ဘာသာပြန်စာပေ စာတမ်းဖတ်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ဖတ်ကြားမည့်
စာတမ်းများအတည်ပြု ခြင်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံခန်းမဆောင်၌ ကျင်းပသည်။
အစည်းအဝေးတွင် ဘာသာပြန် စာပေစာတမ်းဖတ်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး
လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးတင်လှိုင်(လယ်တွင်းသားစောချစ်)က အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးခင်မောင်စိုး (မောင်သာမည)က ဘာသာပြန်စာပေ
စာတမ်းများ လက်ခံရရှိမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းအစီ အစဉ်များကိုလည်းကောင်း၊
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ဘာသာပြန်စာပေ
စာတမ်းဖတ်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း
ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြ သည့် စာပေပညာရှင်များက အထွေထွေဆွေးနွေးကြပြီး ဘာသာပြန်
စာပေစာတမ်းဖတ်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား
ပြောကြားသည်။
ဘာသာပြန်စာပေ စာတမ်းဖတ်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ
ဦးတင်လှိုင် (လယ်တွင်းသားစောချစ်)က ''စာတမ်း ဖတ်ပွဲတွေကို အရင်ကလည်း ကျင်းပခဲ့တယ်။
သမိုင်းနဲ့ပတ်သက်တာ၊ နိုင်ငံရေးနဲ့ပတ်သက်တာတွေ ကျင်းပခဲ့ပြီး အခုတစ်ခါ ဘာသာပြန်စာပေနဲ့
ပတ်သက်လို့ စာတမ်းဖတ်ပွဲလုပ်မယ်။ စာတမ်းဖတ်ပွဲတစ်ခုမှာ ရည်ရွယ်ချက်တွေထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့
နိုင်ငံတကာနဲ့အညီ ခေတ်မီဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် ဘာသာပြန်စာပေ ထွန်းကားဖို့လိုပါတယ်။
ဘာသာပြန်စာပေဆိုတာ နိုင်ငံတကာရဲ့ဗဟုသုတတွေကို မြန်မာလိုဘာသာပြန်တဲ့ စာပေတွေ အများကြီးလိုပါတယ်။
ကမ္ဘာ့ဗဟုသုတအဖြာဖြာကို မြန်မာစာဖတ်တတ်ရုံနဲ့ လူတိုင်းလက်လှမ်းမီ စေချင်တယ်။ ကမ္ဘာ့သုတနဲ့ပြည့်စုံမယ့်
မြန်မာလူမျိုးတွေ ဖြစ်လာမယ်။ ဒါမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်ယဉ်ကျေးမှုရဲ့
သုတ၊ ရသစာပေတွေကိုလည်း နိုင်ငံတကာက သိဖို့ကောင်းတာပါပဲ။ ဘာသာပြန် စာတမ်းဖတ်ပွဲမှာ နိုင်ငံရပ်ခြားက
စာအုပ်ကောင်းတွေကို ဘာသာပြန်သလို ကိုယ့်နိုင်ငံကထုတ်တဲ့ ရသ၊ သုတစာပေတွေ၊ ကိုယ့်နိုင်ငံအကြောင်းတွေကို
ဘာသာပြန်ပြီးတော့ ကမ္ဘာကသိစေချင်ပါတယ်။ လုပ်ဖို့လည်း အချိန်တန်ပြီလို့ ယူဆပါတယ်။ ဒါကြောင့်မို့
ဘာသာပြန်စာပေစာတမ်းဖတ်ပွဲကို ကျင်းပတာဖြစ်ပါတယ်'' ဟု ပြောသည်။
''ဘာသာပြန်စာပေနဲ့ပတ်သက်တဲ့ စာတမ်းဖတ်ပွဲမှာ ဖိတ်ခေါ်ထားတဲ့ ပညာရှင်တွေလည်း
ရှိပါတယ်။ ပြင်ပက ဝတ္ထုတွေရေးနေတဲ့၊ ကိုယ်တိုင်ဘာသာပြန်နေတဲ့ ဆရာတွေလည်းရှိတယ်။ ဖတ်ပြီးသလောက်စာတမ်း
အများစုကတော့ ဘာသာပြန်စာပေနဲ့ပတ်သက်ပြီး ထွန်းကားအောင် ဘယ်လိုလုပ်ကြမယ်၊ အရင်တုန်းက
ဘယ်လိုလုပ်ခဲ့ကြသလဲ၊ နောင်ဘယ်လိုလုပ်ကြမလဲ၊ နိုင်ငံတကာမှာ ဘာသာပြန်စာပေကို ထွန်းကားအောင်
ဘယ်လိုလုပ်သလဲ စသဖြင့် ဘက်ပေါင်းစုံရေးထားတဲ့ စာတမ်းတွေ တွေ့ရပါတယ်။ ဒီစာတမ်းဖတ်ပွဲကတော့
ဘာသာပြန်စာပေထွန်းကားဖွံ့ဖြိုးရေး ရည်ရွယ်ချက်နဲ့ညီတဲ့ စာတမ်းတွေ အများစုဖတ်နိုင်မယ်လို့
ထင်ပါတယ်''ဟု ဘာသာပြန်စာပေ စာတမ်းဖတ်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး
ဦးခင်မောင်စိုး(မောင်သာမည) က ဆိုသည်။
ညှိနှိုင်းအစည်းအဝေးသို့ ဘာသာပြန်စာပေ စာတမ်းဖတ်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး
လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးတင်လှိုင်(လယ်တွင်းသား စောချစ်)၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးအောင်ရှင်(မုံရွာအောင်
ရှင်)၊ ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဦးကြည်မင်းနှင့် လုပ်ငန်းကော်မတီဝင်များ၊ စာပေပညာရှင်များ၊
ဘာသာပြန်စာပေ စာတမ်းရှင်များနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများ
တက်ရောက်ကြသည်။
ဘာသာပြန်စာပေ စာတမ်းဖတ်ပွဲကို နွေရာသီစာအုပ် ဈေးရောင်းပွဲတော်နှင့်အတူ
ဧပြီ ၂၉ ရက်မှ မေ ၁ ရက် အထိ ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန
ဗဟိုပုံနှိပ် စက်ရုံဝင်း၌ ကျင်းပသွားမည်ဖြစ်သည်။
စာတမ်းဖတ်ပွဲတွင် ဘာသာပြန် စာပေစာတမ်းပေါင်း ၁၅ စောင် ဖတ်ကြားမည်ဖြစ်ပြီး
နွေရာသီစာအုပ် ဈေးရောင်းပွဲတော်တွင် စာအုပ်ဆိုင်ခန်းပေါင်း ၁၄ဝ ကျော် ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
သတင်း-ရီရီမြင့်
ဓာတ်ပုံ-လှမိုး

No comments:
Post a Comment