နေပြည်တော်
မတ် ၂၂
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊
ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန (၂၀၁၇) ခုနှစ် ထူးချွန် အခြေခံ ကျန်းမာရေး ဝန်ထမ်းနှင့်
ထူးချွန် စေတနာ့ ဝန်ထမ်း ကျန်းမာရေး လုပ်သားများ လေ့လာရေး ခရီးစဉ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာ
အပ်နှင်းခြင်း အခမ်းအနားအား မတ် (၂၁)ရက် နံနက် (၈)နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့
ပြည်နယ် ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ်
ဒေါက်တာ အေးဇံက ကျန်းမာရေး စောင့်ရှောက်မှု ပေးရာတွင် ပူးပေါင်း ပါဝင်ခဲ့သော ထူးချွန်
အခြေခံ ကျန်းမာရေး ဝန်ထမ်းများနှင့် ထူးချွန်စေတနာ့ ဝန်ထမ်း ကျန်းမာရေး လုပ်သားများကို
မွန်ပြည်နယ်ရှိ ရေ၊ မြေ၊ တောတောင် သဘာဝ အလှများ၊ ယဉ်ကျေးမှု အနုပညာ လက်ရာများ၊ ဘုရာပုထိုး
စေတီများ ရှိသော ဒေသသို့ လာရောက်သော လေ့လာရေး ခရီးကို လှိုက်လှဲစွာ ကြိုဆိုပါကြောင်း
ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ
မြင့်ထွေးက ပြောကြားရာတွင် မြန်မာနိုင်ငံရှိ လူဦးရေ၏ (၇၀) ရာခိုင်နှုန်းသော ပြည်သူများသည်
ကျေးလက် ဒေသများတွင် နေထိုင်ကြပြီး ကျန်းမာရေး အတွက် ကျေးလက် ကျန်းမာရေးဌာန၊ ကျေးလက်
ကျန်းမာရေး ဌာနခွဲများမှ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေပါကြောင်း၊ အခြေခံ ကျန်းမာရေး
ဝန်ထမ်းများသည် ပြည်သူလူထုအား ကျန်းမာရေး အသိပညာ မြှင့်တင်ပေးပြီး ပြည်သူများ မိမိကိုယ်
မိမိပိုမို ကျန်းမာအောင် စောင့်ရှောက် နေထိုင် လာတတ်စေရန်နှင့် မိမိတို့ ဒေသအလိုက်
ဖြစ်ပွားသော ရောဂါများကို ကာကွယ်ရန် မည်ကဲ့သို့ နေထိုင် စားသောက်ရမည်ဟု သိရှိရန်၊ ရောဂါဖြစ်ပွားမှု
ရှိနေပါကလည်း ရောဂါကို အမြန် ပျောက်ကင်းအောင် (သို့မဟုတ်) နောက်ဆက်တွဲ ဆိုးကျိုးများ
ခံစားရခြင်း မရှိအောင် မည်သို့ကုသမှု ခံယူရမည် နေထိုင် စားသောက်ရမည် စသည်တို့ကို သိရှိရန်
လိုအပ်ပါကြောင်း၊
ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု
ပေးရာတွင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဝန်ကြီးချုပ်များနှင့် အစိုးရအဖွဲ့မှ လူမှုရေး
ဝန်ကြီးများ ပူးပေါင်း ဆောင်ရွက်နိုင်စေရန် ဝန်ကြီးဌာနမှ ဆက်သွယ် အသိပေး၍ ဝိုင်းဝန်း
ဆောင်ရွက်မှုဖြင့် အမျိုးသား ကျန်းမာရေး စီမံကိန်းများကို အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်းဖြင့်
ပြောကြားခဲ့သည်။
ထို့နောက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊
ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ၊ မွန်ပြည်နယ်
အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးထိန်လင်း၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာ သန်းဝင်းတို့က ထူးချွန်အခြေခံ ကျန်းမာရေး ဝန်ထမ်းနှင့် စေတနာ့ ဝန်ထမ်း ကျန်းမာရေး
လုပ်သားများကို ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
အဆိုပါ ထူးချွန် အခြေခံ ကျန်းမာရေး ဝန်ထမ်းနှင့်
ထူးချွန်စေတနာ့ ဝန်ထမ်း ကျန်းမာရေး လုပ်သားများသည် မွန်ပြည်နယ် အတွင်း မတ် (၂၀)ရက်
မှ (၂၅)ရက် အထိ လေ့လာရေး ခရီးများ သွားရောက်ကြမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ (သတင်းစဉ်)
No comments:
Post a Comment