Thursday, August 24, 2017

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေး (၄၉)ရက်မြောက်နေ့ ကျင်းပ



ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေး (၄၉) ရက်မြောက်နေ့ကို ယနေ့ နံနက် (၁၀)နာရီတွင် ကျင်းပရာ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁ ဦး ကတိ သစ္စာပြုခြင်းနှင့် ကတိသစ္စာ ပြုလွှာပေါ်တွင် လက်မှတ် ရေးထိုးခြင်း၊ မေးခွန်း(၇)ခု မေးမြန်း ဖြေကြားခြင်းနှင့် အဆို ၁ ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက် ကြသည်။

အစည်းအဝေးတွင် လားရှိုးမဲဆန္ဒနယ်မှ ဒေါက်တာ စိုင်းမောက်ခမ်း၏ မြို့တော်ခန်းမ အဝိုင်း လမ်းဆုံ(ရပ်ကွက်-၂)၊ ရေကန်လမ်းနှင့် ခိုင်ရွှေဝါလမ်းဆုံ (ရပ်ကွက်-၅)၊ သိန္နီလမ်းနှင့် ကွတ်ခိုင်လမ်းဆုံရာ သုံးမြှောင့် ရေပန်းလမ်းဆုံ (ရပ်ကွက်-၈)၊ သိန္နီလမ်းနှင့် ဟတ်ကာ လမ်းဆုံ (ရပ်ကွက်-၁၂)၊ သိန္နီလမ်းနှင့်ဟူးမွန်ဆည်လမ်းဆုံ (ရပ်ကွက် ၈၊၁၂ မန်ဆူဘုရားအနီး) နေရာများတွင် မီးပွိုင့်များ တပ်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက လာရှိုးမြို့ အမှတ်(၂)ရပ်ကွက်ရှိ မြို့တော် ခန်းမနှင့် အဝိုင်း လမ်းဆုံတွင် အဝိုင်းပတ်ရှိပြီး ဖြစ်၍ မီးပွိုင့်ထားရှိရန် မလိုအပ်ပါကြောင်း၊ ယာဉ်သွား ယာဉ်လာ ထူထပ်ချိန်တွင် ယာဉ်ထိန်းတစ်ဦး ချထား ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း။
လားရှိုးမြို့ အမှတ် ၅ ရပ်ကွက်ရှိ ရေကန်လမ်းနှင့် ခိုင်ရွှေဝါလမ်းဆုံတွင် မီးပွိုင့် တပ်ဆင်မည် ဆိုပါက အဆိုပါနေရာသည် လမ်းအနေအထား ကျဉ်းမြောင်းခြင်း၊ ယာဉ်ထိန်းရုံးခန်း Control Box ဆောက်လုပ်ရန် နေရာမရှိခြင်း၊ လက်ရှိ တပ်ဆင်ထားပြီးသော မန္တလေး လမ်းဆုံမီးပွိုင့်နှင့် ပေ ၃၀၀ ခန့်သာ ကွာဝေးသည့် အတွက် မီးပွိုင့်ထားရှိရန် မလိုအပ်ပါကြောင်း၊ လားရှိုးမြို့ အမှတ် ၈ ရပ်ကွက်ရှိ ပြည်ထောင်စုလမ်းမကြီး (သိန္နီလမ်း)နှင့် ကွတ်ခိုင်လမ်းဆုံရာ သုံးမြှောင့်ရေပန်း လမ်းဆုံတွင် မီးပွိုင့် တပ်ဆင်မည်ဆိုပါက အဆိုပါနေရာသည် တောင်ပေါ်လမ်း အနေအထားအရ ကုန်းတက်၊ ကုန်းဆင်းဖြစ်ပြီး လမ်းကြော အကွေ့အကောက် များသောကြောင့် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် မောင်းနှင်လာသော ယာဉ်မောင်းများမှ မီးပွိုင့်အား ကြိုတင် မြင်နိုင်ခြင်းမရှိဘဲ မီးပွိုင့်အနီး ရောက်မှသာ ရုတ်တရက် မြင်တွေ့နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့်  ၎င်းလမ်းဆုံ၌ မီးပွိုင့်ထားရှိရန် မသင့်ပါကြောင်း၊ လားရှိုးမြို့ အမှတ် ၁၂ ရပ်ကွက်ရှိ ပြည်ထောင်စုလမ်းမကြီး (သိန္နီလမ်း)နှင့် ဟတ်ကာ လမ်းဆုံသည် လက်ရှိ တပ်ဆင်ထားသည့် လားရှိုး လမ်းဆုံမီးပွိုင့်၊ ခိုလောင် လမ်းဆုံမီးပွိုင့်တို့နှင့် နီးကပ်နေပြီး ဟတ်ကာ လမ်းသွယ်နှင့် ကောင်း ဆာလမ်းတို့မှာ ပြည်ထောင်စု လမ်းမကြီးအား ထောင့်မှန်အတိုင်း ဖြတ်သွားခြင်းမျိုး မဟုတ်ဘဲ တစောင်းဖြတ်လျက် ပေ ၂၀၀ ခန့် အကွာစီတွင် တည်ရှိနေသဖြင့် မီးပွိုင့်တပ်ဆင်ပါက  ယာဉ်မောင်းသူများက မီးပွိုင့်အား တွေ့မြင်ရန် အခက်အခဲများ ရှိနေသောကြောင့် မီးပွိုင့် တပ်ဆင်ရန် မသင့်ပါကြောင်း၊ လားရှိုးမြို့ အမှတ် ၈ ရပ်ကွက်နှင့် အမှတ် ၁၂ ရပ်ကွက် ဆုံရာ မန်ဆူဘုရား အနီးရှိ ပြည်ထောင်စု လမ်းမကြီး (သိန္နီလမ်း) နှင့် ဟူးမွန်ဆည် လမ်းဆုံနေရာတွင် မီးပွိုင့် တပ်ဆင်မည် ဆိုလျှင်  မန်ဆူ ဘုန်းကြီးကျောင်းနှင့် ကပ်လျက် ဖောက်လုပ် ထားသောလမ်း၏ သိန္နီဘက်သို့အသွား တစ်လမ်း (အလွတ်ယာဉ်ကြော)  Free Line ပေးပြီးမှသာ မီးပွိုင့် တပ်ဆင်နိုင်မည် ဖြစ်ပြီး  Free Line  သတ်မှတ်ပေးပါက ပြည်ထောင်စု လမ်းမကြီးမှ လာသော ယာဉ်များဖြင့် ယာဉ်အန္တရာယ် ဖြစ်ပေါ်နိုင်ပါသဖြင့် မီးပွိုင့် တပ်ဆင်နိုင်ခြင်း မရှိပါကြောင်း ဖြေကြားသည်။
ပုသိမ်ကြီးမဲဆန္ဒနယ်မှ ဦးသောင်းဌေးလင်း၏ ပုသိမ်ကြီးမြို့နယ် ကြာနီကန်ကျေးရွာရှိ ရဲကင်းအား ရဲစခန်းအဖြစ် အဆင့်တိုးမြှင့်ပြီး လုံလောက်သော ရဲဝန်ထမ်းအင်အား ခန့်ထားပေးနိုင်ရေး မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကြာနီကန် ကျေးရွာတွင် အရေးကြီး အဆောက်အဦ များရှိခြင်း၊ လူနေထူထပ်ခြင်း၊ ရဲကင်းစခန်း ဆောက်လုပ်ရန်အတွက် မြေနေရာ ရရှိထားပြီး ဖြစ်ခြင်းတို့ကြောင့် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများအား ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန် အတွက် ကြာနီကန် လုံခြုံရေးရဲကင်း (ဖွဲ့စည်းပုံပြင်ပ)အား ဖွဲ့စည်းပုံ ခွင့်ပြုရဲကင်း ရဲစခန်းအဆင့်သို့ တိုးမြှင့် ဖွင့်လှစ်နိုင်ရေး လုပ်ထုံး လုပ်နည်းများနှင့် အညီ  ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ရဲကင်းရဲစခန်း အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပြီးပါက လိုအပ်သော အင်အားများ ချထားပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ မြန်အောင်မဲဆန္ဒနယ်မှ ဦးခင်မောင်လတ်၊ ဆင်ပေါင်ဝဲ မဲဆန္ဒနယ်မှ ဦးနေထက်ဝင်း၊ လယ်ဝေး မဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦးနှင့် မှော်ဘီ မဲဆန္ဒနယ်မှ ဦးအောင်ဝင်းတို့၏ ပညာရေး၊ ပြည်ထဲရေးနှင့် တရားရေး ကဏ္ဍဆိုင်ရာ မေးခွန်းများကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးတို့က ရှင်းလင်းဖြေကြားခဲ့ကြသည်။
ထို့နောက် ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ တင်သွင်းထားသည့် ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ဖြစ်ပေါ် လျက်ရှိသော ဘင်္ဂလီလူမျိုး အစွန်းရောက် အဖွဲ့အစည်းများ၏ ရာဇဝတ်မှုများ ကျူးလွန်နေကြခြင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေတည်တံ့ ခိုင်မြဲရေးနှင့် အသက် အိုးအိမ်လုံခြုံရေးတို့ကို များစွာ ထိပါး နှောင့်ယှက် လာသည်ဖြစ်၍ ဒေသတွင်း ပိုမို ကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြုံရေး အစီအမံများ ချမှတ်ကာ အမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်က "ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ စတုရန်းမိုင် ၅ သောင်းကျော်ကျယ်ပါတယ်။  လူဦးရေက ၁၆၃ သန်းကျော်ရှိပါတယ်။ မြန်မာနိုင်ငံဟာ စတုရန်းမိုင် ၂၆၀၀၀၀ ကျော်ကျယ်ပြီး လူဦးရေ ၅၃ သန်းရှိပါတယ်။ သူတို့ဆီက ဘင်္ဂါလီတွေ ကျွန်တော်တို့ နိုင်ငံဖက်ကို စိမ့်ဝင်ပျံ့နှံ့လာတာဟာ မထူးဆန်းပါဘူး။ ဒါဆိုရင် ဘင်္ဂလားဒေ့ရှ် ကနေ အိန္ဒိယဘက်ကို ဘာကြောင့် မစိမ့်ဝင်တာလဲလို့ မေးစရာ ရှိပါတယ်။ သူတို့နှစ်နိုင်ငံ အကြားမှာ ခြံစည်းရိုးကို အပြီးကာထားပြီး  အိန္ဒိယဘက်က တပ်ရင်း ၃၀၀ ကျော်နဲ့ စောင့်ကြပ် ထားပါတယ်။ ခိုးဝင်လာရင်  Shoot to Kill ပါပဲ။ တောင်ဘက်မှာ ဘင်္ဂလားပင်လယ်အော်ရှိ တော့ ရာသီဥတု ကောင်းတဲ့အချိန်တွေမှာ Boat People အနေနဲ့ ထိုင်း၊ မလေးရှားတို့ကို ရွက်လွှင့်ကြတာလည်း အားလုံးအသိပါပဲ။ မပြီးသေးတဲ့ခြံစည်းရိုး၊ မလုံခြုံတဲ့ အစောင့် အရှောက်တွေရှိတဲ့ မြန်မာနိုင်ငံကို ခိုးဝင်တာ မဆန်းပါဘူး။ ပြီးခဲ့တဲ့ အစိုးရ ၂ ဆက်မှာ နယ်စပ်ခြံစည်းရိုး ကာရံမှုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အပြီးမသပ်သေးပါဘူး။ မိုင် ၄၀ ကျော် ကျန်သေးတယ်လို့ သိရပါတယ်။  ဒါကို အမြန်ဆုံး အပြီးသတ်နိုင်ဖို့ လိုပါတယ်။ ခြံစည်းရိုး ကာရံရုံနဲ့ မပြီးပါဘူး ခြံစည်းရိုး တစ်လျှောက်မှာ လုံလုံခြုံခြုံနဲ့ လုံခြုံရေး ရှိဖို့လိုပါတယ်။
"မျိုးစောင့်ဥပဒေတွေကို ပထမအကြိမ် ပြည်သူ့လွှတ်တော်မှာ တင်ပြအတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီဥပဒေတွေကို နည်းဥပဒေ ထုတ်ပြန်ဖို့နဲ့ လက်တွေ့ကျင့်သုံးဖို့ လိုအပ်နေပါပြီ။ ဒါ့အပြင် Rule of Law အကောင်အထည်ဖော်ဖို့၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့အညီ ဘင်္ဂါလီတွေကို စိစစ်ဖို့၊ တပ်မတော်အနေနဲ့ လိမ္မာပါးနပ်စွာ ဥပဒေနဲ့အညီ ထိန်းကျောင်း ဆောင်ရွက်ဖို့၊ ရခိုင်ဒေသ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ဖို့ စတဲ့ အချက်တွေကို နိုင်ငံတော် အစိုးရအနေနဲ့ အကောင် အထည်ဖော် ဆောင်ရွက်သင့်ပါတယ်”ဟု ဆွေးနွေးသည်။
မောင်တောမဲဆန္ဒနယ်မှ ဦးလှထွန်းကျော်က “မောင်တောမြို့နယ် တစ်မြို့နယ်လုံးရဲ့ လူဦးရေဟာ တိုင်းရင်းသား အပါအဝင် ဘင်္ဂါလီပါ ပေါင်းလိုက်ရင် ၅၂၉၆၆၁ ဦး ရှိနေပါတယ်။ တိုင်းရင်းသား အနေနဲ့ လူဦးရေအားလုံးရဲ့ ၆ ရာခိုင်နှုန်းသာ ရှိနေတဲ့ အတွက်ကြောင့် ပထဝီ နိုင်ငံရေးအရ ဆုံးရှုံးမှု ရှိနေပါတယ်” ဟု ဆွေးနွေးသည်။
သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်က “ပြည်ထောင်စု အစိုးရအဖွဲ့၊ တပ်မတော်၊ ပြည်နယ် အစိုးရအဖွဲ့တွေက ရခိုင်ပြည်နယ် အတွင်း တည်ငြိမ်မှု ရရှိစေရေး အတွက် စနစ်တကျ ဆောင်ရွက်နေကြပါတယ်။ လက်ရှိ အစိုးရအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၁၉ အရ အပ်နှင်း ထားတဲ့ တာဝန်အရ မိမိ လုပ်ဆောင်ရမယ့် နိုင်ငံ တည်ငြိမ်ရေး၊ အေးချမ်း သာယာပြီး တရား ဥပဒေစိုးမိုးရေးတို့ကို လုပ်ဆောင်နေတာဖြစ်လို့ တာဝန်ကျေတယ်လို့ ထင်မြင်မိပါတယ်။ တစ်စုံ တစ်ယောက် အဖွဲ့အစည်းတစ်ခုကို တိုက်တွန်းတယ်ဆိုတာ သူ့တာဝန်ကို သူမလုပ်တဲ့ အခါမှသာ တိုက်တွန်းရတာ ဖြစ်ပါတယ်။ ဒီကိစ္စမှာတော့ အစိုးရအနေနဲ့ မိမိလုပ်ဆောင်သင့် တာတွေ ကို စဉ်ဆက်မပြတ် အလေးထား လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် ထပ်ပြီး တိုက်တွန်းဖို့ မလိုအပ်ပါကြောင်း သုံးသပ် တင်ပြပါတယ်”ဟု ဆွေးနွေးသည်။
ထို့ပြင် အဆိုနှင့် စပ်လျဉ်း၍ လယ်ဝေးမဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦး၊ ဘူးသီးတောင် မဲဆန္ဒနယ်မှ ဦးအောင်သောင်းရွှေ၊ ပင်လောင်း မဲဆန္ဒနယ်မှ ဦးခွန်မောင်သောင်း၊ ကျောက်တော် မဲဆန္ဒနယ်မှ ဦးဦးထွန်းဝင်း၊ ဂွမဲဆန္ဒနယ်မှ ဦးမြင့်ဝေ၊ မြောက်ဦး မဲဆန္ဒနယ်မှ ဦးဦးလှစော၊ မြစ်ကြီးနား မဲဆန္ဒနယ်မှ ဦးအင်ထုံးခါးနော်ဆမ်၊ ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်နှင့် တောင်ကုတ် မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်တို့က ဆွေးနွေးခဲ့ကြသည်။
ယင်းအဆိုနှင့် စပ်လျဉ်း၍ ဆက်လက် ဆွေးနွေးခြင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ရှင်းလင်းခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းတို့ကို သြဂုတ် ၂၄ တွင် ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
ကျော်သူထက် (သတင်းစဉ်)

No comments:

Post a Comment