ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပဉ္စမပုံမှန်
အစည်းအဝေး ၄၈ ရက်မြောက်နေ့ကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသား လွှတ်တော်
အစည်းအဝေး ခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ
အဖြစ် ဗိုလ်မှူးကြီး အောင်လွင်၊ ဗိုလ်မှူးကြီး ကျော်ကျော်၊ ဗိုလ်မှူးကြီး နိုင်ဦး၊
ဗိုလ်မှူးကြီး မျိုးမင်းအောင်၊ ဗိုလ်မှူးကြီး ထိန်လင်း၊ ဗိုလ်မှူးကြီး တင်အောင်ထွန်းနှင့်
ဗိုလ်မှူးကြီး စိုးမိုးအောင် တို့က အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းထံ ကတိသစ္စာ
ပြုကြသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ
ဒေါ်သန်းသန်းအေး၏ သရက် မြို့နယ် ပျဉ်းအိုင်၊ ကန်ဇွန်းမြောင်၊ ဆတ်လည်၊ အောက်မနိမ့်၊ အောက်မမြင့်၊
ဆင်ကော်၊ မြို့လှ ရွာချင်းဆက် လမ်းအား ကျောက်ချော မြေနီလမ်း အဖြစ် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင်
ဖောက်လုပ် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က မေးခွန်းပါ လမ်း၏ လက်ရှိအခြေအနေမှာ
မြေသားလမ်း အဆင့် ဖြစ်ပြီး အရှည် ၁၂ မိုင် ၆ ဖာလုံအား ကျောက်ချောလမ်း အဖြစ် အဆင့်မြှင့်တင်ပါက
ငွေကျပ် ၇၂၉ ဒသမ ၅၁၂ သန်းခန့် ကုန်ကျမည် ဖြစ်ပါကြောင်း၊ သရက်မြို့နယ်တွင် ကျေးလက်ဒေသ
ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေကျပ် ၁၀၃
ဒသမ ၀၀ သန်းဖြင့် ကွန်ကရစ် တံတား ၅ စင်း၊ ရေကျော် တစ်စင်း တို့ကို လျာထား ဆောင်ရွက်
သွားမည် ဖြစ်ပါ ကြောင်း၊ မြို့နယ် အတွင်းရှိ ကျေးရွာချင်းဆက် လမ်းများကို ကျေးလက်ဒေသ
ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် လျာထားချက်တွင် ပါဝင်ခြင်း
မရှိ၍ လတ်တလော ဆောင်ရွက် ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် နှစ်အလိုက် တိုင်းဒေသကြီး၏
ဦးစားပေး အစီအစဉ် လျာထား တင်ပြမှု အပေါ်မူတည်၍ ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း။
ကျေးလက် လမ်း၊ တံတားများနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး
ဝန်ကြီးဌာနတွင် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနကို ဖွဲ့စည်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်သည့် ကျေးလက်
လမ်း၊ တံတား လုပ်ငန်းများကို လွှဲပြောင်း ပေးအပ်ထားပြီး လာမည့် ကာလတွင် ကျေးလက် လမ်း၊
တံတား လုပ်ငန်းများ အကောင် အထည်ဖော်မှု လုပ်ငန်းများကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ယူ
ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅)မှ
ဦးဘမျိုးသိန်း၏ မြန်မာနိုင်ငံရှိ လယ်ထွန်စက်ကြီးများကို သက်သာသော နှုန်းထားဖြင့် ယာဉ်မှတ်ပုံတင်
စာရင်းသွင်းပြီး ယာဉ်နံပါတ် ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က လယ်ယာကဏ္ဍ
စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရန် အတွက် နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများနှင့်
ပုဂ္ဂလိက ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များက ပြည်ပမှ မြန်မာနိုင်ငံ အတွင်းသို့ တင်သွင်းလာသည့်
ဓာတ်မြေသြဇာ၊ လယ်ယာသုံး ကိရိယာများ၊ လယ်ယာ သုံးစက်ပစ္စည်းများ၊ ပိုးသတ်ဆေးများအား သွင်းကုန်
လိုင်စင်ကြေး ကင်းလွတ် ခွင့်ပြုကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ
ထုတ်ပြန် ထားပါကြောင်း၊ ထို့အတူ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ၁၉၈၉ ခုနှစ်
မော်တော်ယာဉ် နည်းဥပဒေ ပုဒ်မ-၆ (ဂ) အရ မှတ်ပုံတင်ရန် မလိုသော မော်တော်ယာဉ်များတွင်
လယ်ယာလုပ်ငန်း အတွက်သာလျှင် သီးသန့် အသုံးပြုသော ထရက်တာ (လယ်ထွန်စက်များ) ပါဝင်သည်ဟု
ပြဋ္ဌာန်း ထားပါကြောင်း၊ ထိုကြောင့် လယ်ထွန်စက်ကြီးများသည် လယ်ယာ လုပ်ငန်းခွင်တွင်သာ
သုံးစွဲသည့် စက်တပ်ယာဉ်များ ဖြစ်၍ ၁၉၈၉ ခုနှစ် မော်တော်ယာဉ် နည်းဥပဒေ ပုဒ်မ-၆(ဂ)အရ
ကုန်းလမ်း ပို့ဆောင်ရေး ဦးစီးဌာန အနေဖြင့် မှတ်ပုံတင်ပေးရန် အစီအစဉ် မရှိပါကြောင်း
ဖြေကြားသည်။
ထို့ပြင် ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၂) မှ
ဦးရှေးရယ်ရှုမောင်နှင့် တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂)မှ ဦးခင်မျိုးဝင်း
တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးလှကျော်က ပြန်လည် ရှင်းလင်း ဖြေကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးကော်မတီ အတွင်းရေးမှူး ပဲခူးတိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ် (၁၁)မှ ဒေါက်တာ ဝင်းမြင့်၏ မြန်မာနိုင်ငံ၏ ငါးနှင့်ရေလုပ်ငန်း ရေရှည်
ဖွံ့ဖြိုး တိုးတက်ရေး၊ ငါးနှင့် ရေသယံဇာတများ ထိန်းသိမ်း ကာကွယ်ရေး၊ ပြည်တွင်း စားသုံးမှုဖူလုံပြီး
နိုင်ငံခြားဝင်ငွေ တိုးတက် ရရှိရေး၊ အလုပ်အကိုင် အခွင့် အလမ်းများ ပိုမိုရရှိရေး၊ ကျေးလက်
စီးပွားဖွံ့ဖြိုးပြီး ဆင်းရဲမှု လျှော့ချရေး၊ ငါးလုပ်ငန်းဆိုင်ရာ သုတေသနများ၊ ပညာပေး
လုပ်ငန်းများနှင့် လူသား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေးတို့ အတွက် ပြီးပြည့်စုံသော
ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်ကြီး တစ်ခု (Fishery University) ဖွင့်လှစ်ပေးပါရန် ပြည်ထောင်စု
အစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၈)မှ
ဒေါ်မမလေး၊ ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၇)မှ ဒေါ်နော်ခရစ္စထွန်း (ခ) ဒေါက်တာ အားကာမိုး၊
ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ ဦးခင်မောင်လတ်နှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်
အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ် တို့က အကြံပြု ဆွေးနွေးကြသည်။
ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ ဒေါ်နော်ခရစ္စထွန်း(ခ)
ဒေါက်တာ အားကာမိုးက ငါးလုပ်ငန်း ဖွံ့ဖြိုးရေး အတွက် ငါးလုပ်ငန်းဆိုင်ရာ အခြေခံ လိုအပ်သော
နည်းပညာများ၊ ကမ္ဘာ့ အဆင့်မီ ပညာရပ်များအား ပံ့ပိုးပေးရန် လိုအပ်နေပါကြောင်း၊ လက်ရှိတွင်
ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်မရှိဘဲ ရန်ကုန်နှင့် မန္တလေး ဝိဇ္ဇာသိပံ္ပ တက္ကသိုလ်များတွင်
သတ္တဗေဒ ဌာနအောက်၌ မစ္ဆဗေဒ (ငါးအထူးပြု) ဘာသာရပ် အနေဖြင့် သင်ကြားပေးလျက် ရှိပါကြောင်း၊
အဏ္ဏဝါသိပ္ပံ ဘာသာရပ်သည် ငါးလုပ်ငန်း မပါဝင်ဘဲ ရေနှင့် ပင်လယ် သမုဒ္ဒရာ အကြောင်းကို အဓိက
သင်ကြား နေပါကြောင်း၊ ထို့အတူ ငါးလုပ်ငန်း ဦးစီးဌာနမှ ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်
သင်တန်းများ ဖွင့်လှစ်ပေးရန် လိုအပ်နေပါကြောင်း၊ ငါးမွေးမြူရေးကို စီးပွားဖြစ် လုပ်ကိုင်ရာတွင်
ငါးမျိုး စနစ်တကျ ထိန်းသိမ်း ကာကွယ်ခြင်း၊ စူးစမ်းရှာဖွေ သုတေသနပြုခြင်း၊ ငါးဖမ်းခြင်း၊
ရောင်းဝယ်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူခြင်း၊ ငါးမွေးခြင်း၊ ငါးသားဖောက်ခြင်း၊
တန်ဖိုးမြှင့်ပို့ကုန် အဖြစ် ထုတ်ပိုးခြင်းများကို စနစ်တကျ သင်ကြား ပို့ချပေးရန် လိုအပ်နေပါကြောင်း၊
ထိုကြောင့် ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်တစ်ခု ဖွင့်လှစ်နိုင်ရန် နိုင်ငံအနေဖြင့် လိုအပ်လျက်
ရှိပါကြောင်း စသည်ဖြင့် ဆွေးနွေး ပြောကြားသည်။
ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပဉ္စမပုံမှန်
အစည်းအဝေး ၄၉ ရက်မြောက်နေ့ကို သြဂုတ် ၂၄ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
သူရဇော်
No comments:
Post a Comment