Tuesday, March 21, 2017

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် မြို့တွင်းလောင်စာဆီများ မထားရှိစေရေး ညှိနှိုင်းဆွေးနွေး

ကျောင်းကုန်း၊ မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ထွေ/အုပ်ရုံးခန်းအတွင်း မတ်လ ၂၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် မြို့တွင်း၌လောင်စာဆီများ သိုလှောင်မထားစေရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။ ရှေးဦးစွာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းမှ ကျောင်းကုန်းမြို့နယ် မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေး အလေးထား ဆွေးနွေးကြစေလိုကြောင်း၊
မီးသတ်ယာဉ်အား ရေဖြည့်ပေးနိုင်ရေး အကောင်းဆုံးနည်းလမ်း ရှာဖွေကြစေလိုကြောင်း၊ အရေးပေါ်ဖြစ်လာပါက အနီးစပ်ဆုံးရေရရှိနိုင်မည့်နေရာကို ရွေးချယ်ထားပြီး တာဝန်ရှိသူများက သိရှိထားဖို့လိုကြောင်း၊ လက်ရှိ အဝီစိတွင်း ရေငုတ်များတွင် ရေစုပ်စက်များ အဆင်သင့်ထားပေးနိုင်ပါက ပိုမိုကောင်းမွန်ကြောင်း၊ မီးဘေးအန္တရာယ် ကျရောက်ပါက လုံခြုံရေးအထူးဂရုစိုက်ကြရန်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ ကန့်သတ်နယ်မြေသတ်မှတ်ပြီး ဆိုင်ကယ်နှင့်ကားများ မဝင်စေရေး အထူးကြပ်မတ် ဆောင်ရွက်ကြရန်လိုကြောင်း အကြံပြုဆွေးနွေးခဲ့သည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းမှ လောင်စာကိစ္စများ၊မီးငြိမ်းသတ်ရန် လမ်းကြောင်းကိစ္စများ၊ မီးလောင်ပါက မြစ်ကမ်းနားကစုပ်ယူမလား၊ အဝီစိပိုက်တွင်းကစုပ်ယူမလား၊ ရေကန်ကစုပ်ယူမလား ဆိုတဲ့ရေရရှိမှု ကိစ္စများနှင့် လုံခြုံရေးကိစ္စများ ဆွေးနွေးတင်ပြခဲ့သည်။ မြို့မိမြို့ဖ ဦးခင်စိုးမှ ကျောင်းကုန်းမြို့မဈေးကြီး တစ်ခုလုံးနီးပါးကို ၁၉၉၃ ခုနှစ် မတ်လ ၁၉ ရက်နေ့ ကမီးလောင်ဆုံးရှုံးခဲ့ရကြောင်း၊ ယမန်နေ့ မတ်လ ၁၉ ရက်နေ့က ဈေးအနီး မီးလောင်မှုသည် ၂၄ နှစ်ပြည့် ထပ်မံလောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ အိမ်များတွင် ဂက်စ်အိုးများကိုယ်စီရှိကြ သဖြင့် မီးဘေးစိုးရိမ်ရကြောင်း၊ ရေငုတ်တွေမှာ ချက်ဘားနဲ့စာရင် ဂိတ်ဘားနဲ့ဆို ပိုမိုကောင်းမွန်ကြောင်း ဆွေးနွေးခဲ့သည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့မိမြို့ဖများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး၊ စည်ပင်သာယာရေး ကော်မတီဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ မီးသတ်ဦးစီးမှူး တို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်

No comments:

Post a Comment