နေပြည်တော်
ဇူလိုင် ၁၂
လယ်ယာမြေနှင့်
အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေး ဗဟို ကော်မတီဥက္ကဋ္ဌ၊ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့်
အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည်
တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင်
မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင် ခရိုင်၊ မတ္တရာမြို့နယ် ဘုရင့်နောင်ခန်းမ၌
ကျင်းပသည့် မတ္တရာမြို့နယ် ရေနံ့သာ ကျေးရွာအုပ်စု အနာကြီးရောဂါ ဆေးရုံမှ ပြန်လည် စွန့်လွှတ်သည့်
မြေများအား နံ့သာမြိုင် ကျေးရွာ မူလတောင်သူ (၃၁၈)ဦးထံသို့ ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ်
(ပုံစံ-၃) ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားတွင်
ဒုတိယ သမ္မတက မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အတွင်း ကျန်းမာရေး ၀န်ကြီးဌာနမှ ရေနံ့သာအနာကြီး ရောဂါကု ဆေးရုံအတွက် သိမ်းဆည်းထားသည့်မြေ
၁၉၄၆ ဒသမ ၄၀ ဧကအနက် ဆေးရုံအသုံးပြုရန် အမှန် တကယ်လိုအပ်သည့် ၆၁၇ ဒသမ ၁၁ ဧက ကို အသုံးပြုပြီး
ကျန် ၁၃၂၉ ဒသမ ၂၉ ဧက ကို ပြန်လည်စွန့်လွှတ်သည့် အထဲမှ စိစစ်ပြီး ဧရိယာ ၂၀၈ ဒသမ ၃၅ ဧကကို
၂၀၁၆ ခုနှစ် ဇူလိုင်လတွင် တစ်ကြိမ်၊ မြေဧရိယာ ၁၄၀ ဒသမ ၅၁ ဧကကို ၂၀၁၇ ခုနှစ် မတ်လတွင်
တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း။
ယနေ့
အခမ်းအနားတွင် ပြန်လည် လွှဲပြောင်းပေးအပ်ရန် ကျန်ရှိသည့် မြေဧရိယာ အတွင်းမှ မြေဧရိယာ
၃၂၁ ဒသမ ၂၆ ဧကအား တောင်သူ ၃၁၈ ဦးကို ထပ်မံပေးအပ် နိုင်ခဲ့သည့်အတွက် အလွန် ၀မ်းမြောက်ဖွယ်
ကောင်းသည့်နေ့ ဖြစ်ပြီး ပြန်လည်စွန့်လွှတ် ပေးအပ်ခဲ့သည့် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနနှင့်
ပြန်လည်လက်ခံနိုင်ရေး ကြိုးပမ်းဆောင် ရွက်ပေးကြသည့် မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်
ကော်မတီအ ဆင့်ဆင့်ကို အသိအမှတ်ပြုရမည် ဖြစ်ကြောင်း။
မိမိတို့အစိုးရ
အနေဖြင့် သိမ်းဆည်းခံမြေယာများကို မူလပိုင်ရှင်များထံ ပြန်လည် ပေးအပ်နိုင်ရေး အတွက်
ကော်မတီ အဆင့်ဆင့်ဖွဲ့စည်းပြီး စိစစ်ဖြေရှင်းဆောင်ရွက်ပေး လျက်ရှိရာ အချို့အမှုအခင်း
ကိစ္စများတွင် ဥပဒေနှင့်အညီ တရားရုံးကသာ ဖြေရှင်းပေးနိုင်မည့် ကိစ္စရပ်များဖြစ်သည်ကို
တွေ့ရသည့်အတွက် အချိန်ယူ ဖြေရှင်းရမှုမျိုး ရှိနိုင်ကြောင်း။
အလွှာစုံဖြင့်
ဖွဲ့စည်းထားသည့် မိမိတို့ ကော်မတီအဆင့်ဆင့် အနေဖြင့် မြေပြင် ကွင်းဆင်းပြီး ကာယကံရှင် တောင်သူများနှင့်
တွေ့ဆုံညှိနှိုင်း ဖြေရှင်းခြင်းများကို မှန်မှန် နှင့်မြန်မြန် ဆောင်ရွက် ပေးသွားရန်လိုကြောင်း၊
အကြောင်းအမျိုးမျိုးကြောင့် လယ်ယာ မြေကို စွန့်ခွာသွားသူများလာသည့် အတွက် လယ်ယာလုပ်သားရှားပါးမှုနှင့်
ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် ကြုံတွေ့လာရသည့် သဘာဝ ဘေးအန္တရာယ်များ ကျရောက်မှုများကြောင့်
တောင်သူ များအနေဖြင့် ထုတ်လုပ်မှုစရိတ်ကို ကာမိအောင် သီးနှံဈေးနှုန်း မရသည့် အခြေအနေကို
သက်သာအောင် ကုစားပေးနိုင်ရေးကိုလည်း မိမိတို့အနေဖြင့် အလေးထားဆောင်ရွက်နေကြောင်း။
ယင်းသို့
ဆောင်ရွက်ရာတွင် သီးနှံပေါ်ချိန်၌ ထိုက်သင့်သည့် ဈေးနှုန်း ရရှိစေရေး၊ စိုက်ပျိုးရေး
စရိတ်ချေးငွေ ပိုမိုတိုးတက် ရရှိစေရေးနှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ
အရှိန်မြှင့် ဆောင်ရွက်ရေးတို့ကို အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း။
လယ်ယာထွက်ကုန်များအတွက်
ခိုင်မာသည့် ဈေးကွက်များ ဖော်ထုတ်ပေးခြင်းဖြင့် မိမိတို့ တောင်သူ လယ်သမားများအနေဖြင့်
လူမှု စီးပွားဘ၀များ မြင့်မား တိုးတက်လာမည်ဖြစ်ပြီး လယ်ယာကိုပစ်၍ ရေခြားမြေခြားတွင်
လက်လုပ်လက်စား သွားရောက် လုပ်ကိုင်ရသည့် အဖြစ်မျိုးများမှ တားဆီး ကာကွယ်နိုင်မည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည်
စိုက်ပျိုးရေး နိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးမြေများရရှိရေး၊ စိုက်ပျိုးမြေများ ဖော်ထုတ်
လုပ်ကိုင်ရေးသည် အဓိကကျ အရေးပါနေသည်အတွက် တောင်သူများလက်ဝယ် စိုက်ပျိုးမြေများ ရောက်ရှိရေး
ကြိုးပမ်း ဆောင်ရွက်နေသကဲ့သို့ တောင်သူများအနေဖြင့်လည်း လုပ်ကိုင်ခွင့်ရရှိသည့် မြေယာများကို
တန်ဖိုးထားပြီး စိုက်ပျိုးရေး လုပ်ငန်းကို သားစဉ်မြေးဆက် လုပ်ကိုင်သွားကြစေ လိုကြောင်း
ပြောကြားသည်။
ထို့နောက်
မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်း
ခံရမှုများ ပြန်လည် စီစစ်ရေးကော်မတီ အတွင်းရေးမှူးက မတ္တရာမြို့နယ် ရေနံ့သာ ကျေးရွာအုပ်စု
အနာကြီးဆေးရုံမှ ပြန်လည်စွန့်လွှတ်သည့် မြေများအား နံ့သာမြိုင် ကျေးရွာ မူလတောင်သူ (၃၁၈)ဦးထံသို့
ယာယီ လုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၃) များ ပြန်လည် ပေးအပ်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့မှု
အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက်
မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ တိုင်းဒေသကြီးဝန်ကြီး ဒေါက်တာစိုးသန်း၊ အမြဲတမ်း
အတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးတင်မြင့်နှင့် ဒေါက်တာ တင်ထွဋ်တို့က မတ္တရာမြို့နယ်
ရေနံ့သာ ကျေးရွာအုပ်စု အနာကြီး ရောဂါဆေးရုံမှ ပြန်လည် စွန့်လွှတ်သည့် မြေများကို နံ့သာမြိုင်ကျေးရွာမှ
မူလ တောင်သူများကိုယ်စား တောင်သူကိုယ်စားလှယ် များထံ ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ်
(ပုံစံ-၃) များကို ပေးအပ်သည်။
ထို့နောက်
ဒုတိယသမ္မတသည် မတ္တရာမြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ် ပြည်သူ့ဝန်ဆောင်မှု ရုံးများသို့
ရောက်ရှိပြီး ပြည်သူများအား ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက်
ဒုတိယသမ္မတသည် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ ရောက်ရှိပြီး ဇူလိုင် ၅ရက်က အသဲအစားထိုး
ကုသမှု ခံယူခဲ့သည့် ဒေါ်ဝင်းမြနှင့် အသဲလှူ ဒါန်းခဲ့သည့် ၄င်း၏ တူမဖြစ်သူ မနီလာဝင်းတို့အား
ကြည့်ရူအားပေး စကားပြောကြားသည်။
ထို့နောက်
ဒုတိယသမ္မတအား ဆေးရုံကြီးခန်းမ၌ အသဲခွဲစိတ်ကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ဦးရှိန်အေးက
အသဲအစားထိုး ခွဲစိတ်ကုသမှု ဆောင်ရွက်ခဲ့မှုများ ကိုလည်းကောင်း၊ ဆေးရုံအုပ်ကြီး ဒေါက်တာ
ဒေါ်တင်တင်မိုးက ဆေးရုံဆိုင်ရာ အချက် အလက်များ၊ ဌာနနှင့် ကုသဆောင်အခြေအနေ၊ အထူးကုဌာနများ
ဖွဲ့စည်းထားမှု၊ ၀န်ထမ်း အင်အားနှင့် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကိုလည်း ကောင်း
ရှင်းလင်း တင်ပြသည်။
မန္တလေး
အထွေထွေ ရောဂါကု ဆေးရုံကြီး အနေဖြင့် အသဲအစားထိုး ကုသမှုကို ပထမဆုံး အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
ယင်းနောက်
ဒုတိယသမ္မတသည် မုံရွာမြို့သို့ ရောက်ရှိပြီး ပြည်သူများအား ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ
ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုကာ ၀န်ထမ်းများ ဆောင်ရွက်ပြီးသည့် စာရွက်စာတမ်း များကို
ပြည်သူများထံ ပေးအပ်ခြင်း၊ ၀န်ထမ်းများ အတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းများ ဆောင်ရွက်သည်။
ထို့နောက်
ဒုတိယသမ္မတသည် မုံရွာမြို့ချင်းတွင်းမြစ်ရေ တက်နေမှုနှင့် ရေဘေး ကာကွယ်ရေးတာ ကျောက်စီမြေထိန်းနံရံ
လုပ်ငန်း ဆောင်ရွက်ထားမှုများကို လိုက်လံ ကြည့်ရှုရာ တာဝန်ရှိသူများက နှစ်အလိုက် မြစ်ရေတက်မှု
အခြေအနေ၊ လက်ရှိရေတက် နေမှုနှင့် ကျောက်စီမြေထိန်းနံရံများ ဆောင်ရွက်ခဲ့မှု တို့ကို ရှင်းလင်းတင်ပြသည်။
မုံရွာမြို့တွင်
ချင်းတွင်းမြစ်ရေမှာ စိုးရိမ်ရေမှတ်ထက် ၄၈ စင်တီမီတာ ကျော်လွန်နေသော်လည်း ရေဘေး ကာကွယ်ရေးတာ
ပြုပြင်ထားမှုကြောင့် လက်ရှိရေမျက်နှာပြင် ထက် ၅ပေကျော် အမြင့်တွင် ရှိနေကြောင်း သိရသည်။
ယင်းနောက်
ဒုတိယသမ္မတသည် မုံရွာမြို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ရိပ်သာသို့ ရောက်ရှိရာ
တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်း ခရီးသွားဇုန် ၆ဇုန်နှင့်
ခရီးစဉ် ရေးဆွဲထားမှု အခြေအနေများကို တင်ပြကြရာ ဒုတိယ သမ္မတက မြန်မာ့ခရီးသွား လုပ်ငန်းဖွံဖြိုး
တိုးတက်ရေးအတွက် တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနိုင်သည့် ခရီးစဉ်များကို သက်ဆိုင်ရာ
ဝန်ကြီး ဌာနများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ရန် ညှိနှိုင်းဆောင်ရွက်
ပေးသည်။
(သတင်းစဉ်)
No comments:
Post a Comment