Monday, August 28, 2017

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး မကွေးတိုင်းဒေသကြီး အတွင်း လုပ်ငန်းများစစ်ဆေး

 နေပြည်တော် သြဂုတ်၂၈
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် သြဂုတ် (၂၆)ရက် နံနက်ပိုင်း က မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ အခြေခံကျန်းမာရေးတက္ကသိုလ်သို့ ရောက်ရှိပြီးဝန်ထမ်းများနှင့် တာဝန်ရှိသူများ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ပတက္ကသိုလ်များနှင့် ချိတ်ဆက်၍ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ အပြန်အလှန်စေလွှတ် ဆွေးနွေး ဖလှယ်သင်ကြားရေး၊ အသစ်ပြင်ဆင်ထားသော သင်ရိုးညွှန်းတမ်းကို ပြန်လည်သုံးသပ်ရေး၊ ဧည့်ကထိကနှင့် ပါမောက္ခများ ဖိတ်ခေါ်သင်ကြားရေး၊ English ဘာသာရပ်အတွက် multimedia အခန်းအဆင့်မြှင့်တင်ရေး၊ သင်ကြားရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စလင်းမြို့နယ် တောစိမ့်ကွင်းဆင်းလေ့ကျင့်ရေး ဌာနသို့ရောက်ရှိပြီး ကွင်းဆင်း သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် စလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိကြပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ စာရင်းဇယားများမှန်ကန်ရေး အလေးထားဆောင်ရွက်ရေး၊ မြွေဆိပ်ဖြေဆေးများ အာနိသင်ထိရောက်မှုကို သုသေတနပြုစစ်ဆေးရေးတို့ကို မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဥယျာဉ်ကျစ်ကျေးလက် ကျန်းမာရေးဌာနသို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးလုပ်ငန်းများတိုးမြှင့် ဆောင်ရွက်ရန်မှာကြားပြီး ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိ၍ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ပြည်ထောင်စုဝန်ကြီးသည် သြဂုတ်(၂၇)ရက်နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့်အတူ မကွေးမြို့၊ သူနာပြုနှင့် သားဖွား သင်တန်းကျောင်းသို့ ရောက်ရှိကာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံသည်။ တွေ့ဆုံစဉ် ဆရာမများ၊ ကျောင်းသား ကျောင်းသူများက လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေး မှူးချုပ်များက ရှင်းလင်းပြောကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။
မွန်းလွဲပိုင်းတွင် ဆေးတက္ကသိုလ်၊ မကွေးသို့ရောက်ရှိကြပြီး ဝန်ထမ်းများ၊ ကျောင်းသား ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment