် ဇော်ဇော်နိုင် အစား ဗိုလ်မှူးကြီး
ကောင်းကျော်အား အဖွဲ့ဝင်အဖြစ်အစားထိုး ပြင်ဆင်ဖွဲ့စည်းခြင်း ကို လွှတ်တော်သို့ တင်ပြ၍
အတည်ပြုချက် ရယူသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ
ဦးဘမျိုးသိန်း၏ မြန်မာ နိုင်ငံတွင် ဘူဒိုဇာများ
(Bulldozer)၊ ဘက်ဟိုးယာဉ်များ ( Back Hoe)၊ မြေတူးစက်ကြီး များ (Excavator)၊ မြေသယ်ယာဉ်ကြီးများကို
ယာဉ်မှတ်ပုံတင်စာရင်းတင်သွင်းခြင်း၊ ယာဉ်နံပါတ်ပေးခြင်း၊ လုပ်ငန်းလိုင်စင်များ ချထားပေးခြင်းနှင့်
သက်တမ်းတိုးပေးခြင်းများ ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက စီးပွားရေးနှင့်
ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနအနေဖြင့် လုပ်ငန်းသုံးမော်တော်ယာဉ်နှင် စက်ယန္တရား ယာဉ်များ
တင်သွင်းခြင်းနှင့် ပတ်သက်၍ ပင်လယ်ရေကြောင်းနှင့် နယ်စပ်စခန်းများ ဖြစ်သည့် မူဆယ်၊
မြ၀တီ၊ တာချီလိတ် စခန်းများမှ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိတွင် ၂၀၀၇ခုနှစ်မှ
၂၀၁၇ခုနှစ် အထိ Model များကို တင်သွင်းခွင့်ပြုပေးလျက် ရှိပါကြောင်း။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနအနေဖြင့် Bulldozer များ၊ Black Hoeများ၊
Excavator များ၊ လုပ်ငန်းခွင်၌ သာ သုံးသည့် Dump Truck များနှင့် Scraper များအပါအ၀င်
အများပြည်သူသွား လာသည့် လမ်းများကို အသုံးမပြုဘဲ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သည့်
စက်ယန္တရား ကြီးများနှင့် ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တင်သွင်း
ခွင့်ပြုထားသည့် အမျိုးအစား (၁၆)မျိုးကို အခြေခံ၍ ပြည်ပမှ တရားဝင်တင်သွင်း လာသော စက်ယန္တရားကြီးများကို
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ် ရေးဦးစီးဌာနမှ ထုတ်ပေးသော
သွင်းကုန်ပါမစ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပေးသော
(Release Order Notification) နှင့် အကောက်ခွန်ဖော်ပြချက်တို့ပါရှိလျှင် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်
လိုက်လျော ညီထွေရှိစေရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ အမျိုးအစား (၁၈)မျိုးခွဲခြား၍
ယန္တရားအမှတ် (စက) မှ (စဒ) အထိ ယာဉ်နံပါတ်သတ်မှတ်ပေးကာ ပြည်ပတင်သွင်း ယန္တရားမှတ်ပုံ
တင်ခ၊ ကနဦးမှတ်ပုံတင်ခများ ကောက်ခံကာ မှတ်ပုံတင်သက်တမ်း (၁)နှစ် သတ်မှတ်၍ ဆောင်ရွက်ပေးလျက်ရှိရာ
ဇူလိုင်လ ၃၁ ရက်အထိ စုစုပေါင်း စက်ယန္တရား စီးရေ (၁၇၇၃)စီးမှတ်ပုံတင်ပြီး ဖြစ်ပါကြောင်း၊
အဆိုပါ (၁၈)မျိုးတွင် မပါဝင်သော အများပြည်သူ သွားလာသည့် လမ်းများကို အသုံးပြု၍ မြေသယ်ယာဉ်
အဖြစ် ဆောင်ရွက်လျက်ရှိသည့် (၂)တန်နှင့် အထက် Dump Truck ယာဉ်များကို ကုန်စည်ပို့ဆောင်ခွင့်
“က” လုပ်ငန်းလိုင်စင် ထုတ်ပေးလျက် ရှိပါကြောင်း။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့်
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာနတို့ လက်အောက်တွင် အသုံးပြုသည့်
စက်ယန္တ ရားကြီးများနှင့် ပတ်သက်၍ ရောက်ရှိသည့် အချိန်မှ စ၍ စက်စာရင်းပြန်တမ်းအား ဗဟိုစက်ပစ္စည်းနှင့်
စာရင်းအင်း ဦးစီးဌာနသို့ ၃ လ တစ်ကြိမ်ပေးပို့ရပါကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့်
ကျောက်မျက် ရတနာများကို အကန့်အသတ် ဖြင့် တူးဖော်ရန်အတွက် လုပ်ကွက်အကျယ်အ၀န်း အလိုက်
အသုံးပြုခွင့်ရှိသော ယာဉ်၊ ယန္တရားအရေအတွက်ကို သတ်မှတ်ထားပြီး ယင်းသတ်မှတ်အရေအတွက်အတိုင်း
အသုံးပြုခွင့်လက်မှတ်များ ထုတ်ပေးထားသည့် အပြင် ယာဉ်၊ ယန္တရားများ၏ မြင်သာသည့်နေရာတွင်
တပ်ဆင်ပြီး တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်စေလျက် ရှိပါကြောင်း။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် အများပြည်သူ သုံးလမ်းများပေါ်တွင်
မောင်းနှင်အသုံးပြုခြင်း မရှိသည့် ယာဉ်နှင့် ယန္တရားများကို သတ်မှတ်ပြဌာန်းချက်များနှင့်
ညီညွတ်ပါက ကနဦး မှတ်ပုံတင်ခြင်း၊ သတ်တမ်းတိုးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းလိုင်စင်
ထုတ်ပေးခြင်း မရှိပါကြောင်းနှင့် အများပြည်သူသုံးလမ်းများပေါ်တွင် မောင်းနှင် အသုံး
ပြုသည့် ၂တန်နှင့် အထက် Dump Truck ယာဉ်များကိုသာ “က” လုပ်ငန်းလိုင်စင် ထုတ်ပေးလျက်
ရှိပါကြောင်း ဖြေကြားသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ
ဦးဌေးဦး၏ နိုင်ငံသားများကို ဘဏ်လုပ်ငန်းများ
အသုံးများလာကြစေရန် ပညာပေးဆွဲဆောင်မှုများ အရှိန်အဟုန်ဖြင့် လုပ်ကိုင်ကြရမည့် ယနေ့အချိန်အခါမျိုးတွင်
ဘဏ်လက်ကမ်းစာစောင်များ၌ ဖော်ပြ ထားသော အကြွေးဝယ်ကတ်များကို စတင်ဝယ်ယူသုံးစွဲသည့်နေ့မှ
ရက် ၅၀ အတိုးကင်း လွတ်သည်ဟု ဖော်ပြချက်နှင့် ဆန့်ကျင်၍ နောက်ကျကြေး၊ ဒဏ်ကြေး၊ အတိုးများ
တောင်းယူနေမှုများ အပေါ် ဗဟိုဘဏ်မှ ထိန်းကျောင်းကြီးကြပ်အရေးယူပေးရန် အစီ အစဉ်ရှိ၊ မရှိ
မေးခွန်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေ၊ အပိုဒ် ၆ (က)အရ ထိရောက်သော ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်များ
ခိုင်မာတိုးတက်ရေး အတွက် ရည်ရွယ်ချက် ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်သည့်အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ၊
အခန်း(၁၂)နှင့် ငွေရေးကြေးရေးအဖွဲ့ အစည်းများ ဥပဒေ၊ အခန်း(၁၉)တို့အရ ငွေပေးချေမှုနှင့်
စာရင်းရှင်းလင်းမှုစနစ် ကြီးကြပ် ထိန်းကျောင်းခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း။
ဘဏ်များ၏ အကြွေးဝယ်ကတ်မှာ ကာလတိုချေးငွေဖြစ်ပြီး
အာမခံမဲ့ချေးငွေ ဖြစ်ပါကြောင်း၊ သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်မှုမရှိပါက ဘဏ်များ အနေဖြင့်
သုံးစွဲသည့် ပမာဏအပေါ် အတိုးကောက်ခံခြင်း နောက်ကြကြေး၊ ဒဏ်ကြေးများ ကောက်ခံမည်ဖြစ်ပါကြောင်း၊
သုံးစွဲသူများအား ကတ်လျှောက်ထားစဉ်ကတည်းက ရှင်းလင်း ပြောကြားထားသည့်အပြင် သုံးစွဲမည့်သူများမှ
သိရှိလက်ခံကြောင်း လက်မှတ်ရေးထိုးထားသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတကာတွင်ဘဏ်များ၊
ငွေကြေး ၀န်ဆောင်မှုလုပ်ငန်းများမှ အကြွေးဝယ်ကတ်များ ထုတ်ဝေလေ့ရှိပြီး ၄င်းတို့၏ ကြော်ငြာများ၊
လက်ကမ်းစာစောင်များ စသည်တို့ကို အစိုးရ၏ ဘဏ်ကြီးကြပ် သူများတွင် သာမက ဘဏ်များအသင်း၊
ငွေကြေးဝန်ဆောင်သူများအသင်း စသည်တို့နှင့် အစိုးရက ဖွဲ့စည်းပေးထားသော စားသုံးသူအခွင့်အရေးကာကွယ်ရေး
အေဂျင်စီများ၊ ဌာနများကပါ ၀ိုင်းဝန်းတာဝန်ယူ ကြီးကြပ်လေ့ရှိကြပါကြောင်း၊ စားသုံးသူများအနေဖြင့်
တရားရုံးတွင် လည်း စုပေါင်းတရားစွဲဆိုနိုင်သဖြင့် တရားစီရင်ရေး ယန္တရားကပါ ထိန်းကျောင်းပေးမှု
ရှိပါကြောင်း။
မြန်မာနိုင်ငံတွင်လည်း စားသုံးသူလူထု၏
အကြွေးဝယ်ခွင့်ကတ်များအပေါ် ယုံကြည်မှု၊ တည်ငြိမ်မှုမြင့်တက်လာစေရန် ဗဟိုဘဏ်သာမက အခြားအဖွဲ့အစည်း
များကပါ ၀ိုင်းဝန်းကြိုးပမ်းရမည် ဖြစ်ပါကြောင်း၊ ဘဏ်များအနေဖြင့် ၀န်ဆောင်မှု အသုံးပြုစေရန်
အသိပေးဖြန့်ဝေခြင်းများ လုပ်ဆောင်ရာတွင် သုံးစွဲသူများအနေဖြင့် နားလည်မှုမလွဲစေရေး ကြီးကြပ်ထိန်းကျောင်း
လုပ်ဆောင်သွားရန်နှင့် ဘဏ်များအား သုံးစွဲသူများသို့ ပိုမိုရှင်းလင်းသည့် သတင်း အချက်အလက်များ
ဖြန့်ဖြူးပေးနိုင်ရန် ဗဟိုဘဏ်အနေဖြင့် ဘဏ်များသို့ အသိပေးအကြောင်းကြားသွားမည် ဖြစ်ပါကြောင်း
ဖြေကြားသည်။
ယင်းနောက် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ
ဒေါ်နန်းနီနီအေးနှင့် ရခိုင် ပြည်နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ဦးတက်ထွန်းအောင် တို့၏ မေးခွန်းများနှင့်
စပ်လျဉ်း၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်တို့က ပြန်လည်ရှင်း လင်းဖြေကြားကြ သည်။
ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ပဲခူးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁) မှ ဒေါက်တာဝင်းမြင့်၏
မြန်မာနိုင်ငံ၏ ငါးနှင့်ရေလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊
ငါးနှင့် ရေသယံဇာတများ ထိန်းသိမ်းကာကွယ်ရေး၊ ပြည်တွင်း စားသုံးမှုဖူလုံပြီး နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ
ပိုမိုရရှိရေး၊ ကျေးလက်စီးပွားဖွံ့ဖြိုးပြီး ဆင်းရဲမှုလျော့ ချရေး၊ ငါးလုပ်ငန်းဆိုင်ရာ
သုတေသနများ၊ ပညာပေးလုပ်ငန်းများနှင့် လူသားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်
ပြီးပြည့်စုံသော ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ် ကြီးတစ်ခု (Fishery University) ဖွင့်လှစ်ပေးပါရန်
ပြည်ထောင်စုအစိုးရအား တိုက် တွန်းကြောင်းအဆိုကို
လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်
(၁၂)မှ ဦးခင်မျိုးဝင်းက ငါးလုပ်ငန်း တိုးတက်ထွန်းကားနေသည့်
နိုင်ငံများဖြစ်သော အိမ်နီးချင်း ထိုင်း၊ ဗီယက်နမ်အပြင် အာရှဒေသအတွင်း ဖိလစ်ပိုင်၊
အင်ဒိုနီးရှား၊ မလေးရှား၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ တို့အပြင် အမေရိကန်၊ ကနေဒါ
စသည့် နိုင်ငံများသည် ငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရန် ရည်ရွယ်၍ ပညာရပ်ဆိုင်ရာ ငါးတက္ကသိုလ်များကို
လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက ဖွင့်လှစ်ထားပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်
ငါးလုပ်ငန်းနှင့် ပတ်သက် သည့် တက္ကသိုလ်မရှိသည့်အတွက် နည်းပညာလည်း အားနည်းခဲ့ရပါကြောင်း၊
နည်းပညာ အားနည်းခဲ့သည့်အတွက် ရေ၊ မြေ၊ သဘာဝ အခြေအနေကောင်းများ ရှိနေ ပါသော်လည်း၊ လုပ်သလောက်
မတိုးတက်ဘဲ နိုင်ငံတကာနှင့် ယှဉ်လိုက်ပါက များစွာ နောက်ကျကျန်ရစ်ခဲ့၍ မြန်မာနိုင်ငံရှိ
အလုပ်သမားပြည်သူများကလည်း မိမိတို့နိုင်ငံ ထက် ပိုမိုတိုးတက်သော အိမ်နီးချင်းနိုင်ငံများဖြစ်သည့်
ထိုင်း၊ မလေးရှားနိုင်ငံများတွင် သွားရောက်ပြီး ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင်
သွားရောက်လုပ်ကိုင်ကြ သဖြင့် မြန်မာနိုင်ငံ၏ လုပ်သားအင်အားလည်းများစွာ ဆုံးရှုံးနေရပါကြောင်း။
မြန်မာနိုင်ငံတွင် ငါးနှင့် ရေလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး
နိုင်ငံတကာနှင့် တန်းတူ တိုးတက်ထွန်းကားလာစေရန် ငါးလုပ်ငန်းနှင့် ပတ်သက်သည့် တက္ကသိုလ်တစ်ခုကို
ပထမအကြိမ် လွှတ်တော်သက်တမ်းက မဆောင်ရွက်နိုင်ခဲ့ သော်လည်း ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင်
ပြီးပြည့်စုံသော ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်ကြီး ၁ခု စတင်ဖွင့်လှစ်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရကို
တိုက်တွန်း ကြောင်း ပြောကြားသည်။
ယင်းအဆိုနှင့် စပ်လျဉ်း၍ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးခင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး
မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမောင်မောင်အုန်း နှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း
တို့က ဆွေးနွေး ကြသည်။
အဆိုနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က ပြန်လည် ရှင်းလင်းဆွေးနွေးရာတွင် ငါးလုပ်ငန်းဆိုင်ရာ
တက္ကသိုလ်ကြီး တစ်ခုတည်ထောင်ဖွင့်လှစ်မည် ဆိုပါက အဓိကပါဝင်ရ မည့် သက်ဆိုင် ရာ ကဏ္ဍအလိုက်
သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများကို စနစ်တကျသုတေ သနပြု ရေးဆွဲရေးကို ဦးစွာဆောင်ရွက်ရန်
လိုအပ်ပါကြောင်း၊ အဆောက်အဦ၊ မြေနေရာ၊ သင်ထောက်ကူပစ္စည်းများ၊ ဓာတ်ခွဲခန်းများ၊ သင်ကြားရေး
ဆရာ၊ ဆရာမများ၊ ကွင်းဆင်းသင်ကြားနိုင်မည့် Farms and Stations များ၊ မြစ်ကြောင်းများနှင့်
ကမ်းနီးကမ်းဝေး လက်တွေ့ကွင်းဆင်း သင်ကြားမှု အထောက်အကူပြု သင်ကြားရေး သင်္ကေတများ စသည်တို့ရှိရန်
လိုအပ်ပါကြောင်း။
လိုအပ်ချက်များကို စနစ်တကျ အချိတ်အဆက်မိမိ
အကောင်အထည်ဖော်နိုင်ရေး အတွက် Master Plan ဦးစွာ ရေးဆွဲရန် လိုအပ်ပါကြောင်းနှင့် လက်ရှိတက္ကသိုလ်ကြီးများတွင်
ဆက်နွယ်လျက်ရှိသည့် ဘာသာရပ်များကို ပေါင်းစပ်ပြီး ရေနေငါးသက်ရှိများ ဆိုင်ရာ ဘာသာရပ်ဌာနအသစ်တစ်ခုအဖြစ်သာ
စတင်ဖွင့်လှစ်သင့်ကြောင်း ပညာရေး ၀န်ကြီးဌာနမှ ဖြေကြားထားသည်ဖြစ်ရာ ငါးလုပ်ငန်းဆိုင်ရာ
တက္ကသိုလ်ကြီးတစ်ခု ပေါ်ပေါက်လာရန်မှာ လက်ရှိအခြေအနေများအရ လိုအပ်ချက်များ ရှိနေသေးသဖြင့်
အချိန်ယူပြီး အကောက်အထည်ဖော်ရမည့် အခြေအနေဖြစ်ပါကြောင်း၊ ငါးလုပ်ငန်းဆိုင်ရာ ပညာရပ်များနှင့် ငါးလုပ်ငန်းအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့
အတွက် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်သည့်အတိုင်း အစီအမံများ ချမှတ်ဆောင်ရွက်လျက် ရှိသည်ဖြစ်ရာ
လက်ရှိအခြေအနေ များအရ လိုအပ်ချက်များရှိနေသေး သဖြင့် အချိန်ယူ ဆောင်ရွက်ရမည် ဖြစ်သော
ပြီးပြည့်စုံသော ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်ကြီး တစ်ခု ဖွင့်လှစ်ပေးနိုင်ပါရန် အဆိုအား
မှတ်တမ်းတင်ထားရှိနိုင်ပါရန် ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုနှင့်
စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ကို စက်ခလုတ်အသုံးပြု၍ရယူရာ ထောက်ခံမဲ ၁၃၉မဲ၊ ကန့်ကွက်မဲ
၃၇မဲ၊ ကြားနေမဲ ၄ မဲဖြင့် ထောက်ခံမဲများသည့်အတွက် ဒေါက်တာဝင်းမြင့်၏အဆို ကိုအတည်ပြုကြောင်း
ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော်ပဉ္စမပုံမှန်
အစည်းအဝေး ၅၁ရက်မြောက် နေ့ကို သြဂုတ်လ ၂၉ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း
သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့် (သတင်းစဉ်)
No comments:
Post a Comment