Tuesday, April 25, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်၏ စွမ်းအင်မူဝါဒ ညှိနှိုင်း အစည်းအဝေး တက်ရောက်



နေပြည်တော် ဧပြီ ၂၅
နိုင်ငံတော်၏ စွမ်းအင်မူဝါဒ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ  မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-2)၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည်။

အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍတွင် အချို့နေရာများ၌ ရာသီစုံသွား၍ မရသည့်  လမ်းများတွင် ရာသီစုံ သွား၍ရပြီး  လျှပ်စစ်မီး မရရှိသည့် နေရာများတွင် လျှပ်စစ်မီး ရရှိပါက ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် စီးပွားရေး အခွင့်အလမ်းများ ရရှိလုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း၊ ပြည်ပမှ စီးပွားရေး လုပ်ငန်းရှင်များကလည်း လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ပြီး လျှပ်စစ်မီး ရရှိပါက  ရင်းနှီး မြှုပ်နှံလိုသည့် စိတ်များ ဖြစ်ပေါ်မည် ဖြစ်ကြောင်း၊ ပြည်သူလူထုအား လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်ပေးမည် ဖြစ်ပြီး အလုပ်အကိုင ဖန်တီးပေးရေးကိုလည်း  မျဉ်းပြိုင် သဘောမျိုး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍသည် စွမ်းအင်ထက်များစွာ တိုးတက်ကြောင်း ပြည်သူများက အသိအမှတ် ပြုသည်ကို မိမိတို့ သိရကြောင်း၊ ကျေးလက် တောရွာနေ လူငယ်များနှင့် တွေ့ဆုံခဲ့ရာတွင် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်သည့် အတွက် ၄င်းတို့ဘ၀များ ပိုမို တိုးတက်လာသည်ဟု ပြောကြားသည်ကို မိမိ သတိပြုမိကြောင်း၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ပါက ပြည်သူများ သဘောကျမည် ဖြစ်ကြောင်း၊ အလင်းရောင် ရရှိရေးကို ဂရုစိုက် ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း၊ တိုင်ဒေသကြီးနှင့် ပြည်နယ်များမှ တာဝန် ရှိသူများကလည်း မိမိဒေသ၏ လိုအပ်ချက်များကို တင်ပြကြ စေလိုကြောင်း၊ အရေးကြီးသည်မှာ အားလုံး ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ၀န်ကြီးဌာန အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု အားနည်း သကဲ့သို့  တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများနှင့် ဗဟိုအစိုးရတို့ အကြား ပူးပေါင်း ဆောင်ရွက်မှု အားနည်း နေပါကြောင်း၊ အားလုံး အကြံပြုပေးကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း က နိုင်ငံတော်၏ စွမ်းအင်မူဝါဒ ပြင်ဆင် ရေးဆွဲခဲ့မှု အခြေအနေ အကျဉ်းချုပ်ကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ရေနံနှင့် သဘာဝ ဓာတ်ငွေ့စီမံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိုင်ငံတော်၏ စွမ်းအင် မူဝါဒအပေါ် ဌာနဆိုင်ရာ သဘောထား မှတ်ချက်များကို ရှင်းလင်း တင်ပြသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့်  စက်မှုဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စွမ်းအင်ဆိုင်ရာ ဝန်ကြီးများက နိုင်ငံတော်၏ စွမ်းအင် မူဝါဒမူကြမ်းအပေါ် သုံးသပ် အကြုံပြု တင်ပြကြပြီး တက်ရောက် လာကြသူများက သုံးသပ် ဆွေးနွေး တင်ပြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ် အမှာစကား ပြောကြားသည်။
နိုင်ငံတော်၏ စွမ်းအင် မူဝါဒမျှော်မှန်းချက်မှာ နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အပံ့ ဖြစ်စေပြီး တိုးမြင့်လာသော ပြည်တွင်း စွမ်းအင် လိုအပ်ချက်ကို စဉ်ဆက်မပြတ် ဖြည့်ဆည်း ပေးနိုင်ရန် ရည်ရွယ်ကြောင်း၊ ပြည်သူအားလုံး စွမ်းအင် သယံဇာတ အရင်းအမြစ်များကို ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရေး ဦးတည်လျက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အကြား မျှတ မှန်ကန်စွာ ခွဲဝေ အသုံးချနိုင်မည့် စွမ်းအင်မူဘောင် တစ်ရပ်ချမှတ်ရန် မျှော်မှန်းထားကြောင်း သိရသည်။
ရည်မှန်းချက်များ အနေဖြင့် နိုင်ငံတော်၏ စီးပွားရေး မူဝါဒသစ်နှင့် အညီအကောင် အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများကို အထောက်အပံ့ဖြစ်စေမည့် စွမ်းအင်မူဝါဒ အဖြစ် ကျင့်သုံးရန်၊ စွမ်းအင် သယံဇာတ အရင်းအမြစ် ထုတ်ယူရာ ဒေသအပါအ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အကြား ဘက်ညီမျှတစွာ ခွဲဝေသုံးစွဲနိုင် စေသည့် အခွင့်အလမ်းများ ဖန်တီးပေး၍ လူ့စွမ်းအား အရင်းအမြစ် တိုးမြှင့်စေရေး ဆောင်ရွက်ရန်၊ နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြုပ်နှံမှုများ တိုးတက်လာ စေသည့် လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံများ ရရှိရေး ဦးတည် ဆောင်ရွက်ရန်၊ သဘာဝ သယံဇာတ အရင်းအမြစ်များကို ရေရှည် ထိန်းသိမ်းလျက် လူမှု ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်စေသော စွမ်းအင် ထုတ်လုပ်မှုနှင့် ပြည်သူအားလုံး ပူးပေါင်း ပါဝင်သော စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲမှုများဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်မည့် စွမ်းအင်စနစ် တစ်ခု ထူထောင်ရန်၊ ရင်းနှီး မြှုပ်နှံရာတွင် စွမ်းအင် ထုတ်လုပ်သူနှင့် စွမ်းအင်သုံးစွဲ သူတို့ နှစ်ဦးနှစ်ဖက် စီးပွားရေး အာမခံချက် ရှိစေမည့် စွမ်းအင် ဈေးနှုန်းကို ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရန်တို့ ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment