Tuesday, March 21, 2017

မန်းရေနံမြေနှင့် ထိစပ်ကျေးရွာများတွင် ဆောင်ရွက်ပြီးစီးခဲ့သည့် လူမှုရေးတာဝန်သိမှု (CSR) လုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ



မင်းဘူး         မတ်       ၂၁
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း မန်းရေနံမြေ၏ ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ် လူမှုရေး တာဝန်သိမှု(CSR) အစီအစဉ်မှ မန်းရေနံမြေနှင့် ထိစပ်ကျေးရွာများသို့ ကူညီပံ့ပိုးပေးခဲ့သည့် ပညာရေးနှင့်လူမှုရေး အထောက်အကူပြု အဆောက်အဦနှင့်ပစ္စည်းများအား သက်ဆိုင်ရာကျေးရွာများသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို မင်းဘူး(စကု)မြို့နယ် မန်းရေနံမြေ စုပေါင်းရုံး အစည်းအဝေးခန်းမ၌ မတ်လ ၂၁ ရက်နေ့ နံနက် (၉)နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ အဖွင့်အမှာစကား ပြောကြားပြီး မန်းရေနံမြေ အထွေထွေမန်နေဂျာ ဦးရဲနိုင်မှ လူမှူးရေးတာဝန်သိမှု (CSR) အစီအစဉ်မှ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားသည်။ 
ထို့နောက်  မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပံ့ပိုးကူညီသည့် ပစ္စည်းများအား ကျေးရွာများသို့ လွှဲပြောင်း ပေးအပ်ရာ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများမှ လက်ခံရယူခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့  သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော် ၊မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ မန်းရေနံမြေနှင့် ထိစပ်ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး မန်းရေနံမြေမှ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ် လူမှုရေးတာဝန်သိမှု (CSR)အစီအစဉ်မှ ကူညီပံ့ပိုးပေးခဲ့မှုမှာ အသုံးပြုပြီးငွေ (၁၉၃,၉၄၁,၃၂၈.၀၀) ဖြစ်ကြောင်း  သတင်းရရှိသည်။
ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment