Wednesday, March 22, 2017

နေပြည်တော်ကောင်စီ၏ တစ်နှစ်တာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများ

တွေ့ဆုံမေးမြန်း - ဇူလိုင်မိုး (မြန်မာ့အလင်း)
နေပြည်တော်ကောင်စီက အစိုးရသစ်တစ်နှစ်တာကာလအတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သိရှိနိုင်ရန် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင် အား သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်။



မေး ။ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ခရိုင်၊ မြို့နယ် အခြေအနေနဲ့ လူဦးရေ ဘယ်လောက် ရှိတယ်ဆိုတာ သိလိုပါ တယ်ရှင့်။
ဖြေ ။ နေပြည်တော်က ခရိုင်နှစ်ခရိုင်၊ မြို့နယ်ရှစ်မြို့နယ်နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒက္ခိဏခရိုင်နဲ့ ဥတ္တရခရိုင် တို့ဖြစ်ပြီး ဒက္ခိဏခရိုင်ရဲ့အောက်မှာ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ် တို့ရှိပါတယ်။ ဥတ္တရခရိုင်မှာ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နဲ့ ဥတ္တရ သီရိမြို့နယ်ဆိုပြီး ရှိပါတယ်။ ခရိုင်နှစ်ခရိုင်အတွင်း ရပ်ကွက် ၅၈ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၈၇ စု၊ ကျေးရွာပေါင်း ၇၉၅ ရွာရှိပါတယ်။ အိမ်ခြေအနေနဲ့ ၂၄၂၃၅၁ခု ၊ အိမ်ထောင်စု ၂၄၈၈၅၃ စုနဲ့ လူဦးရေက ၁၀၆၃၂၁၆ ဦး ရှိပါတယ်။
မေး ။ နေပြည်တော်ကြီး သာယာလှပဖို့နဲ့ တိုးတက်ဖွံ့ ဖြိုးမှု အတွက် တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့တာတွေကို ပြောပြပေးပါရှင့်။
ဖြေ။ ကျွန်တော်တို့ ပညာရေးကဏ္ဍနဲ့ပတ်သက်ပြီး ဆောင် ရွက်ခဲ့တာတွေကို ပထမဆုံး တင်ပြလိုပါတယ်။ ကျေးရွာတွေမှာ ပညာရေးကဏ္ဍအဆင့်မြှင့်တင်ဖို့ အများကြီးလိုနေပါသေးတယ်။ ဒါကြောင့် တစ်နှစ်တာကာလ အတွင်းမှာ ကျေးရွာတွေကို အဓိကထားပြီး ကျေးရွာအခြေခံပညာအထက်တန်းကျောင်း (၇၃) ကျောင်းကို တစ်ဆင့်တိုးပြီး မြှင့်တင်နိုင်ခဲ့ပါတယ်။
ဥပမာအနေနဲ့ ပြောရရင် အထက်တန်းကျောင်း (ခွဲ) ကနေ အထက်တန်းကျောင်းအဖြစ် သုံးကျောင်း၊ မူလတန်း ကျောင်းလေး တွေဆိုရင်လည်း မူလတန်းလွန်၊ မူလွန်ကနေ အလယ်တန်း ကျောင်း (ခွဲ)စသည်ဖြင့် အဆင့်ဆင့်မြှင့်တင်ခဲ့တာ ကျောင်း ပေါင်း (၇၃) ကျောင်းကို တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါတယ်။ တချို့ကျောင်းတွေမှာ ကျောင်းဆောင်သစ်တွေပါ တိုးချဲ့ ဆောက်လုပ်နိုင်ခဲ့ပါတယ်။ တစ်နှစ်အတွင်း နေပြည်တော် ကောင်စီအနေနဲ့ ကျေးရွာတွေမှာ ဆရာ ဆရာမ ပေါင်း ၇၅၀ နီးပါးခန့်ထားနိုင်ခဲ့ပါတယ်။ ပြည်ထောင်စုနယ်မြေအတွင်းမှာ ကျောင်း အသစ်ပေါင်း (၃၆) ကျောင်းကို အာစီ (၂)ထပ်အပါ အဝင် အုတ်ညှပ်တွေနဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းတွေကို တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ ဒီလိုတည် ဆောက်တဲ့နေရာမှာ တကယ်လိုအပ်နေတဲ့ နေရာတွေကို လွှတ်တော် ကိုယ်စားလှယ်တွေ၊ ကျောင်းသားမိဘတွေနဲ့ ပညာရေးဌာနက တာဝန်ရှိသူများနဲ့ တိုင်ပင် ဆွေးနွေးပြီး ဆောက်လုပ်နိုင်ခဲ့ပါတယ်။
နေပြည်တော်ကောင်စီမှ ခွင့်ပြုဘဏ္ဍာငွေ ကျပ်သန်းပေါင်း ၂၃၀၀အတွင်းက တိုးချဲ့ ဆောက်လုပ်ပေးနိုင်ခဲ့ပါတယ်။
မေး။ ကျန်းမာရေးကဏ္ဍအနေနဲ့ ဆောင်ရွက်ခဲ့မှုတွေ ဆက်ပြောပြ ပေးပါရှင့်။
ဖြေ။ နေပြည်တော်အတွင်းက ကျေးရွာတွေအရောက် ကျန်းမာ ရေး ဝန်ကြီးဌာနမှ အထူးကုဆရာ ဝန်ကြီးတွေလိုက်ပါပြီး ကျန်းမာ ရေးစောင့်ရှောက်မှု (၇) ကြိမ်အထိ ကွင်း ဆင်းဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ အဓိက တပ်ကုန်းမြို့နယ် ရွှေမြို့၊ အိုင့်ကျယ်၊ သပြေပင်၊ လယ်ဝေးမြို့နယ်မှာ စမတောင်၊ ပုဗ္ဗသီရိမြို့နယ်မှာ အေးမြင့်သာယာစသဖြင့် နေရာပေါင်း(၇) နေရာမှာ အထူးကု ဆရာဝန်ကြီးတွေလိုက်ပါပြီး ကုသပေးနိုင်ခဲ့ပါတယ်။
အထူးကုအဖွဲ့မှာ အထွေထွေအထူးကု၊ ကလေးအထူးကု၊ ငှက်ဖျားအထူးကု၊ အနာကြီးအထူးကု၊ ခွဲစိတ်အထူးကု၊ သွား ရောဂါအထူးကုဆရာဝန်တွေပါ လိုက်ပါ ကုသပေးနိုင်ခဲ့ပါတယ်။ (၇) ကြိမ်ကုသတဲ့အထဲမှာ လူနာပေါင်း ၉၀၀ ကျော်ကို ကုသပေး နိုင်ခဲ့ပါတယ်။ ပုံမှန်နေပြည်တော်နယ်မြေအတွင်းမှာတော့ ကျေးလက်ကျန်းမာရေးဌာန (၂၈) ခုကို တိုးချဲ့ဖွင့်လှစ်ပေးနိုင် ခဲ့ပါတယ်။ ပုံမှန်ဆေးခန်းဖွင့်ပြီး ကုသနေတာကတော့ (၁) နှစ်အတွင်း ကျေးလက်ကျန်းမာရေးဌာနတွေက လူနာပေါင်း ငါးသိန်းလောက် ကုသစောင့်ရှောက်ပေးနိုင်ခဲ့ပါတယ်။ ဒါက အထူးစီမံချက်တွေ မပါသေးပါဘူး။ အထူးစီမံချက်များအနေနဲ့ ကတော့ သီးသန့်ကျေးလက်တွေကိုဆင်းပြီး ကုသပေးတာတွေ ရှိသလို မိသားစုကျန်းမာရေး စီမံချက်မှာဆိုရင်လည်း ကိုယ်ဝန် ဆောင်မိခင်တွေ စောင့်ရှောက်မှု နှစ်သောင်း နီးပါးနဲ့ ငါးနှစ် အောက်ကလေးပေါင်း ၆၄၀၀၀ ကျော်ကိုလည်း ကုသစောင့် ရှောက်ပေးနိုင်ခဲ့ပါတယ်။
ကျောင်းကျန်းမာရေးစီမံချက်အနေနဲ့ကတော့ နေပြည်တော်အတွင်းမှာ အအောင်မြင်ဆုံးကဏ္ဍလို့ ပြောချင်ပါတယ်။ မူလတန်းကျောင်းသား ၁၂၀၀၀၀ ကျော် ရာခိုင်နှုန်းအားဖြင့် ပြောရရင် ၉၉ ရာခိုင်နှုန်းအထိ စစ်ဆေးပြီး ကျန်းမာရေး စောင့် ရှောက်မှုပေးနိုင်ခဲ့ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုများ စတင်ဆောင်ရွက်စဉ်ကတည်းကပင် ကျန်းမာရေးဆိုင်ရာ အညွှန်းကိန်းအနေနဲ့ တစ်နှစ်အောက် ကလေး သေဆုံးမှုဟာ ၄ ဒသမ ၉ ရာခိုင်နှုန်းပဲရှိပြီး မိခင်သေဆုံးမှုကတော့ ၀ ဒသမ၉ ရာခိုင်နှုန်း အထိလျော့ကျသွားတာကို တွေ့ရပါတယ်။
တိုးချဲ့ကာကွယ်ရေးစီမံချက်အနေနဲ့လည်း ကလေးပေါင်း ၁၇၀၀၀ ကျော်နဲ့ ကိုယ်ဝန်ဆောင် မိခင်ပေါင်း ၁၇၀၀၀ ကျော်ကို ကုသပေးနိုင်ခဲ့ပါတယ်။ ကုသရေးအနေနဲ့လည်း နေပြည်တော် နယ်မြေမှာ ခုတင် ၁၀၀၀ ဆေးရုံကြီးဟာ ပြည်ထောင်စု နယ်မြေ နေပြည်တော်တင်မကဘဲ ပတ်ဝန်းကျင်မှာရှိတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များက ပြည်သူတွေပါ အားကိုးတကြီးလာရောက် ကုသနေတာကို တွေ့ မြင်ရပါတယ်။ ဒါကြောင့် နေပြည်တော်ရဲ့ ကုသရေး စီမံချက်အနေနဲ့ အထူးကုဆေးရုံကြီးလေးရုံကို တစ်နှစ်တာအတွင်း ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။
အဲ့ဒီအထူးကုဆေးရုံကြီးတွေကတော့ အရိုးအထူးကု ဆေးရုံကြီး၊ သားဖွားမီးယပ်နဲ့ ကလေးအထူးကုဆေးရုံကြီး၊ သွားနဲ့ခံတွင်း အထူးကုဆေးရုံကြီးနဲ့ မျက်စိ၊ နား၊ နှာခေါင်းဆေးရုံ ကြီးတို့ပဲဖြစ် ပါတယ်။ ဒီဆေးရုံ လေးရုံဟာ စတင်ကုသပေးနေပြီဖြစ်ပါတယ်။
မေး ။ ကျေးလက်ဒေသဖွံ့ ဖြိုးရေးဆောင်ရွက်မှုနဲ့ပတ်သက်ပြီး သိချင်ပါတယ်ရှင့်။
ဖြေ ။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ထဲမှာ ကျေးလက်တွေ မှာရှိတဲ့ ကွန်ကရစ်လမ်း ၀ ဒသမ ၇၆ ဖာလုံ၊ ကျောက် ချောလမ်းအဖြစ် မြှင့်တင်နိုင်တာ ၁၆ မိုင်၊ ရိစာလမ်း စတင်ခင်းတာ ၅ မိုင်နဲ့ မြေသားလမ်းပြုပြင်တာ ၁၄ မိုင် ဆောင်ရွက်နိုင်ခဲ့ ပါတယ်။ ကျေးလက်တွေက ဖွံ့ ဖြိုးမှုနောက်ကျနေတဲ့အတွက် ကျေးလက်ဒေသတွေကိုပဲ အဓိကထားဆောင်ရွက်ပေးခဲ့တာဖြစ် ပါတယ်။ တံတားလုပ်ငန်းမှာလည်း ပေ ၃၆၀ အထက် ကွန်ကရစ် တံတားရှစ်စင်း၊ သစ်သားတံတား ၂၁ စင်း၊ ပေ ၃၈၀ ကျော် ၄၀၀ နီးပါးရှိတဲ့ ရေကျော်လမ်းငါးစင်း၊ Box Culvert  ၆၅ စင်းနဲ့ ရေပြွန်ငါးခုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါတယ်။
မေး ။ နေပြည်တော်ကောင်စီနယ်မြေအတွင်း သောက်သုံး ရေရရှိရေးဆောင်ရွက်ပေးခဲ့တာနဲ့ ပတ်သက်ပြီး ပြောပြ ပေးစေလိုပါတယ် ရှင့်။
ဖြေ ။ နွေရာသီမှာ မကြာမကြာကြုံတွေ့နေရတာက သောက်သုံးရေ ပြတ်လပ်မှုပါ။ ဒီကိစ္စအတွက်ကလည်း ပေ ၄၀၀ အနက်ထက်ပိုတဲ့ တွင်းနက်တွေကို ရွာပေါင်း ၂၈ ရွာမှာ ၂၈ တွင်း၊ တွင်းတိမ်လို့ခေါ်တဲ့ ပေ ၂၀၀ ဝန်းကျင်တွင်းက ရွာ ခြောက်ရွာမှာ ခြောက်တွင်း၊ လက်တွင်းကတော့ နှစ်ရွာမှာ နှစ်တွင်းနဲ့ မြေသားကန်ကတော့ သုံးရွာမှာ သုံးကန်ဖြစ်ပါတယ်။ နေပြည်တော်နယ်မြေအတွင်းမှာ ရှမ်းရိုးမရဲ့ အခြေနဲ့ဆက်နေတဲ့ တောင်ပေါ်ရွာတွေမှာတော့ စိမ့်စမ်းရေကို ပိုက်နဲ့သွယ်ပြီးတော့မှ ရေရရှိအောင် ရွာ ၁၀ ရွာမှာ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ နောက်ပြီး နေပြည်တော် ဒေသဟာ နယ်မြေ အကျယ် အဝန်းအရ အခြားဒေသနဲ့ မတူသလို ဆည်မြောင်းတာတမံတွေ အင်မတန်ပေါကြွယ်ဝတယ်လို့ လူသိများပါတယ်။ ဆည်မြောင်း တာတမံ ၃၂ ခုကို ဆည်မြောင်းဦးစီးဌာနနဲ့ နေပြည်တော်စည်ပင် ဌာနအောက်မှာ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါတယ်။ ဒီနှစ်ထဲမှာ ဆည်ရေသောက် ဧကပေါင်း ၇၀၀၀၀ ကျော်ရှိတဲ့ အနက် မိုးစပါးဧက ၆၈၀၀၀ ကျော်နဲ့ နွေစပါးဧက ၁၅၀၀၀ လောက် စိုက်ပျိုးနိုင်ခဲ့ပါတယ်။
ဆည်မြောင်းတာတမံ ထိန်းသိမ်းခြင်းကို လုပ်ငန်း ပေါင်း ၃၁၄ ခုနဲ့ ကျပ်ငွေကျပ်သန်းပေါင်း ၃၈၀၀ ကျော် ပြည်ထောင်စု ဘဏ္ဍာငွေကနေ ခွင့်ပြုထားပြီးဖြစ်ပါတယ်။၂၀၁၆-၂၀၁၇ ငွေလုံး ငွေရင်းနဲ့ ဆောင်ရွက်ခဲ့တဲ့ တည်ဆောက်ရေး-၅ က တည်ဆောက် ခဲ့တာတွေကို အကျဉ်းချုပ်တင်ပြလိုပါတယ်။ အဆင့်မြင့်လယ်ယာ ဖော်ထုတ်ဆောင်ရွက်ခြင်း၊ ဆည်မြောင်း၊ တူးမြောင်းတူးဖော် ခြင်းလုပ်ငန်းအသစ်ကို ၅၁ ဒသမ ၁၄ မိုင်၊ တူးမြောင်းအဆောက် အအုံ တည်ဆောက်ခြင်းလုပ်ငန်းပေါင်း ၁၉၃ ခုကို ခွင့်ပြုငွေကျပ် ကျပ်သန်းပေါင်း၄၁၀၀ ကျော်နဲ့ ဆောင်ရွက်ခဲ့ပါတယ်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်းမှာ လယ်ယာ စိုက်ပျိုးရေးနဲ့ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ရဲ့ချေးငွေနဲ့ ပျဉ်းမနားမြို့ ဇီးဖြူပင်ရွာရဲ့ အလယ်ပေါင်း လောင်းဆည်ရေသောက်ထဲမှာ ဧရိယာ ၅၄ ဧကကို အဆင့်မြင့် လယ်ယာအဖြစ် ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါကတော့ ဆက်လက် ဆောင်ရွက်ဆဲ အဆင့်မြင့်လယ်ယာကူးပြောင်းရေးလုပ်ငန်းမှာ ပြီးခဲ့တဲ့နှစ်ကာလအတွင်း ဆောင်ရွက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အလားတူ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို တောင်သူ တွေဆီ ပြန်လည်အပ်နှံမှုမှာလည်း တပ်ကုန်းမြို့ နယ်က လယ်သမားပေါင်း ၈၇ ဦးကို ပုံစံ(၇)တွေ ထုတ်ပေးပြီး ဧက၂၀၀ ကျော် ပြန်လည်အပ်နှံခဲ့ပါတယ်။
မေး ။ ကျေးလက်ဒေသ မီးရရှိရေးဆောင်ရွက်ချက်ကို ပြောပြပေးပါဦးရှင့်။
ဖြေ ။ ထရန်စဖော်မာ အဟောင်းတွေကို ကေဗွီ ၃၀၀ကျော် ထရန်စဖော်မာအသစ်တွေနဲ့ လဲလှယ်တပ်ဆင်ပေး ခဲ့ပါတယ်။ လယ်ဝေးမြို့နယ် ကြောင်ရေရွာမှာဆိုရင် ထရန် စဖော်မာအသစ်ကို ငွေကျပ် ၁၁ သန်း အကုန်အကျခံလဲလှယ်ပေး ခဲ့သလို လယ်ဝေးမြို့နယ် (၃)ရပ်ကွက်မှာလည်း ၃၁၅ ကေဗွီ ထရန်စဖော်မာအသစ်နဲ့ အောင်ဇေယျရပ်ကွက်မှာ ကေဗွီ ၂၀၀ ကျော် ထရန်စဖော်မာအသစ်ကို လဲလှယ်တပ်ဆင်ပေးခဲ့ ပါတယ်။
၂၀၁၆-၂၀၁၇ဘတ်ဂျက်ထဲမှာ နေပြည်တော်ကောင်စီရဲ့ ဘတ်ဂျက်ရန်ပုံငွေထဲကနေ ကေဗွီ ၃၁၅ ထရန်စဖော် မာတွေကို တိုးချဲ့တပ်ဆင်ပေးနိုင်ခဲ့တဲ့ ရပ်ကွက်တွေကတော့ ဇဗ္ဗူသီရိက အောင်ဇဗ္ဗူရပ်ကွက်၊ ပုဗ္ဗသီရိက ကျည်တောင်ကန်ရပ်ကွက်နဲ့ လယ်ဝေးမြို့က အေလာ၊ ကွမ်းခြံကုန်းကျေးရွာတွေမှာ အစိုးရ သစ်တစ်နှစ်တာအတွင်း လျှပ်စစ်မီးရရှိရေးကို တိုးချဲ့ဆောင်ရွက် နိုင်ခဲ့တာဖြစ်ပါတယ်။
မေး ။ အခုလို ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်တဲ့အခါ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုလေးတွေက ဘာတွေ ရှိပါသလဲ ဆိုတာ သိချင်ပါတယ်။
ဖြေ ။ မြို့သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပ၊ စိမ်းလန်း၊ စိုပြေ ရေး လုပ်ငန်းများ ဆောင်ရွက်ရာမှာ စိန်ခေါ်မှုအနေနဲ့ ဘတ်ဂျက်လုံလောက်မှုမရှိခြင်းနဲ့ ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်မှု အားနည်းခြင်းတို့ပဲဖြစ်ပါတယ်။
မေး ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကနေ ချစ်ကြည်ရေးအနေ နဲ့ နေပြည်တော် သပြေကုန်းဈေးမှာ ပျံကျဈေးသည် တွေအတွက် အဆင့်မြင့်ဈေးရုံတစ်ရုံ တည်ဆောက် ပေးနေတယ်လို့ သိရပါတယ်။ သပြေကုန်းမှာဆောက်လုပ်နေတဲ့ ဈေးအသစ် အခြေအနေနဲ့ နောက်ထပ်နေပြည်တော် ကောင်စီအတွင်းမှာ ရှိတဲ့ ဈေးတွေအဆင့်မြှင့်တင်ဖို့ လုပ်ဆောင် နေတဲ့ အခြေအနေ လေး သိပါရစေရှင့်။
ဖြေ ။ ဈေးတွေ အဆင့်မြှင့်တင်ဖို့နဲ့ ဖွံ့ ဖြိုးရေးလုပ်ငန်းတွေကို တစ်ဖက်တစ်လမ်းကနေ ဆောင်ရွက်နေတာကတော့ နေပြည်တော်စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်နေ တာဖြစ်ပါတယ်။ နေပြည်တော်နယ်မြေအတွင်းမှာ ဈေးတွေ ဖွံ့ ဖြိုးတိုးတက်ဖို့ အများကြီးလိုပါတယ်။
အထူးသဖြင့် တစ်နေ့လုပ်တစ်နေ့စား ပျံကျဈေးသည် တွေဖြစ်ပါတယ်။ ပျံကျဈေးသည်တွေဟာ အရင်ကဆို မြေကြီးပေါ်မှာပဲ မိုးရွာရွာ နေပူပူရောင်းခဲ့ရတာကို နေပြည်တော်စည်ပင်ရဲ့ ငွေလုံးငွေရင်းထဲကနေ ပျံကျဈေးသည် တွေ ရောင်းမယ့်နေရာကို သန့်ရှင်းသပ်ရပ်မှုနဲ့ခိုင်မာမှုရှိအောင် ကွန်ကရစ်တွေခင်းပြီး အရောင်းဆိုင်တွေကို အမိုးနဲ့ အကာနဲ့ဖြစ်အောင် ဆောင်ရွက်ပေး ခဲ့ပါတယ်။
ဥပမာအနေနဲ့ အာဟာရသုခဈေးမှာရှိတဲ့ ကွန်ကရစ် ခင်းလုပ်ငန်းဖြစ်ပါတယ်။ ဒီလိုကွန်ကရစ်ခင်းပေးလိုက်တဲ့ အတွက် ပျံကျဈေးသည် ၈၀၀ ကျော် အဆင်ပြေပြေရောင်းချနိုင် သွားပါတယ်။ တပ်ကုန်းမြို့မှာလည်းပျံကျဈေးသည် ၂၅၀ အတွက် ကွန်ကရစ်ခင်းပြီး အကွက်ချပေးနိုင်ခဲ့ပါတယ်။ ဒီ့အတွက် တစ်ရက်တစ်ရာသာ ရောင်းခွန်အနေနဲ့ ကောက်ခံပါတယ်။
နောက်တစ်ခုကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကနေ ချစ်ကြည်ရေးအနေနဲ့ နေပြည်တော်သပြေကုန်းဈေးမှာ ပျံကျဈေးသည်တွေအတွက် အဆင့်မြင့်ဈေးရုံတစ်ရုံကို တည် ဆောက်ပေးခဲ့ပါတယ်။ နေပြည်တော်စည်ပင်က အောက်ခြေ အဆောက်အအုံအတွက် ကုန်ကျငွေကျပ် ကျပ် သန်းပေါင်း ၃၆၀ ကို ကုန်ကျပါဝင်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံက ငွေကျပ်သန်း ၆၂၀ ကျော်တန် အပေါ်ထပ်အဆောက်အအုံကို ဆောက်လုပ် လှူဒါန်းပါတယ်။
မေး ။ ဒေသခံတွေ သောက်ရေ၊ သုံးရေ၊ စိုက်ပျိုးရေ လုံလောက်စွာရရှိဖို့ ဘယ်လိုစီမံကိန်းတွေ ချမှတ် ဆောင်ရွက်နေသလဲဆိုတာ သိပါရစေ။
ဖြေ ။နေပြည်တော်စည်ပင်ရဲ့ နေပြည်တော်မြို့တော်ကြီး ရေရရှိရေးစီမံကိန်းမှာလည်း ရန်အောင်မြင်ဆည် ကနေပြီးတော့ နဂိုရှိပြီးသားရေပေးဝေရေးအပြင် တစ်နေ့ကို ရေဂါလန် ၂၅ သိန်း တိုးမြှင့်ပြီးတော့ ပေးနိုင်ဖို့အတွက် နေပြည် တော်ကောင်စီရဲ့ ငွေလုံးငွေရင်းကနေ ငွေကျပ်သန်းပေါင်း ၂၉၀၀ နဲ့စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အလားတူ ပုဗ္ဗသီရိရေရရှိ ရေးစီမံကိန်း၊ ဇဗ္ဗူသီရိရေရရှိရေးစီမံကိန်းတွေကိုလည်း စတင် ဆောင်ရွက်နေပြီ ဖြစ်ပါ တယ်။
ရေရရှိရေးလုပ်ငန်းတွေကို ရေရှည်ရည်မှန်းချက်တွေ ချမှတ်ပြီးဆောင်ရွက်နေပါတယ်။ အဲဒါတွေကတော့ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အတွင်း ကျေးလက်ဒေသတွေ ရေရရှိရေး အတွက် ရေအရင်းအမြစ်ရရှိဖို့ ဆည်/တာတမံတည်ဆောက်ခြင်း၊ စက်ရေတွင်းတူးဖော်ပေးခြင်း၊ မြေသားရေလှောင်ကန်တွေ တည်ဆောက် ပေးခြင်းတို့နဲ့ ဆောင်ရွက်ရန်လျာထားခဲ့ပြီး အဲဒီ အနက်မှ စံပြရေပေးရေးအဖြစ် ဇေယျာသီရိမြို့နယ် ပြည်စံအောင် ရပ်ကွက် ရေရရှိရေးအတွက် ဆင်သေချောင်းမှ ရေအားစုပ်ယူ၍ အိမ်ခြေ ၉၈၅ အိမ်၊ လူဦးရေ ၉၅၄၈ ဦးအတွက် မြို့ရေပေးရေး အသွင် ရေမီတာတပ်ဆင်၍ စံပြကျေးရွာ ရေပေးရေးစနစ်တည် ဆောက်ဖို့ အတွက် ခန့်မှန်းကုန်ကျငွေကျပ် ၁၄၉၈ ဒသမ ၄၅၅ သန်း သုံးစွဲဆောင်ရွက်ရန် လျာထားခဲ့ပါတယ်။
နေပြည်တော်နယ်နိမိတ်အတွင်း မြို့ ပြရေပေးရေး အတွက် တစ်ရက်ကို ရေဂါလန် ၁၆ သန်း ဖြန့်ဝေလျက်ရှိရာမှ ရေဂါလန် ၃၅ သန်းအထိ တိုးချဲ့ရေပေးဝေနိုင်ရေးအတွက်ပျဉ်းမနား မြို့ အရှေ့ဘက်မှာတည်ရှိတဲ့ ပေါင်းလောင်း ရေပိုလွှဲက ရေကို အမြန်နှုန်း သဲရေစစ်ကန်စနစ်နဲ့ သန့်စင်ပြီး ပျဉ်းမနားမြို့၊ လယ်ဝေးမြို့၊ ဒက္ခိဏသီရိမြို့၊ ဇမ္ဗူသီရိမြို့၊ ဥတ္တရသီရိမြို့၊ ပုဗ္ဗသီရိမြို့ များသို့ တိုးချဲ့ရေပေးဝေခြင်းလုပ်ငန်းနဲ့ တပ်ကုန်းမြို့ ရေပေးဝေ ရေးလုပ်ငန်း အတွက် ဗျိုင်းအင်းကန်မှ ရေကို အနှေးနှုန်း သဲရေ စစ်ကန်ဖြင့် သန့်စင်ပြီး ပေးဝေခြင်းတို့အတွက် စုစုပေါင်းခန့်မှန်း ကုန်ကျငွေကျပ်ကျပ် ၁၃၃၃၂၈ ဒသမ ၂၂၃ သန်း အကုန်အကျခံ ဆောင်ရွက်ဖို့ လျာထားခဲ့ပါတယ်။
မေး ။ နေပြည်တော်ကောင်စီက မြို့ ပြဖွံ့ ဖြိုးရေးအတွက် ထပ်မံတိုးချဲ့ဆောင်ရွက်မယ့်လုပ်ငန်းစဉ်တွေရှိရင် လည်း သိပါရစေ။
ဖြေ ။ နေပြည်တော်ကောင်စီအနေနဲ့ ဒေသဖွံ့ ဖြိုးရေး အတွက် ရေ၊ မီး၊ လမ်း၊ တံတား စတဲ့ ကဏ္ဍတွေနဲ့ အခြေခံ အဆောက်အအုံတွေကို မြန်မာနိုင်ငံရဲ့ မြို့တော်အင်္ဂါရပ်နဲ့ ညီညွတ်စေရေးအတွက် သက်ဆိုင်ရာဘဏ္ဍာရေးနှစ် အလိုက် လျာထားဆောင်ရွက်နေပါတယ်။
လာမယ့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာလည်း လမ်းလုပ်ငန်းပေါင်း ၇၁ ခု၊ တံတားလုပ်ငန်း ၇၅ ခု၊ ရေရရှိရေး အတွက် ကျေးလက်နဲ့ မြို့ပေါ်မှာ လုပ်ငန်း ၃၁ ခု၊ အလားတူပဲ လျှပ်စစ်မီးလုပ်ငန်းကိုလည်း ကျေးလက်နဲ့မြို့ပေါ်မှာ လုပ်ငန်း ပေါင်း ၄၂ ခုကို ဆောင်ရွက်မှာဖြစ်ပါတယ်။ အစိုးရသစ်ရဲ့ ငါးနှစ် တာကာလအတွင်း က္ဘာ့ဘဏ်ချေးငွေနဲ့ ဆောင်ရွက်မယ့် (National Electrification Plan) အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး စီမံချက် (NEP)နဲ့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှာ ပထမအဆင့်အနေနဲ့ ဓာတ်အားပေးစနစ်မှ နှစ်မိုင်အတွင်း အကွာအဝေးရှိတဲ့ ကျေးရွာပေါင်း ၉၄ ရွာမှာ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၉၇ မိုင်၊ ၁၁^၀ ဒသမ ၄ ကေဗွီ ထရန် စဖော်မာ ၁၁၄ လုံး စုစုပေါင်းကုန်ကျစရိတ် ငွေကျပ်ကျပ်သန်း ၄၅၅၈ ဒသမ ၉၄ သန်းကျခံပြီး အသစ်တိုးချဲ့တည်ဆောက်ကာ အိမ်ထောင်စု နှစ်သောင်းခန့်ကို နိုင်ငံတော်ဓာတ်အားစနစ် ကနေပြီး ဓာတ်အားရယူသုံးစွဲနိုင်ဖို့အတွက် ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အဆောက်အအုံဆောက်လုပ်ခြင်း လုပ်ငန်းမှာလည်း ၄၆ လုံး စုစုပေါင်းလုပ်ငန်းအားလုံး တန်ဖိုးငွေကျပ် ကျပ် သန်းပေါင်း ၂၄၇၇၆ ဒသမ ၄၅၁ နဲ့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဟာ မြန်မာနိုင်ငံရဲ့ ဗဟိုရုံး ကြီးများ ရုံးစိုက်ရာမြို့ ဖြစ်တာနဲ့အညီ နိုင်ငံ့ ဝန်ထမ်းဦးရေ အများ ဆုံးတာဝန်ထမ်းဆောင်နေတာဖြစ်လို့ ဝန်ထမ်းတွေ အဆင်ပြေစွာ နေထိုင်သွားလာ နိုင်ရေး အတွက် ဝန်ထမ်းအိမ်ရာများကိုလည်း နိုင်ငံတော်ရဲ့ဘတ်ဂျက်နဲ့ နေပြည်တော်ကောင်စီက တာဝန်ခံပြီး နှစ်အလိုက် ဆောက်လုပ်ပေးလျက်ရှိပါတယ်။
လာမယ့် ဘတ်ဂျက်မှာ ဝန်ထမ်းအိမ်ရာ ၄၃ လုံး ကိုလည်း ကျပ်ငွေကျပ်သန်းပေါင်း ၁၅၉၆၃ ဒသမ ၁၅၄ လျာထား ဆောက်လုပ် ပေးသွားမှာ ဖြစ်ပါတယ်။ မြို့တော်ရဲ့ စိမ်းလန်း၊ စိုပြည်၊ သန့်ရှင်း၊ သပ်ရပ်၊ သာယာလှပရေးတို့အတွက် နေပြည်တော် စည်ပင်သာယာရေးကော်မတီကလည်း တာဝန်ယူဆောင်ရွက် ပေးလျက်ရှိပါတယ်။
နေပြည်တော်မြို့ရဲ့ မြို့ ပြစီမံကိန်းရေးဆွဲဖို့အတွက် ရေရှည်မျှော်မှန်းချက်ကတော့ သဘာဝပတ်ဝန်းကျင်နဲ့ လိုက် လျောညီထွေစွာ ရေရှည်ရှင်သန်ဖွံ့ ဖြိုးတိုးတက်စေမယ့် မြို့တော် အဖြစ်ဖော်ထုတ်ရန် (Environmentally Sustainable City )၊ စိမ်းလန်းစိုပြည်ပြီးမြို့ ပြအဂ¯ရပ်တွေပြည့်စုံစွာ စနစ် တကျဖြည့်ဆည်းပေးနိုင်တဲ့ နေချင်စဖွယ် မြို့ ပြကြီးအဖြစ် ဖော် ထုတ်ရန် (Green & Livable City)၊ အဆင့်မြင့်ပညာရေးတွေကို စဉ်ဆက်မပြတ်လေ့လာ ဆည်းပူးသင်ကြားနိုင်တဲ့ အခွင့် အလမ်းတွေ၊ နိုင်ငံတကာ အဆင့်မီပညာရေးအဆောက်အအုံတွေ တည်ရှိရာ ဗဟိုချက်မအဖြစ် ဖြည့်ဆည်းဖော်ထုတ်ရန် (Centre Of Knowledge Hub) ၊ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ခရီး သည်ပို့ဆောင်ရေးသာမက ကုန်စည်သယ်ယူ ပို့ဆောင်ရေးနဲ့ လေကြောင်းအထောက်အကူပြု ဝန်ဆောင်မှု လုပ်ငန်းတွေ ကိုပါ တိုးချဲ့လုပ်ကိုင်စေပြီး နယ်နိမိတ်ချင်းထိစပ်နေတဲ့အိမ်နီးချင်း နိုင်ငံတွေနဲ့ ချိတ်ဆက်ပေးနိုင်တဲ့ ဗဟိုစီးပွားကူးသန်းမြို့တော် အဖြစ် ဖော်ထုတ်ရန် (International Air Transit, Cargo & Logistict Hub)၊ ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည် အား ဖြည့်ဆည်းထားတဲ့ မြို့တော်အဖြစ် ဖော်ထုတ်ရန် (Climate Change Resillient City) တို့ဖြစ်ပါတယ်။
မြို့ပြဖွံ့ ဖြိုးတိုးတက်ရေးအတွက် တိုးချဲ့ဆောင်ရွက်ဖို့ အနာဂတ် Plan ထားရှိမှုနဲ့ ဘတ်ဂျက်လျာထားပြီး ဆောင်ရွက် မယ့် အနာဂတ်အစီအစဉ်တွေကတော့ မြို့ ပြဖွံ့ ဖြိုးတိုးတက်ဖို့ အတွက် တိုးချဲ့ဆောင်ရွက်ဖို့ e-Government အနာဂတ် Plan ထားရှိမှုနဲ့ ဆောင်ရွက်မယ့်လုပ်ငန်းအစီအစဉ်တွေက တော့ နေပြည်တော်စည်ပင် သာယာရေး ကော်မတီရဲ့ အုပ်ချုပ်မှု ဆိုင်ရာ ရုံးလုပ်ငန်းတွေ၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်တဲ့ နေရာမှာ ကော်မတီရဲ့လုပ်ငန်းစဉ် အားလုံးကို Digitalization System သို့ ကူးပြောင်း ဆောင်ရွက်ပြီး ပြည်သူဗဟိုပြုစနစ်အတွင်းသို့ ဝင်ရောက်ရန် လျာထားဆောင်ရွက်နေပါတယ်။
နောက်ထပ် စီမံဆောင်ရွက်မှုအဆင့်အနေနဲ့ Electronic ကွန်ရက်တည်ဆောက်ခြင်းနဲ့ Electronic  စနစ်သုံး ရုံးလုပ် ငန်းတေဆောင်ရွက်ပြီးဖြစ်တဲ့အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ်အတွင်း လျာထားဆောင်ရွက်ဖို့ စီမံကိန်းတွေ ရှိပါတယ်။
အဲဒါတွေကတော့ Electronic  ဆိုင်ရာ ရုံးသုံးစက်ကိရိယာ တွေဝယ်ယူဖို့အတွက် လျာထားငွေ ကျပ်သန်းပေါင်း ၄၇ ဒသမ ၇ သန်း၊ e-Government Application ၁၀ ခု တည်ဆောက် ဖို့အတွက် လျာထားငွေကျပ်ကျပ်သန်းပေါင်း ၃၃၀ ဒသမ ၀ သန်း၊ ပညာပေးသင်တန်းတွေဖွင့်လှစ်ဖို့အတွက် လျာထားငွေကျပ်ကျပ် သန်းပေါင်း ၅ ဒသမ ၀၀ သန်း၊ e-Government လျာထား ဆောင်ရွက်ခြင်းမှာ စုစုပေါင်း ငွေကျပ် ၄၃၅ ဒသမ ၂ သန်းပေါင်း ရှိပါတယ်။
မေး။ ။ ထပ်မံဖြည့်စွက်ပြောစရာ ရှိရင်လည်း ပြောကြားပေး ပါရှင့်။
ဖြေ။ နေပြည်တော်ကောင်စီဟာ နိုင်ငံတော်သမ္မတကို တာဝန်ခံပြီးတော့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရဲ့ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်တွေကို ဆောင်ရွက်ပေးနေရတာ ဖြစ်ပါတယ်၊ ‘ဒါ့အပြင် မြန်မာနိုင်ငံရဲ့ မြို့တော်လည်းဖြစ်တဲ့ အားလျော်စွာ နိုင်ငံတကာမှ နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များနဲ့ အစည်းအဝေးများ၊ ဆွေးနွေးပွဲများ လက်ခံကျင်းပပြုလုပ် ပေးနေရတာဖြစ်လို့ မြန်မာနိုင်ငံရဲ့ အရေးကြီးဆုံး မြို့တော်ကြီး လည်းဖြစ်ပါတယ်။
ဒါ့ကြောင့် နေပြည်တော်ရဲ့ လုံခြုံမှု၊ ဖွံ့ဖြိုးမှု၊ သန့်ရှင်း သာယာလှပမှုများကို (၁)နှစ်ထက် (၁)နှစ် အစိုးရတစ်ဆက် မှတစ်ဆက် ပိုမိုဖွံ့ဖြိုးတိုးတက်ရေး လက်ဆင့်ကမ်း ဆောင်ရွက် သွားရမှာပဲဖြစ်ပါတယ်။
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

No comments:

Post a Comment