Saturday, July 22, 2017

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်) တွင် ဆေးပြား/ဆေးတောင့် ထုတ်လုပ်မှု အဆောက်အဦဖွင့်ပွဲ ကျင်းပ

နေပြည်တော်၊ ဇူလိုင်၂၂
စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန်)၏ ဆေးပြား/ ဆေးတောင့် ထုတ်လုပ်မှု အဆောက်အဦ ဖွင့်ပွဲအခမ်းအနားအား ဇူလိုင် (၂၂)ရက် နံနက်၈နာရီခွဲတွင် ဆေးဝါးစက်ရုံ (အင်းစိန်) ၏ New BPI စီမံကိန်းနေရာတွင် ကျင်းပသည်။
အစီအစဉ်အရ မင်္ဂလာအချိန်တွင် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့မှ လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးနိုင်ငံ သံအမတ်ကြီး H.E Antonio J.M.de souza e silva နှင့် မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်တို့က အခမ်းအနားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည် ဆေးပြား/ဆေးတောင့် ထုတ်လုပ်မည့် အဆောက်အဦသစ် ကမ္ဗည်းမော်ကွန်းမှတ်တမ်းဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းကြသည်။
ဆက်လက်၍ ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ဆေးပြား/ ဆေးတောင့် ထုတ်လုပ်မှု အဆောက်အဦ ရှင်းလင်း ဆောင်၌ ဆေးဝါးစက်ရုံ(အင်းစိန်)၊ ခေတ္တစက်ရုံမှူးမှ ဆေးပြား/ဆေးတောင့် ထုတ်လုပ်မှု အဆောက်အဦများ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့မှု အခြေအနေနှင့် ဆေးဝါး အမယ်သစ်များ ထုတ်လုပ်မည့် အစီအမံတို့ကို လည်းကောင်း၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးမှ ဆေးဝါးများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် စီမံကိန်းများ အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု အခြေအနေ၊ လက်ရှိဆေးဝါးများ ထုတ်လုပ်နေမှု အခြေအနေနှင့် အနာဂတ် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် ဆေးဝါးစက်ရုံ(အင်းစိန်)မှ ထုတ်လုပ်ထားရှိသည့် ဆေးဝါးများ ခင်းကျင်းပြသထားသည့် အခြေအနေနှင့် ဆေးပြား/ဆေးတောင့်များ ထုတ်လုပ်လျှက်ရှိသည့် အခြေအနေ တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ပြည်တွင်း/ပြည်ပ ပညာရှင် များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
ဆေးဝါးစက်ရုံ(အင်းစိန်) BPI အနေဖြင့်  ၁၉၅၈ ခုနှစ်မှစ၍ ဆေးပြား/ဆေးတောင့် အမျိုးမျိုး၊ ဆေးဆီ၊ ဆေးရည် အမျိုးမျိုး၊ ထိုးဆေး၊ သွေးကြောသွင်းဆေးရည်အမျိုးမျိုးနှင့် နိုင်ငံတော်အတွက် အရေးတကြီး လိုအပ်လျှက်ရှိသည့် မြွေဆိပ်ဖြေဆေးကဲ့သို့ အဆိပ်ဖြေ ကုသဆေးအပြင် အခြားကာကွယ် ဆေးများကို ထုတ်လုပ်လျှက် ရှိသည်။ ပြည်သူ လူထုအား ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမို မြှင့်တင်ပေးရန် ရည်ရွယ်၍ ခေတ်မီဆေးဝါး တိုးမြှင့်ထုတ်လုပ်မှုစီမံကိန်း (New BPI Project) ကို ၂၀၁၅ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ရာ ၂၀၁၆ ခုနှစ်၊ မေလ(၂၀)ရက်နေ့တွင် မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှု အဆောက်အဦနှင့် ခေတ်မီဆေးဝါးသိုလှောင်ရုံ အဆောက်အဦတို့အား လည်းကောင်း၊ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် Cephalosporin ပဋိဇီဝထိုးဆေး အဆောက်အဦနှင့် Small Volume Parenteral Production Plant တို့ကိုလည်းကောင်း၊ ယခုအခါ ဆေးပြား/ဆေးတောင့် ထုတ်လုပ်မှုဌာနတို့အား ဖွင့်လှစ်နိုင်ခဲ့သဖြင့် နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသော ဆေးဝါးများကို ပိုမိုတိုးမြှင့် ထုတ်လုပ်နိုင်တော့မည် ဖြစ်ပါသည်။ လက်ရှိအချိန်တွင် ဆေးဝါးစက်ရုံ (အင်းစိန်)မှ ဆေးပြား၊ ဆေးမှုန့်၊ ဆေးရည်၊ လိမ်းဆေး၊ ထိုးဆေး၊ သွေးကြောသွင်းဆေးရည်နှင့် ကာကွယ်ကုသဆေးနှင့် အဆိပ်ဖြေဆေးများ၊ စုစုပေါင်း ဆေးအမျိုးအစား(၁၈ဝ)ကျော်ကို ထုတ်လုပ်ပေးလျှက်ရှိပြီး ဆေးဝါးထုတ်လုပ်မှု စီမံကိန်းများကိုလည်း နှစ်စဉ်တိုးမြှင့်လျာထား ဆောင်ရွက်သွားမည် ဖြစ်သည်။
ထို့အပြင် ယနေ့ ဖွင့်လှစ်သည့် ဆေးပြား/ဆေးတောင့်ထုတ်လုပ်မှု အဆောက်အဦ အသစ်မှ ဆေးဝါး အမယ်သစ်များ တီထွင်ထုတ်လုပ်လျက်ရှိပြီး Morphine Sulfate Tablet အား ကင်ဆာဝေဒနာရှင်များတွင် လက်တွေ့စမ်းသပ် ကုသမှုအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ခဲ့ကြောင်းနှင့် FDA မှလည်း ဆေးဝါးမှတ်ပုံတင် လိုင်စင်ရရှိပြီး ဖြစ်ကြောင်း သိရှိရသည်။

(သတင်းစဉ်)

No comments:

Post a Comment