Thursday, August 24, 2017

လူငယ်ရေးရာမူဝါဒ၏ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ရေးဆွဲနိုင်ရေး ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည်


နေပြည်တော်သြဂုတ် ၂၄

မြန်မာနိုင်ငံ လူငယ်ရေးရာ မူဝါဒ ရေးဆွဲရေးဆိုင်ရာ ကော်မတီ (၃)ရပ်ဖြစ်သည့် ဗဟိုကော်မတီ၊ လုပ်ငန်း ကော်မတီနှင့် မူကြမ်းရေးဆွဲရေး အဖွဲ့တို့ တွေ့ဆုံဆွေးနွေး ပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော် Hotel Max ၌ ကျင်းပရာ ဗဟိုကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး၊ ဒုတိယ ဥက္ကဌများ ဖြစ်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီးဒေါက်တာ မျိုးသိမ်းကြီးနှင့် ကော်မတီ (၃)ရပ်မှ အဖွဲ့ဝင်များ၊ လူငယ် ကိုယ်စားလှယ် များ၊ နည်းပညာ အကြံပေး အဖွဲ့နှင့် UNFPA မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။


ဗဟိုကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားရာတွင် လူငယ်များ၏ အနာဂတ်သည် နိုင်ငံ၏ အနာဂတ်ဖြစ်သဖြင့် လူငယ်များ၏ ကဏ္ဍ၊ လူငယ်များ ရပ်တည်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ရန် လူငယ်များအားစနစ်တကျ ပြုစုပျိုးထောင်နိုင်သော လူငယ်များကိုယ်တိုင် ပါဝင်ဆောင်ရွက်သည့် လူငယ်မူဝါဒ လိုအပ်ကြောင်း၊ လူငယ် များကြားမတူညီကွဲပြားသည့် အခြေအနေများကို ပေါင်းစပ် ညှိနှိုင်း၍ ဘုံသဘော တူညီချက် ကိုရယူကာအဆင့်ဆင့် အချိန်ယူဆောင်ရွက်ပြီး၊ ဤလူငယ်မူဝါဒ မူကြမ်းထွက်ပေါ် လာခဲ့ခြင်း ဖြစ်ကြောင်း၊ ဤမူဝါဒမှတဆင့် လက်တွေ့ အကောင် အထည်ဖော်နိုင်သည့် လုပ်ငန်းစဉ်များကို ဆက်လက် ဖော်ထုတ် ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ ဤမူဝါဒကို ရေးဆွဲရာတွင် လုံလောက်သော အချိန် ရရှိပြီးဖြစ်သည့် အပြင်၊ နောင်တွင်လည်းခေတ်စနစ် အခြေအနေနှင့် လိုက်လျော ညီထွေမှု ရှိရန်လိုအပ်သလို ပြင်ဆင်ဆောင်ရွက်နိုင်သည်ဖြစ်ရာ ဤမူဝါဒကို အတည်ပြု၍ အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရေးအတွက် အလေးထား ကြိုးစားကြစေလို ကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဥက္ကဌများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးတို့က လူငယ်ရေးရာ မူဝါဒသည် တိုင်းပြည်၏ အနာဂါတ်ကို ပုံဖော်ထုဆစ်သည့် ကဏ္ဍတစ်ခု ဖြစ်ပါသဖြင့် အလွန်အရေးကြီးပါကြောင်း၊ လက်ရှိအခြေအနေကို သုံးသပ်ရာ၌ အဖက်ဖက်မှ လွှမ်းခြုံ၍ စဉ်းစားသုံးသပ်ရခြင်း ဖြစ်သဖြင့် ရှု့ထောင့်မျိုးစုံ၊ အမြင်မျိုးစုံထည့်သွင်း စဉ်စားရမည် ဖြစ်ပါကြောင်း၊ စနစ်ကိုအခြေပြု ချဉ်းကပ်ခြင်း၊ စနစ်ကိုအခြေပြု စဉ်းစားတွေးခေါ်ခြင်းတို့ဖြင့် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အားလုံးပါဝင်သည့် မဟာဗျူဟာများ ချမှတ်ရေးဆွဲရမည် ဖြစ်ကြောင်း၊ ၀န်ကြီးဌာနများအားလုံးကလည်း မည်ကဲ့သို့ ပါဝင်ကူညီပံ့ပိုးရမည်ကို ရှင်းလင်းစွာသိရှိနိုင်သည့် တိကျ၍ လက်တွေ့ ကျသော လုပ်ငန်းရပ်များ စဉ်းစားထည့်သွင်းပေးရန် လိုကြောင်း၊ လူငယ်မူဝါဒသည် ပညာရေးမူဝါဒနှင့် နိုင်ငံရေး ဖြစ်ပေါ်နေမှု တို့ဖြင့် တိုက်ရိုက်အချိုးကျလျက်ရှိ ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒ အမြန်ဆုံး ပေါ်ထွက်လာစေရေး အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ သက်ဆိုင်ရာ ကော်မတီမှတဆင့် ပြည်ထောင်စု အစိုးရ အဖွဲ့အစည်းအဝေးသို့ တင်ပြဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း သတင်းရရှိသည်။  

(သတင်းစဉ်)

No comments:

Post a Comment