နေပြည်တော် ဧပြီ ၂၀
ဖိလစ်ပိုင်နိုင်ငံ၊
စီဘူး(Cebu) မြို့တွင် ဧပြီ ၆ ရက်မှ ၇ ရက်အထိ ကျင်းပသော အရှေ့တောင်အာရှ နိုင်ငံများအသင်း
အာဆီယံတည်ထောင်သည့် နှစ်(၅၀)ပြည့် အထိမ်းအမှတ်နှင့် (၁၃) ကြိမ်မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများ
အစည်းအဝေး (13th ACGM)၊ (၃) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ
ပူးတွဲအစည်း အဝေး (3rd AFCGM) များသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဌ
ဦးကျော်ကျော်မောင် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့
အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဌများ၊ အမ်မရိုရုံး၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ
ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဧပြီ ၆ ရက်
မွန်းလွဲပိုင်းတွင် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများမှ အမှုဆောင်ဒါရိုက်တာ
တို့က “Furthering ASEAN Financial Integration : Opportunities in Addressing
Systemic Risk” ခေါင်းစဉ်အပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌသည် ဧပြီ ၇
ရက် နံနက် ၉ နာရီတွင် (၁၃) ကြိမ်မြောက် အာဆီယံဗဟိုဘဏ် ဥက္ကဋ္ဌများ အစည်းအဝေးအား
တက်ရောက်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် ၂၀၂၅ ခုနှစ်၊ အာဆီယံငွေရေးကြေးရေး ပေါင်းစည်း
ရေးအတွက် အကောင်အထည်ဖော်မှုဆိုင်ရာ တိုးတက်မှု အခြေအနေများအား ဗဟိုဘဏ်ဥက္ကဋ္ဌများက သဘောတူအတည်
ပြုခဲ့ကာ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအပေါ် လမ်းညွှန်ချက်များ ချမှတ်ခဲ့သည်။
ဆက်လက်၍ ယင်းနေ့
မွန်းလွဲ ၁ နာရီခွဲတွင် (၃) ကြိမ်မြောက် အာဆီယံ
ဘဏ္ဍာရေးဝန်ကြီးနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ ပူးတွဲအစည်းအဝေးအား တက်ရောက်သည်။ အစည်းအဝေးတွင်
အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC) လမ်းပြမြေပုံ အရ အာဆီယံငွေရေး ကြေးရေးပေါင်းစည်းမှု
လမ်းပြမြေပုံနှင့်စပ်လျဉ်း၍ လုပ်ငန်းတိုးတက်မှု အခြေအနေများအား လည်းကောင်း၊ အာဆီယံ+၃
ငွေရေးကြေးရေး ပူးပေါင်းဆောင်ရွက်မှု တိုးတက်မှုအခြေအနေ များအားလည်းကောင်း၊ ဇင်းမယ် အစီအစဉ်တွင်
နိုင်ငံစုံပါဝင်လာရေး (Chiaing Mai Initiative
Multilateralizatiion - CMIM) လုပ်ငန်းစဉ်တွင်
ဂျပန်၊ တရုတ်၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှား၊ အမ်မရိုရုံးတို့ ပါဝင်သည့်
ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ (Fundamental Issues) ကို ဆောင်ရွက်ရန် Working Group 1 နှင့် ဂျပန်၊ တရုတ်၊ ကိုရီးယား၊
ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ လာအို၊ အမ်မရိုရုံး တို့ပါဝင်သည့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့နှင့်
ပူးပေါင်းဆောင်ရွက်ရန် (Collaboration with the IMF) Working Group 2 ဟူ၍ လုပ်ငန်းအဖွဲ့
၂ဖွဲ့ ဖွဲ့စည်းရန်ကိစ္စရပ်အားလည်းကောင်း၊ CMIM ချေးငွေ အစီအစဉ်အရ IMF De-Linked
Portion (IDLP) အား ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်ရန် လည်းကောင်း၊
အာဆီယံဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက သဘောတူအတည်ပြုခဲ့ကြသည်။ အဆိုပါ CMIM လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍
လာမည့် မေ ၃ ရက်မှ ၅ ရက်အထိ ဂျပန်နိုင်ငံ၊
ယိုကိုဟားမားမြို့၌ကျင်းပမည့် အာရှ ဖွံ့ဖြိုးရေးဘဏ် နှစ်ပတ်လည်အစည်းအဝေး (ADB)နှင့်
တစ်ဆက်တစ်စပ်တည်းပြုလုပ်မည့် အာဆီယံ+၃ ဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဌများအစည်းအဝေးတွင်
ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် (၃) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့်
ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး၏ ပူးတွဲသတင်းထုတ်ပြန်ချက်အား ထုတ်ပြန်ခဲ့ပါသည်။
အစည်းအဝေးမကျင်းပမီနှင့်
ကျင်းပနေစဉ်ကာလအတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဌသည် ဧပြီ ၅ ရက် မွန်းလွဲ (၃) နာရီတွင်
အမေရိကန်ဒုတိယလက်ထောက်ဘဏ္ဍာရေးဝန်ကြီး Mr. Kaproth ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်
လည်းကောင်း၊ ဧပြီ ၇ ရက်နေ့ ညနေ (၅) နာရီ (၄၅) မိနစ်တွင် အမေရိကန် အာဆီယံစီးပွားရေးကောင်စီဥက္ကဋ္ဌ
Mr. Alexander C.Feldman ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့်လည်းကောင်း တွေ့ဆုံ၍ ဘဏ်လုပ်ငန်းနှင့်
ငွေရေး ကြေးရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ
ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၈ ရက်တွင် ထိုင်းလေကြောင်း ခရီးဖြင့် မြန်မာနိုင်ငံသို့
ပြန်လည်ရောက်ရှိခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment