Wednesday, March 22, 2017

ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ရလဒ်များ အပေါ် ဆန်းစစ် သုံးသပ်ရန်နှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အတွက် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပ



နေပြည်တော် မတ် ၂၂
တစ်နှစ်တာ ကာလအတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ရလဒ်များ အပေါ် ဆန်းစစ် သုံးသပ်ရန်နှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများ အတွက် တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မြင့်ထွေး တက်ရောက် အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာ၌ ဗဟိုတစ်ခုတည်း၏ အမြင် မဟုတ်ဘဲ  တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင်ကို လည်း သိရှိလိုသည့်အတွက် ယခုဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း၊ ပိုမိုကောင်း မွန်သည့် အကြံဉာဏ်များကိုလည်းပေးကြပြီး မည်ကဲ့သို့ ဆောင်ရွက် သင့်သည်ကို ပွင့်ပွင့် လင်းလင်း တင်ပြ ဆွေးနွေးကြရန်လည်း ဖြစ်ကြောင်း။
၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှ ယနေ့အထိ ဆောင်ရွက် ခဲ့သည်များကို ပြန်လည် သုံးသပ်ကြရန်ဖြစ်ကြောင်း၊ ၁ နှစ်တာအတွင်း ဆောင်ရွက်ချက်များ၏ ကောင်းမွန်မှုကိုလည်း တွေ့ရှိရကြောင်း၊ မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ရှိရသည့် အခြေအနေအပေါ် မူတည်၍ မည်ကဲ့သို့ ဆက်လက် ဆောင်ရွက် သင့်သည်ကို တင်ပြကြစေလိုကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ပြန်လည် သုံးသပ်ရာတွင် ကျွမ်းကျင်မှု ဆိုင်ရာ အပိုင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အပိုင်းများကို မိမိတို့ဒေသအပေါ် မူတည်၍ သုံးသပ်ကြရမည် ဖြစ်ပါကြောင်း။
Guideline နှင့် Standard Operating Procedure (SOP) များကို update များ ပြုလုပ်လျက် ရှိကြောင်း၊ ဗဟိုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဆက်သွယ် ဆောင်ရွက်မှု အားနည်းနေသည်ကို တွေ့ရှိမှုအပေါ် ဆက်သွယ်မှု မြန်ဆန် ကောင်းမွန်စေရန် ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ တစ်နေရာမှ တစ်နေရာသို့ ဆေးနှင့် ဆေးပစ္စည်း သယ်ယူ ပို့ဆောင်မှု၊ ထုတ်ယူ သုံးစွဲမှု၊ စနစ်တကျ ဖြစ်ရန်အတွက် သုံးသပ် ဆွေးနွေးကြရန် ဖြစ်ပါကြောင်း။
ကျေးလက် ကျန်းမာရေး ဌာနများ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ သုံးသပ်ရန် ဖြစ်ကြောင်း၊ ပြည်သူ့ ကျန်းမာရေး လုပ်ငန်းများ အောင်မြင် တိုးတက်မှုသည် ကျေးလက် ကျန်းမာရေး ဌာနများတွင် ပြည်သူလူထု အခြေပြု ကျန်းမာရေး စောင့်ရှောက်မှု ဆေးခန်း များ ဖွင့်လှစ် ဆောင်ရွက်မှုအပေါ် မူတည်နေပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင်  ပြည်ပလူမှုရေး အဖွဲ့အစည်းများ၏ ဆောင်ရွက် နေမှုများကိုလည်း ဆန်းစစ် သုံးသပ်ကြရန် ဖြစ်ပါကြောင်း၊ ဦးစီးဌာနများ အနေဖြင့် မိမိတို့ဌာန၏ ဖွဲ့စည်းပုံများကို ပြန်လည်ဆန်းစစ်ပြီး လိုအပ်သည်များကို ဖြည့်စွက် ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ အခြေခံ ကျန်းမာရေး ဝန်ထမ်းများ၏ အရည်အသွေး မြင့်မားရေး အတွက် သင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ် ဆောင်ရွက် သွားရန် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးများ၊ ကုသရေး ဦးစီးဌာနမှူးများက မိမိတို့ ဒေသများအတွင်း ပြီးခဲ့သည့် ၁ နှစ်တာ ကာလ အတွင်း လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်း တင်ပြ ဆွေးနွေးကြသည်။
ထို့နောက် တင်ပြချက်များ အပေါ် အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း နှင့် ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက် ဆွေးနွေးကြပြီး ပြည်ထောင်စု ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲကို မတ် ၂၂ ရက်မှ ၂၃ ရက် အထိ နှစ်ရက်တာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။    
(သတင်းစဉ်)

No comments:

Post a Comment