နေပြည်တော်
ဇူလိုင် ၁၂
ပုဂ္ဂလိက
ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့
နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန၊
အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ
ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာသန်းမြင့်၊
ကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဦးသိန်းဆွေ၊ ဦးခင်မောင်ချို၊
ဒေါက်တာ မျိုးသိမ်းကြီး၊ ဦးဝင်းခိုင်နှင့်
ဦးအုန်းမောင်၊ ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်း၊ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်၊
မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ
စက်မှု ကုန်ထုတ်လုပ်သူများ အသင်း နှင့် ဘဏ်လုပ်ငန်းရှင်များ အသင်းတို့မှ ကိုယ်စားလှယ်များနှင့်
တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင်
ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက နိုင်ငံတော်၏
စီးပွားရေးလုပ်ငန်း ၉၀ ရာခိုင်နှုန်းကျော်သည် ပုဂ္ဂလိက ကဏ္ဍဖြစ်သည့်အတွက် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးသည်
လွန်စွာ အရေးကြီးပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍများဖွံ့ဖြိုး တိုးတက်မှသာ တိုင်းပြည်ဖွံ့ဖြိုး
တိုးတက်လာမည်ဖြစ်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမို ဖြစ်ထွန်းလာမည်ဖြစ်ကြောင်း၊
ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေုး လုပ်ငန်းများပိုမို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်
အခြေခံလူသား အရင်းအမြစ်တည်ဆောက်ရေး လုပ်ငန်းကော်မတီ၊ ငွေကြေး ရရှိစေနိုင်မှု ဆိုင်ရာများ
ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်း ဆိုင်ရာ ၀န်းကျင်တိုးတက်
ကောင်းမွန်စေရေး လုပ်ငန်းကော်မတီ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှုကို အားပေးမြှင့်တင်ရေး
လုပ်ငန်းကော်မတီနှင့် စီးပွားရေးနှင့် ၀န်ဆောင်မှုဆိုင်ရာ လုပ်ငန်း များတွင် နိုင်ငံ၏
အခန်းကဏ္ဍအား ပြန်လည်ရေးဆွဲရေး လုပ်ငန်း ကော်မတီတို့ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ပုဂ္ဂလိက
အခန်းကဏ္ဍကို ၀ိုင်းဝန်းစုပေါင်း ဆောင်ရွက်ကြမှသာ တိုးတက် အောင်မြင်မည်ဖြစ်ကြောင်း၊ ပုဂ္ဂလိက
လုပ်ငန်းရှင်များ၏ အခက်အခဲများကို သိရှိဖြေရှင်းနိုင်မှသာ ပုဂ္ဂလိက အခန်းကဏ္ဍချောမော အောင်မြင်မည်ဖြစ်ကြောင်း၊
ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပုံမှန်တွေ့ဆုံပွဲများတွင် လုပ်ငန်းရှင်များ၏ ကဏ္ဍ ပေါင်းစုံ
အသီးသီးမှ အကြံပြုချက် ၁၀၂ ချက်ကို သက်ဆိုင်ရာ ၀န်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်အစိုးရ အဖွဲ့များနှင့် လုပ်ငန်း ကော်မတီများသို့ ပေးပို့ခဲ့ရာ ပြန်ကြားချက်
၉၉ ချက်ကို ရရှိ ဆောင်ရွက်ခဲ့ပါကြောင်း၊ ပုဂ္ဂလိက အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို
အစည်းအဝေးများ၌ သာမက လက်တွေ့ နယ်ပယ်များတွင်ပါ ပိုမိုအောင်မြင်အောင် အကောင်အထည်ဖော်
ဆောင်ရွက်လျက် ရှိပါကြောင်း၊
ကမ္ဘာ့ဘဏ်မှ
နှစ်စဉ်ထုတ်ပြန်သည့် ၂၀၁၇ ခုနှစ် Doing Business အစီရင်ခံစာအရ လုပ်ငန်းကဏ္ဍ ၁၀ ရပ်၏ ညွှန်းကိန်းရမှတ်များ
အပေါ်၌ နိုင်ငံအလိုက် အဆင့်သတ်မှတ်ရာတွင် မိမိတို့နိုင်ငံ အဆင့် ကောင်းမွန်စေရေးအတွက်
လိုအပ်သည်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက တာဝန်ခံ၍ ကြိုးစား ဆောင်ရွက်ကြစေလိုပါကြောင်း၊ သို့မှသာ
နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာမည် ဖြစ်ပါကြောင်း၊
ပုဂ္ဂလိက အခန်းကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ အချင်းချင်း
ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပြီး လိုအပ်သည်များကို
ဝိုင်းဝန်း ဆွေးနွေး အကြံပြုကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက်
ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က
ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက်
ကော်မတီ အတွင်းရေးမှူး အမြဲတမ်း အတွင်းဝန် ဦးတိုးအောင်မြင့် က ကော်မတီ၏ ဆုံးဖြတ်ချက်များအပေါ်
ဆောင်ရွက် ပြီးစီးမှုများနှင့် ကော်မတီ၏ ဆောင်ရွက် ချက်များကို ရှင်းလင်း တင်ပြသည်။
ထို့နောက်
အစည်းအဝေးသို့ တက်ရောက်လာကြသူများက Doing Business အစီရင်ခံစာနှင့် စပ်လျဉ်း၍ လက်ရှိ
အခြေအနေများနှင့် မျှော်မှန်းချက်များကို ညွှန်းကိန်း နယ်ပယ်များအလိုက် ဆွေးနွေးတင်ပြကြရာ ကော်မတီဝင်များက ဖြည့်စွက် ဆွေးနွေးကြသည်။
ယင်းနောက်
ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း ကော်မတီဝင်များက သက်ဆိုင်ရာ ကဏ္ဍများ အလိုက်
ဆွေးနွေး တင်ပြကြသည်။
ထို့နောက်
ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆွေးနွေး ရှင်းလင်း
တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ
အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
(သတင်းစဉ်)
No comments:
Post a Comment