Wednesday, March 22, 2017

ရခိုင်ပြည်နယ် မောင်တောဒေသ စုံစမ်း စစ်ဆေးရေး ကော်မရှင်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဒုက္ခသည် စခန်းများသို့ သွားရောက် စုံစမ်းမေးမြန်း



နေပြည်တော် မတ် ၂၂
ရခိုင်ပြည်နယ် မောင်တောဒေသ စုံစမ်း စစ်ဆေးရေး ကော်မရှင်မှ ကော်မရှင် အတွင်းရေးမှူး ဦးဇော်မြင့်ဖေနှင့် ကော်မရှင် အဖွဲ့ဝင် ဦးထွန်းမြတ်၊ ဒေါက်တာ အောင်ထွန်းသက်၊ ဒေါက်တာ ဒေါ်သက်သက်ဇင်၊ ဦးညွန့်ဆွေ၊ ဒေါ်ကျိန်ငိုက်မန်တို့ ပါဝင်သော အဖွဲ့သည် ၂၀၁၆ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ ဖြစ်စဉ်များ နောက်ပိုင်း မြန်မာ နိုင်ငံမှ အကြောင်း အမျိုးမျိုးဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိနေသည့် ကျေးရွာသူ၊ ကျေးရွာသားများအား စုံစမ်းမေးမြန်းပြီး ပြဿနာများကို ညှိနှိုင်း တိုင်ပင်၍ မှန်ကန်စွာ ဖြေရှင်းနိုင်ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မတ်(၁၈)ရက်မှ (၂၂)ရက်အထိ သွားရောက်၍ ကောက်စ်ဘဇား ခရိုင်အတွင်းရှိ ဒုက္ခသည် စခန်း (၃)ခု၌ မေးမြန်း စုံစမ်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကော်မရှင် အဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက် စုံစမ်း စစ်ဆေး နေစဉ်မှာပင် ကျန်ရှိသော ကော်မရှင် အဖွဲ့ဝင်များသည် မောင်တောဒေသသို့ စတုတ္ထအကြိမ် ထပ်မံ သွားရောက်ကာ ထိခိုက်နစ်နာမှု ရှိသော ကျေးရွာများ၏ တိုးတက်မှု၊ ကော်မရှင်၏ ညှိနှိုင်း ဆောင်ရွက်ပေးမှုများ အပေါ် လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက်မှုနှင့် မိမိ ကျေးရွာများမှ အခြားဒေသများသို့ ရောက်ရှိနေခဲ့သော ကျေးရွာသူ၊ ကျေးရွာသားများ နေရပ် ပြန်လည် ရောက်ရှိမှုနှင့် ဒေသ တည်ငြိမ် အေးချမ်းမှုတို့ကို မေးမြန်း စုံစမ်းခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောဒေသ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ ရည်ရွယ်ချက်မှာ နိုင်ငံတော်သို့ အစီရင်ခံစာ တင်ပြရာတွင် ပြဿနာများကို လွှမ်းခြုံသုံးသပ်၍ လက်တွေ့ ဖြေရှင်းချက်များ ပါဝင်သော အကြံပြုချက်များကို တင်သွင်းနိုင်ရန် အတွက် ဖြစ်ကြောင်း၊ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် ဒုက္ခသည် စခန်းများကို တာဝန် ယူထားသော သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများ၏ ပူးပေါင်း ဆောင်ရွက်မှုကို ရယူ၍ ၎င်းတို့ နေထိုင်ရာ စခန်းများသို့ ခက်ခဲစွာ သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကော်မရှင် အဖွဲ့သည် မတ်(၁၉) ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇား မြို့သို့ ရောက်ရှိပြီး ပထမဦးစွာ ကောက်စ်ဘဇား ခရိုင် အုပ်ချုပ်ရေးမှူးရုံး၌ အရေးပိုင် Mr. MD. ALI HOSSAIN နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ တွေ့ဆုံ ဆွေးနွေးပွဲသို့ ကောက်စ် ဘဇားခရိုင် အတွင်းရှိ ဒုက္ခသည် စခန်းများ၌ လုပ်ငန်းများ ဆောင်ရွက်နေသည့် IOM၊ UNHCR အဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ယင်းနေ့ မွန်းလွဲပိုင်းတွင် ကော်မရှင် အဖွဲ့ဝင်များသည် Kutupalong ဒုက္ခသည် စခန်းရှိ အမျိုးသမီး (၁၇)ဦးကို ဒေါက်တာ ဒေါ်သက်သက်ဇင်နှင့် ဒေါ်ကျိန်ငိုက်မန်တို့က လည်းကောင်း၊ အမျိုးသားများကို ဦးဇော်မြင့်ဖေနှင့် အဖွဲ့ဝင်များက လည်းကောင်း သီးခြားစီ တွေ့ဆုံ မေးမြန်း စုံစမ်းခဲ့သည်။
ကော်မရှင် အဖွဲ့ဝင်များသည် မတ်(၂၀)ရက် နံနက်ပိုင်းတွင် Balukhali ဒုက္ခသည်စခန်းသို့ သွားရောက်ပြီး International Organization for Migration (IOM) အစီအစဉ်ဖြင့် အမျိုးသား (၅)ဦး၊ အမျိုးသမီး(၃)ဦး စုစုပေါင်း (၈)ဦးတို့အား ခန်းဆီး အပိုင်းကာရံလျက် တစ်ဦးချင်း မေးမြန်းခြင်း၊ အချို့ အမျိုးသားများကို အုပ်စုလိုက် မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့သည်။
မွန်းလွဲပိုင်းတွင် Leda ဒုက္ခသည်စခန်းသို့ ဆက်လက်သွားရောက်၍ အမျိုးသမီး (၅)ဦး၊ အမျိုးသား (၃)ဦး စုစုပေါင်း (၈)ဦးတို့အား IOM အစီအစဉ်အရ ခန်းဆီးအပြည့် ကာရံလျက် မေးမြန်းခြင်းများဆောင်ရွက်ခဲ့သည်။
ကော်မရှင် အဖွဲ့သည် မတ် (၂၁)ရက်တွင် ဒါကာမြို့သို့ ပြန်လည် ထွက်ခွာလာပြီး ကော်မရှင်အဖွဲ့ဝင် ဦးထွန်းမြတ်နှင့် ဒေါက်တာ အောင်ထွန်းသက်တို့သည် ဒါကာမြို့ရှိ IOM နှင့် UNHCR ဌာနေ ကိုယ်စားလှယ်များဖြင့် သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောဒေသ စုံစမ်း စစ်ဆေးရေး ကော်မရှင် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ လေကြောင်း ခရီးဖြင့် ထွက်ခွာလာရာ ရန်ကုန်မြို့သို့ မွန်းလွဲပိုင်းတွင် ပြန်လည် ရောက်ရှိကြသည်။
ကော်မရှင်၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ် တစ်လျှောက်လုံးတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်းက ကြိုတင်စီစဉ်မှုများ ပြုလုပ်၍ သံရုံး ၀န်ထမ်းများက အတူတကွ လိုက်ပါ ဆောင်ရွက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment