ရန်ကုန် ဧပြီ ၁၈
ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင် မိသားစုတို့၏ နှစ်သစ်ကူးမင်္ဂလာ၊ အန္တရာယ်ကင်း
ပရိတ်တရားတော်နာ မင်္ဂလာနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တောင်ပိုင်းခရိုင်
သုံးခွမြို့ရှိ မဟာအတုလဝေယံ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
အခမ်းအနားအပြီးတွင်
နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ''အဓိကလုပ်နေတာကတော့ တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ လူနေမှုဘဝ၊
တိုင်းသူပြည်သားတွေဘဝ မြင့်မားတိုးတက်ရေးကိုပဲ။ ဒါကိုအဓိကလုပ်နေတယ်'' ဟု သတင်းထောက်များ
၏ မေးမြန်းမှုအပေါ် ဖြေကြားခဲ့သည်။
နိုင်ငံတော်သမ္မတ
ဦးထင်ကျော်နှင့်ဇနီး မိသားစုတို့သည် သုံးခွမြို့နယ်နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ
အသက်(၈ဝ)နှစ်အထက် အဘိုးအဘွား ၁၅၁၄ ဦးအတွက် သက်ကြီးပူဇော်ပွဲပြုလုပ်ခဲ့ရာ ကန်တော့ခံအဘိုးအဘွားတို့
အား တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်-
အဘိုး ဦးဆိုက်ကြည်
(သုံးခွမြို့)
အဘိုးအသက်က (၉၇)နှစ်ရှိပြီ။
ဗိုလ်ချုပ်အောင်ဆန်း ရှိတုန်းက စစ်သင်တန်းတက်ခဲ့ဖူးတယ်။ သမ္မတကြီးနဲ့ ဒေါ်စုစုလွင်တို့က
သုံးခွမြို့က မိတ်ဆွေဟောင်းတွေပါ။ သမ္မတကြီးဖြစ်သွားတော့ ဝမ်းသာပီတိဖြစ်မိ တယ်။ သမ္မတကြီးလည်း
အသက်ရာကျော်ရှည်ပါစေ။ ဒေါ်စုစုလွင်လည်း ကျန်းမာပါစေ ဆုတောင်းပါတယ်။
အဘွား ဒေါ်ကြည်သိန်း
(သုံးခွမြို့)
နိုင်ငံတော်သမ္မတကိုယ်တိုင်
အဘွားတို့ဆီကိုလာပြီး သက်ကြီးပူဇော်ပွဲ လုပ်တော့ အလွန်ဝမ်းသာတာပဲ။ အဘွား အသက်က (၈၇)နှစ်ရှိပါပြီ။
အဘွားတို့က မရှိတဲ့သူတွေဆိုတော့ ပိုပြီးဝမ်းသာတာပေါ့။ သမ္မတကြီးလည်း ဘေးကင်းပါစေ။ ရန်ကင်းပါစေ။
ကျန်းမာပါစေ။ ချမ်းသာပါစေ။ နိုင်ငံတော်ကို အကောင်းဆုံး ဦးဆောင်နိုင်ပါစေလို့ အဘွားဆုတောင်းပေးပါတယ်။
အခုလိုလာရောက်လှူဒါန်းတဲ့ သမ္မတကြီးနဲ့ မိသားစုအတွက် အမြဲတမ်းဆုတောင်းပေးသွားမှာပါ။
အမြဲတမ်း ဒီလိုပဲ လှူနိုင်ပါစေ။
အဘွား ဒေါ်လှကြည်
[သုံးခွမြို့၊ (၁)ရပ်ကွက်]
အဘွားအသက်က (၈၃)နှစ်ပြည့်ပါပြီ။
အခုလိုမျိုး သက်ကြီးပူဇော်ခံအနေနဲ့ တစ်ခါမှမကြုံခဲ့ပါဘူး။ ပထမဆုံးအကြိမ် ကန်တော့ခံအနေနဲ့
ပါဝင်ခွင့်ရတဲ့အခါမှာ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်လာတဲ့အတွက် သိပ်ဝမ်းသာသလို ဝမ်းလည်းနည်းမိတယ်။
နောင်နှစ်တွေမှာလည်း အခုလိုလှူနိုင်အောင် ဆက်ပြီးမေတ္တာပို့ပေးမယ်။ ဒီထက် ပိုပြီးသာသနာပြုနိုင်ပါစေလို့
ဆုတောင်းပေးပါတယ်။ အမေကတော့ ဝမ်းသာလွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး။
ဦးဝင်းမြင့်
[သုံးခွမြို့၊
(၃)ရပ်ကွက်]
အဘိုးအသက်က (၈၆)နှစ်ပါ။
သက်ကြီးကန်တော့ခံအနေနဲ့ အရင်က နှစ်ကြိမ် တက်ရောက်ခဲ့ဖူးပါတယ်။ သမ္မတကြီးကိုယ်တိုင်လာတဲ့
သက်ကြီးပူဇော်ပွဲမျိုးကတော့ အခုမှ ကြုံဖူးတာပါ။ အဲဒီအတွက် အတော့်ကို ဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်တယ်။
သမ္မတကြီးအနေနဲ့လည်း တိုင်းပြည်အတွက် ဒီထက်ပိုပြီး တာဝန်တွေ ထမ်းဆောင်နိုင်ပါစေလို့
ဆုတောင်းပေးပါတယ်။
ဦးကြည်သာ (သက်ကြီးပူဇော်ပွဲအခမ်းအနားမှူး)
ဒီနေ့ သက်ကြီးပူဇော်ပွဲမှာ
သုံးခွမြို့ပေါ်ရပ်ကွက်တွေက သက်ကြီး ၃ဝဝ ကျော်နဲ့ အနီးဝန်းကျင်ရွာတွေက သက်ကြီးအဘိုးအဘွားတွေ
ပါဝင်ပါတယ်။ မတက်ရောက်နိုင်တဲ့ ဘိုးဘွားတွေကို လှူဖွယ်ပစ္စည်းပေးအပ်ရေးအဖွဲ့က ရပ်ကွက်၊
ကျေးရွာအုပ်ချုပ်ရေးမှူးတွေ က နေတစ်ဆင့် ကိုယ်တိုင်လက်ဝယ်အရောက် ပေးအပ်သွားမှာပါ။ တစ်မြို့နယ်လုံးမှာရှိတဲ့
သက်ကြီးစာရင်းတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် အိမ်ထောင်စုဇယားတွေကနေ
စာရင်းတွေ ကောက်ယူခဲ့တာပါ။ သမ္မတကြီးရဲ့ဇနီးက သုံးခွမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်တော့
ရှေ့ ပိုင်းနှစ်တွေမှာ ကိုယ့်အစီ အစဉ်နဲ့ကိုယ် လုပ်ခဲ့တာတွေရှိပါတယ်။ ဒီနှစ်မှာတော့
ထူးထူးခြားခြားအနေနဲ့ သမ္မတကြီးကိုယ်တိုင် တက်ရောက်ပါတယ်။
အဘွား ဒေါ်သန်း
[သုံးခွမြို့၊
(၆)ရပ်ကွက် ဇောတိကလမ်း]
အဘွားအသက်က အခု(၈၅)နှစ်ထဲမှာ။
ကိုယ့်သားနဲ့ သမီးတို့ လာလှူသလိုပါပဲ။ အားလုံးကျန်းမာချမ်းသာပါစေ။ သမ္မတကြီး ကိုယ်တိုင်လာလှူတော့
ဝမ်းသာလို့ မဆုံးပါဘူး။ နတ်လူသာဓုခေါ်ပါစေ။
အဘိုး ဦးတင်ဦး
[သုံးခွမြို့၊ (၁၂) ရပ်ကွက်]
အခုလို လာရောက်လှူဒါန်းတာကျေးဇူးတင်တယ်။
ဝမ်းလည်းဝမ်းသာတယ်။ သမ္မတကြီး အသက်ရာကျော် ရှည်ပါစေ။ တိုင်းပြည်လည်း ဒီထက်အေးချမ်းသာယာပါစေလို့
ဆုပေးချင်တယ်။ အဘိုးက အသက်(၈၅) နှစ် ရှိပြီ။
အဘွား ဒေါ်လှဋ္ဌေး
[သုံးခွမြို့၊ (၃) ရပ်ကွက်]
အဘွားအသက်က (၈၃)နှစ်ရှိပါပြီ။
သမ္မတကြီး ကိုယ်တိုင်လာရောက်တဲ့ အတွက် ဝမ်းသာပီတိဖြစ်လွန်းလို့ မျက်ရည်တောင်ကျမိတယ်။
အဘွားတို့ကို သမ္မတကြီး ကိုယ်တိုင်လာရောက်ပူဇော်ကန်တော့တဲ့ အတွက် သမ္မတကြီးနဲ့ မိသားစုလည်း
အသက်ရှည်ပါစေ။ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျပါစေ။ သမ္မတကြီးရဲ့ ဇနီးက ဒီမြို့နယ် မှာ နှစ်စဉ်
အလှူလုပ်နေကျပါ။ အဲဒီအတွက်လည်း သာဓုခေါ်ပါတယ်။
တွေ့ဆုံမေးမြန်း
- ရဲခေါင်ညွန့်၊ ဇော်ကြီး(ပဏီတ)
ဓာတ်ပုံ - ဇော်မင်းလတ်၊
ရဲထွဋ်




No comments:
Post a Comment