Monday, April 24, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယင်နာမြို့ရှိ တပ်မတော်စစ်သမိုင်းပြတိုက်အား ကြည့်ရှုလေ့လာ

နေပြည်တော် ဧပြီ ၂၃
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့သည် ဧပြီ ၂၂ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၄၅ မိနစ်တွင် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့သို့ ရောက်ရှိရာ ဗီယင်နာအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သြစတြီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ် ကြီး ဦးစံလွင်နှင့်ဇနီး၊ သံရုံးမိသားစုများနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် နံနက် ၁ဝ နာရီတွင် ဗီယင်နာမြို့ရှိ တပ်မတော် စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာကြည့်ရှုကြသည်။
သြစတြီးယားတပ်မတော် စစ်သမိုင်းပြတိုက် (Austria Army Museum) ကို ၁၈၅ဝ ခုနှစ် ဧပြီ ၁၅ ရက်က တည်ဆောက်ခဲ့ပြီး ၁၈၅၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ပြတိုက်တွင် (၁၉)ရာစုအလယ် ၁၈၆၇ ခုနှစ် ခန့်မှစ၍ သြစတြီးယားအင်ပါယာ၏ စစ်သမိုင်းဆိုင်ရာ အချက်အလက်များ၊ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ် အပါအဝင် သြစတြီးယားနိုင်ငံအနေဖြင့် ပါဝင်ခဲ့သည့် စစ်ပွဲများအား ခန်းမများခွဲခြား၍ ခင်းကျင်းပြသထားရှိသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲ တွင် သြစတြီးယား နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ ရောက်ရှိပြီး သံရုံးမိသားစုများနှင့် တွေ့ဆုံသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က လက်ဆောင်ပစ္စည်းများ ပေးအပ်ရာ သံအမတ်ကြီးနှင့်ဇနီး၊ သံရုံး မိသားစုများနှင့် ဆေးဘက်ဆိုင်ရာ သင်တန်းများသို့ တက်ရောက်လျက်ရှိသည့် သင်တန်းသူများက လက်ခံကြသည်။ ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား သံရုံးမိသားစုများက နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment