ရန်ကုန်
ဇူလိုင် ၁၂
ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်သည်
ယနေ့နံနက် (၇)နာရီခွဲ အချိန်က ရန်ကုန် တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံ အားကစားကွင်းရှိ
အားကစားနှင့် ကာယပညာ သိပ္ပံ (ရုံးဟောင်း) အစည်းအဝေး ခန်းမတွင် ဇူလိုင်လ (၁၃)ရက်မှ(၂၀)ရက်နေ့အထိ
စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်မည့် 9th
ASEAN SCHOOL GAMES သို့ ဝင်ရောက် ယှဉ်ပြိုင် အားကစား အဖွဲ့ဝင်များအား တွေ့ဆုံလမ်းညွှန်
အမှာစကား ပြောကြားခဲ့သည်။
ရှေးဦးစွာ
အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် အား ပြည်ပသို့ သွားရောက်မည့်
မြန်မာ့အားကစား အဖွဲ့ဝင်များက တစ်ဦးချင်းစီနှင့် အဖွဲ့လိုက် မိတ်ဆက်ဂါရ၀ ပြုကြသည်။
ယင်းနောက်
အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ အားကစားနှင့် ပညာရေး ပေါင်းစပ် ဌာန ညွှန်ကြားရေးမှူး ဦးထွန်းသန့်
က ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို
ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍
အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် က အမှာစကား ပြောကြားရာတွင်
ယခုသွားပြိုင်သည့် အားကစားသမား ဦးရေ (၄၆)ဦးအနက် အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းများမှ
(၃၃)ဦးနှင့် အားကစားအဖွဲ့ချုပ်များတွင် လေ့ကျင့်နေသော အခြေခံ ပညာ ဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူ
(၁၃)ဦးတို့ဖြင့် သွားရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ပါကြောင်း၊ လာမည့်နှစ်တွင် အခြေခံပညာကျောင်းများ
သာမက ကိုယ်ပိုင် အစိုးရ အထက်တန်းကျောင်းများမှ လည်း ရွေးချယ်သွားမည်ဖြစ်ပါ၍ ပြိုင်ဆိုင်မှု
ပိုမိုပြင်းထန်၍ အရည်အချင်းရှိသော သူများထွက်ပေါ် လာမည် ဖြစ်ပါကြောင်း၊ ယခုနှစ်ရရှိလာမည့်
ပြိုင်ပွဲ အတွေ့အကြုံ၊ အားနည်းချက်၊ အားသာချက် များကို သုံးသပ်၍ ပြင်ဆင်သွားမည် ဆိုလျင်
နောင်နှစ်အတွက် အခွင့်အရေးကောင်းများ ရရှိလာမှာ ဖြစ်ပါကြောင်း၊ ယခုသွားရောက် ယှဉ်ပြိုင်သည့် 9th ASEAN SCHOOL GAMES မှတဆင့် ဆယ်တန်း
အောင်မြင်သွားသူများ အနေဖြင့် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလတွင် အားကစားနည်း (၁၆)နည်းဖြင့်
မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် 19th ASEAN
University GAMES တွင် ပါဝင် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည့် အတွက် မြန်မာ့အားကစား အောင်မြင်မှု
အလားအလာ ကောင်းမွန်လာမှာ ဖြစ်ပါကြောင်း၊ ယခု သွားပြိုင်ရာ၌ တခြားနိုင်ငံများ၏ စံချိန်များ
မသိရသေးသဖြင့် ပြင်ဆင်မှု မပြည့်စုံသော်လည်း နောင်နှစ်အတွက် အသင်းအုပ်ချုပ်သူ နည်းပြများအနေဖြင့်
အားကစားနည်း အလိုက် စံချိန်များ မှတ်သားထားရန် လိုအပ်ပါကြောင်း၊ အားကစားသမားများ၏ စားသောက်
နေထိုင်ရေးနှင့် ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ပေးရန်
လိုအပ်ပါကြောင်း၊ နိုင်ငံ့ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်သည့်အတွက် အမိနိုင်ငံတော်၏
ဂုဏ်သိက္ခာကို မြှင့်တင်နိုင်အောင် ကြိုးစား ယှဉ်ပြိုင်သွားကြပြီး နိုင်ငံကြီးသား ပီသစွာဖြင့်
ပြုမူနေထိုင်ကျင့်ကြံ ပြိုင်ပွဲ ယှဉ်ပြိုင်သွားကြပါဟု ပြောကြားခဲ့သည်။
ယင်းပြိုင်ပွဲသို့
အဖွဲ့ခေါင်းဆောင၊် အုပ်ချုပ်သူ၊ နည်းပြ၊ ဆေးဆရာဝန်နှင့် သတင်းမှတ်တမ်း စုစုပေါင်း (၂၀)ဦး၊
ပြေးခုန်ပစ် အားကစားသမား (၅)ဦး၊ ကြက်တောင် အားကစားသမား (၆)ဦး၊ ပိုက်ကျော်ခြင်း အားကစားသမား
(၁၂)ဦး၊ ရေကူး အားကစားသမား (၅)ဦး၊ ကျွမ်းဘား အားကစားသမား (၄)ဦး၊ စားပွဲတင်တင်းနစ် အားကစားသမား
(၈)ဦး၊ တင်းနစ် အားကစားသမား (၆)ဦး စုစုပေါင်း (၆၆)ဦး သွားရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း
သတင်းရရှိပါသည်။
No comments:
Post a Comment