Monday, April 24, 2017

ဒေသရေမြေရာသီဥတု နှင့်ကိုက်ညီသည့် ကော်ဖီပင်များကို ချင်းပြည်နယ်အနှံ့အပြားတွင် တိုးချဲ့စိုက်ပျိုးမည်။

ဟားခါး၊ ဧပြီ ၂၄
စိုက်ပျိုးရေးဦးစီးဌာနမှ ချင်းပြည်နယ်အတွင်း ၂၀၁၇ ခုနှစ် မိုးရာသီတွင် ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင် ရေးအတွက် ကော်ဖီပျိုးပင်ပေးအပ်ပွဲနှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု သင်တန်းဖွင့်ပွဲ အခမ်းအနားကို ချင်းပြည်နယ်၊ စိုက်ပျိုးရေး ဦးစီးဌာနခန်းမတွင် ဧပြီ (၂၃)ရက် နံနက်(၉)နာရီတွင် ကျင်းပရာ အခမ်းအနားသို့ ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်
ဦးဆလိုင်းလျန်လွယ် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးအောင်သန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီးရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(စက်မှုသီးနှံပညာပေးရေး)၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ပြည်နယ်/ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကော်ဖီစိုက်ပျိုးရန် စိတ်ပါဝင်စားသော ဒေသခံ တိုင်းရင်းသားတောင်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ချင်းပြည်နယ်ရှိ မြို့နယ်(၃)မြို့နယ်မှ တောင်သူများထံသို့ ကော်ဖီပျိုးပင်(၂၀၀၀၀) ကော်ဖီမျိုးစေ့ နှင့် နည်းပညာပေးစာအုပ် စာစောင်များအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။ ဒေသခံပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေ စေရေးအတွက် ဒေသရေမြေရာသီဥတု နှင့်ကိုက်ညီသည့် ကော်ဖီပင်များကို ချင်းပြည်နယ်အနှံ့အပြားတွင် တိုးချဲ့စိုက်ပျိုး သွားနိုင်ရန်အတွက် ကော်ဖီပျိုးပင် တစ်သိန်းအား စိုက်ပျိုးရေးဦးစီးဌာနမှ ချင်းပြည်နယ်အတွင်းရှိ ခြံများတွင် အသင့်ပျိုး ထောင်ထားရှိပြီး ၂၀၁၈ ခုနှစ် စိုက်ပျိုးရာသီတွင် ပျိုးပင်အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment