ရန်ကုန်-ဇူလိုင်
၂၃
မြန်မာ့ဂန္ထဝင်
စာပေလက်ရာ ကောင်းများကို လူကြီး လူငယ်မရွေး လေ့လာ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ နှစ် ၁၀၀
အတွင်း ထုတ်ဝေခဲ့သည့် မြန်မာစာပေများထဲမှ အကောင်းဆုံး လက်ရွေးစင် စာပေများကို စုစည်း၍
မြန်မာစာအုပ် ၁၀၀ စာစဉ်အဖြစ် စာပေဗိမာန်က ထုတ်ဝေရန် စီစဉ် ဆောင်ရွက်လျက် ရှိသည်။
အဆိုပါ
မြန်မာစာအုပ် ၁၀၀ စာစဉ် ထုတ်ဝေနိုင်ရေးနှင့် စပ်လျဉ်း၍ စာပေ ပညာရှင်များနှင့် တွေ့ဆုံသည့်
အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန အစည်းအဝေး
ခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်၍
ဘာသာရပ် အလိုက် စာမူကြမ်းများ ကဏ္ဍအလိုက် စုစည်းနိုင်ရေး၊ အရည်အသွေး ပြည့်မီစွာဖြင့်
အချိန်မီပြီးစီးရေး၊ အမြန်ဆုံး ထုတ်ဝေနိုင်ရေး ဆွေးနွေးမှာကြားသည်။
ထို့နောက်
မြန်မာစာအုပ် ၁၀၀ စာစဉ် ထုတ်ဝေနိုင်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စည်သူ ဦးသော်ကောင်း၊
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်၊ ဒုတိယ
ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်တို့က မြန်မာစာအုပ် ၁၀၀ စာစဉ် ထုတ်ဝေနိုင်ရေးနှင့်
ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြကြပြီး စာပေ ပညာရှင်ကြီးများက မြန်မာစာပေ နယ်ပယ် အသီးသီးမှ
စာအုပ် အမျိုးအစား စုံလင်ရေး၊ ခေတ်ကာလ အလိုက် ပါဝင်ထိုက်သည့် စာအုပ်စာပေများ ရွေးချယ်နိုင်ရေး
စသဖြင့် ကဏ္ဍအလိုက် ပြန်လည် ဆွေးနွေးကြသည်။
မြန်မာစာအုပ်
၁၀၀ စာစဉ် ထုတ်ဝေနိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး အပြီးတွင် စာပေဗိမာန် နှစ် (၇၀)ပြည့် အခမ်းအနား ကျင်းပနိုင်ရေး
လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က
စာပေဗိမာန်ကို ၁၉၄၇ ခုနှစ်က ထူထောင်ခဲ့ခြင်း
ဖြစ်ရာ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၆ ရက်တွင် နှစ် (၇၀)ပြည့်မည် ဖြစ်ပါကြောင်း၊ စာပေဗိမာန်ကို
ကြီးမားသည့် ရည်ရွယ်ချက်များဖြင့် ထူထောင်ခဲ့ခြင်း ဖြစ်ပြီး အလုပ် တာဝန်များကို ထိထိ ရောက်ရောက် လုပ်ကိုင် နိုင်ခဲ့ကာ
တန်ဖိုးရှိသည့် စာအုပ်စာပေများ ပြုစုသည့် ကဏ္ဍများစွာလည်း ရှိပါကြောင်း၊ မြန်မာလူမျိုးများ
အသိပညာ ကြွယ်ဝရေး အတွက် ဆောင်ရွက်ခဲ့သည့် စာပေဗိမာန် အဖွဲ့သည် လုပ်ငန်းများကို ခေတ်နှင့် လျော်ညီစွာ ပြန်လည် ဖော်ဆောင်
အားထုတ် သွားရမည် ဖြစ်ကြောင်း၊ စာပေဗိမာန် အနေဖြင့် မြန်မာ့ စွယ်စုံကျမ်းကိုလည်း ခေတ်နှင့်
လျော်ညီအောင် ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့ပြင် စာအုပ် ၁၀၀ အစီအစဉ်ကို လည်း စီစဉ်
ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလတွင် စာပေဗိမာန်
နှစ် (၇၀)ပြည့်နှင့် တိုက်ဆိုင် နေပါကြောင်း၊ နှစ် (၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကိုလည်း
ကျင်းပရန် စီစဉ်ထား ပါကြောင်း၊ စာပေဗိမာန် အစဉ်အလာနှင့် အညီ အသစ်အသစ်သော ဖန်တီး ဆောင်ရွက်မှုများကို
ဆက်လက် ကြိုးပမ်း ဆောင်ရွက်ကြရန် ဝိုင်းဝန်းအကြံပြု ဆွေးနွေးစေလို ပါကြောင်း ပြောကြားသည်။
ယင်းနောက်
စာပေဗိမာန် နှစ် (၇၀)ပြည့် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ ဒေါက်တာ
စည်သူ ဦးသော်ကောင်းက စာပေဗိမာန်သည် ယခင်က အရှေ့တောင် အာရှတွင် အကောင်းဆုံး စာပေအဖွဲ့အစည်း
ဖြစ်ခဲ့သည်ကို ပြန်၍ ဖော်ထုတ်စေလိုကြောင်း၊ စာပေဗိမာန် မပျောက်ပျက်အောင် တန်ဖိုးထား
ထိန်းသိမ်း စေလိုကြောင်း၊ မျိုးဆက်သစ် လူငယ်များအတွက် စာပေ အမွေအနှစ်တစ်ခု အဖြစ် လက်ဆင့်
ကမ်းနိုင်စေရန် ရည်ရွယ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ထို့နောက်
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်နှင့်
ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်တို့က စာပေဗိမာန် နှစ် (၇၀)ပြည့် အခမ်းအနားအတွက်
စီစဉ် ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြ ကြသည်။
၁၉၄၇
ခုနှစ် သြဂုတ် (၂၆)ရက်က မြန်မာစာပေ ဖွံ့ဖြိုးရေး၊ မြန်မာနိုင်ငံသူ နိုင်ငံသားများ အသိပညာ
ဗဟုသုတ တိုးပွားရေး အတွက် စာအုပ်စာပေများ ထုတ်ဝေရေးနှင့် မြန်မာကို ကမ္ဘာက သိရှိစေရေး
စသည့် ဦးတည်ချက်များဖြင့် စာပေဗိမာန် (မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း)ကို စတင်တည်ထောင်ခဲ့ရာ
ယခု ၂၀၁၇ ခုနှစ် သြဂုတ် (၂၆)ရက်တွင် နှစ် (၇၀)ပြည့်မည် ဖြစ်သည်။
အဆိုပါ
နှစ် (၇၀)ပြည့် အခမ်းအနားကို ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်တွင် စာတမ်းဖတ်ပွဲများ၊
စာပေ ဟောပြောပွဲများ၊ စာအုပ် ဈေးရောင်း ပွဲတော်များဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်
ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment