ဝက်လက် ဧပြီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊
ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရုံးပင်ကုန်းကျေးရွာအုပ်စု၊ မင်းကုန်းလေး ကျေးရွာတွင်
သောက်သုံးရေရှားပါးသဖြင့် ဧပြီလ(၂၃)ရက်နေ့တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာနနှင့်မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး သောက်သုံးရေများ ဖြန့်ဝေပေးခဲ့ကြောင်း
သိရသည်။
နှစ်စဉ်နွေရာသီတွင်
ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေတွင်း/ရေကန်များ ခမ်းခြောက်ပြီး သောက်သုံးရေ
ရှားပါးမှုများ ဖြစ်ပေါ်လျက်ရှိရာ ယခုနှစ်နွေရာသီတွင်လည်း အိမ်ခြေ (၁၆၅)အိမ်ရှိသော မင်းကုန်းလေးကျေးရွာတွင်
သောက်သုံးရေရှားပါးလျက်ရှိသဖြင့် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့်မြို့နယ်
မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး ရေဂါလံ(၃၂ဝဝ) ကိုဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
''အခုနှစ်နွေရာသီမှာ
သောက်သုံးရေရှားပါးတဲ့ကျေးရွာတွေကို လိုအပ်တဲ့သောက်သုံးရေတွေကို အချိန်မီဖြန့်ဝေပေးနိုင်ဖို့
အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်ထားပါတယ်၊ အခုမင်းကုန်းကျေးရွာကို လည်းမြို့နယ်မီးသတ်ဦးစီးဌာနရဲ့
ဂါလံ(၁၆ဝဝ) ဆံ့ရေသယ်ယာဉ် (၁)စီးနဲ့ (၂)ခေါက်သွားရောက်ပြီး လှူဒါန်း ပေးခဲ့ပါတယ်၊ တခြားရေရှားပါးတဲ့ကျေးရွာတွေ
ရှိရင်လည်း မီးသတ်ဦးစီးဌာနပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာနပဲဖြစ်ဖြစ် အကြောင်းကြား ပါက ချက်ခြင်းသွားရောက်လှူဒါန်း ပေးမှာပါ'' ဟု ဝက်လက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ပြောသည်။
သောက်သုံးရေလှူဒါန်းရာတွင်
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော် မတီဥက္ကဌ ဦးစိုးလှိုင်မောင်၊
မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ခံအင်ဂျင်နီယာ ဦးအောင်အောင်သင်၊ မြို့နယ်ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ
တပ်ဖွဲ့ဝင်များဖြင့် သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်
No comments:
Post a Comment