Wednesday, March 22, 2017

လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်ဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ပထမ တစ်နှစ်တာ
တွေ့ဆုံမေးမြန်း - သူရဇော်(သတင်းစဉ်)
ဓာတ်ပုံ - အေးသန်း(သတင်းစဉ်)
လူသားအားလုံးအကျုံးဝင်သော သာတူညီမျှမှုရှိပြီး ရေရှည်တည်တံ့မှုရှိသည့် လူမှု ကာကွယ်စောင့်ရှောက်ရေး စနစ်ဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးဆောင်ရွက်ရန်နှင့် ပိုမိုဘေးကင်းလုံခြုံ၍ သဘာဝဘေးအန္တရာယ် များမှ ခံနိုင်ရည်ရှိသည့် မြန်မာနိုင်ငံ ဖြစ်လာစေရန်ဟူသည့် မျှော်မှန်းချက်များဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို တက်ကြွစွာဆောင် ရွက်လျက်ရှိသည်။


အဆိုပါဝန်ကြီးဌာန၏ အစိုးရသစ် တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက် သွားမည့် အစီအစဉ်များကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မေး။ ။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ လုပ်ငန်း ဆောင်ရွက်ပြီးစီး မှုတွေနဲ့ပတ်သက်လို့ ပြောပြပေးစေလိုပါတယ်ခင်ဗျာ။
ဖြေ။ ။ ပထမရက်(၁ဝဝ)စီမံချက်အနေနဲ့ ပြည်သူနဲ့နီးစပ်စေဖို့၊ ပြည်သူယုံကြည်မှု ရရှိစေဖို့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် Hot Line တွေ ဖွင့်လှစ်ပြီး ပြည်သူတွေရဲ့ လိုအပ်ချက်ပြဿနာကို ပိုမိုသိရှိဖော်ထုတ်နိုင်ဖို့၊ ဘေးအန္တရာယ်ဖြစ်ပွားမှုသတင်းတွေ လျင်လျင်မြန်မြန်ရရှိဖို့၊ သဘာဝဘေးအန္တရာယ် တွေနဲ့ ပတ်သက်ပြီးလည်း ပြည်သူ့အသံကို တိုက်ရိုက်ကြားသိနိုင်အောင် ၂၄ နာရီ သတင်း ရယူနိုင်တဲ့ Hot Line ဝ၆၇-၄ဝ၄၆၆၆ ၊ ဝ၆၇ -၄ဝ၄၇၇၇ ၊ ဝ၆၇-၄ဝ၄၂၂၂ ၊ ဝ၆၇- ၄ဝ၄၉၉၉ တို့ကို ဖွင့်လှစ်ပြီး လူမှုရေးဝန်ဆောင်မှုလိုအပ် ချက်တွေနဲ့ ဘေးအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းတွေကို ပိုမိုထိရောက်စွာ ကူညီပံ့ပိုးဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။
အင်အားကို ရယူ
အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်တဲ့ အစိုးရဝန်ကြီးဌာနတွေ၊ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့လည်း ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်တဲ့အပြင် ဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေကို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ အင်အားကိုရယူပြီး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်ခဲ့ပါတယ်။
ဝန်ကြီးဌာနအနေနဲ့ ပြည်တွင်း ပြည်ပမီဒီယာများကို နီးကပ်စွာဆက်ဆံခဲ့ပြီး မီဒီယာ တွေကို လွတ်လပ်ပွင့်လင်းစွာ သတင်းရယူခွင့်တွေ ခွင့်ပြုပေးခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးအပါအဝင် ဌာနဆိုင်ရာအကြီးအကဲတွေကို မီဒီယာ တွေကနေ တိုက်ရိုက်ဆက်သွယ်ပြီး ပြည်သူလူထုသို့ သတင်းအချက်အလက်အမှန်များ ဖြန့်ဝေပေးနိုင်ခဲ့ပါတယ်။
ဝန်ကြီးဌာနအနေနဲ့ ဘေးဖြစ်ရာကို ချက်ချင်းသွားရောက်ပြီး ထောက်ပံ့ခြင်း၊ နှစ်သိမ့်ခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။ သဘာဝဘေး အန္တရာယ်၊ လက်နက်ကိုင်ပဋိပက္ခဘေးတို့ကို ခံစားခဲ့ရတဲ့ပြည်သူတွေကို သွားရောက်တွေ့ဆုံ ရာမှာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အလျင်အမြန်ဖြည့်ဆည်းပေးခြင်း၊ ပြည်သူတို့ရဲ့ဆန္ဒကို နားထောင်ခြင်း၊ အခြားဝန်ကြီး ဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်မှုတွေကြောင့် ပြည်သူလူထုအနေနဲ့ ဝန်ကြီးဌာနကို ပိုမိုသိရှိလာပြီး ယုံကြည်မှုတွေလည်း ပိုမို တိုးတက်လာခဲ့ပါတယ်။
ခံယူချက်ပြောင်းလဲ
မေး။ ။ တစ်နှစ်တာ ကာလအတွင်းမှာဌာနတွင်း ပြောင်းလဲဆောင်ရွက်မှုတွေကိုလည်း ရှင်းပြပေးပါခင်ဗျာ။
ဖြေ။ ။ ဝန်ကြီးဌာနမှာရှိတဲ့ ဝန်ထမ်းတွေကို အခါအားလျော်စွာတွေ့ဆုံပြီး ဝန်ထမ်းတွေရဲ့ အသက်အရွယ်အလိုက်၊ ရာထူးအလိုက် တွေ့ဆုံခြင်း၊ တိုင်းရင်းသားဝန်ထမ်းတွေနဲ့ သီးခြားတွေ့ဆုံခြင်းတွေကို ဆောင်ရွက်ပြီး ဝန်ထမ်းတွေရဲ့ အမြင်တွေ၊ သဘောထားတွေကို ဖော်ထုတ်ပြီး ပြည်ထောင်စုဝန်ကြီးအနေနဲ့ ထမ်းဆောင်ရမည့် တာဝန်၊ လိုက်နာရမည့် စည်းကမ်း၊ စောင့်ထိန်းရမည့် ကျင့်ဝတ်တွေကို လမ်းညွှန်မှုပြုလုပ်ပေးတဲ့အပြင် နိုင်ငံတော်က ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေကိုလည်း ရှင်းလင်းအသိပေးခဲ့ပါတယ်။
ဒါ့အပြင် အများကြည်ညိုလေးစားတဲ့ ပုဂ္ဂိုလ်တွေကိုဖိတ်ခေါ်ပြီး အဂတိလိုက်စားမှု ကင်းရှင်းရေးနဲ့ ပြည်သူ့အကျိုးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဟောပြောပွဲတွေကိုလည်း ပြုလုပ်ပေးခဲ့ပါ တယ်။ ဒါမှလည်း ဝန်ထမ်းတွေရဲ့ ခံယူချက်တွေ ပြောင်းလဲတိုးတက်လာမှာဖြစ်ပါတယ်။
မေး။ ။ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေအတွက် ရေတိုရေရှည် ဘယ်လို စီမံဆောင်ရွက်နေပါ သလဲခင်ဗျာ။
ဖြေ။ ။ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့၊ မူဝါဒ၊ ဥပဒေတွေရေးဆွဲဖို့နဲ့ စီမံချက်တွေ၊ ရေတိုရေရှည်စီမံကိန်းတွေ ရေးဆွဲဖို့အတွက် အထောက်အထားအခြေပြု သုတေသနရလဒ်တွေ ရရှိနိုင်စေဖို့အတွက် သုတေသနစင်တာကို ဖွင့်လှစ်ခဲ့ပါတယ်။
ဒါ့အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်နေမှုကို ပြည်သူတွေ ပွင့်လင်းမြင်သာစွာ သိရှိနိုင်စေရန်အတွက် ဝန်ကြီးဌာနရဲ့ သတင်းလွှာကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလကစပြီး လစဉ်ထုတ်ဝေနိုင်ခဲ့ပါတယ်။
လူကုန်ကူးခံရသူတွေရဲ့ ပြန်လည်ထူထောင် ရေးကိစ္စတွေအတွက် လိုအပ်တဲ့သတင်း အချက်အလက် အကူအညီ တွေပေးနိုင်ဖို့ လူကုန်ကူးခံရသူတွေအတွက် သတင်းအချက်အလက် မျှဝေရေးစင်တာ (Information Center for Trafficked Victims) ကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်း အတတ်သင်သိပ္ပံကျောင်းဝင်း အတွင်း ဖွင့်လှစ်ထားရှိပါတယ်။
သက်မွေးပညာသင်ကျောင်း
မေး။ ။ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေကို ဘယ်လို ကူညီဆောင်ရွက်ပေးနေပါသလဲ။
ဖြေ။ ။ လူမှုရေးပဋိပက္ခနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ယာယီစောင့်ရှောက် ရေးစခန်းတွေမှာ ခိုလှုံနေရတဲ့ကာလအတွင်း အလုပ်လုပ်ကိုင်နိုင်တဲ့ အမျိုးသား၊ အမျိုး သမီးတွေအတွက် အသက်မွေးဝမ်းကျောင်း ပညာတွေ ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးနေပါတယ်။
ကချင်ပြည်နယ်မှာ စက်ချုပ်သင်တန်း၊ ယာဉ်မောင်းသင်တန်း၊ ပယင်းလက်မှုလုပ်ငန်း သင်တန်းတွေ ဖွင့်လှစ်ပေး လျက်ရှိပါတယ်။ ဒါ့အပြင် စခန်းတွေအတွင်း အိမ်ဆိုင်တွေ ဖွင့်လှစ်နိုင်ဖို့ ပံ့ပိုးပေးခြင်း၊ တစ်နိုင်မွေးမြူရေး လုပ်ငန်း တွေကိုလည်း ဆောင်ရွက်ပေးနေပါတယ်။ စခန်းအတွင်းမှာရှိတဲ့ ကျောင်းနေ အရွယ်ကလေးတွေ ပညာသင်ကြား နိုင်ဖို့အတွက် ပံ့ပိုးဖြည့်ဆည်းပေးခြင်း၊ ကလေးပျော်နေရာများ ဖန်တီးပေးခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိပါတယ်။ ယာယီစောင့်ရှောက်ရေး စခန်းတွေမှာ ငြိမ်းချမ်းရေးရလိုမှု၊ ငြိမ်းချမ်းခြင်းရဲ့ အကျိုးကိုမျှော်ကိုးပြီး ငြိမ်းချမ်းရေး စကားတွေ ပြောဆိုကြရေးကိုလည်း တိုက် တွန်းဆွေးနွေးနေပါတယ်။
မေး။ ။ ဝန်ကြီးတို့ လူငယ်မူဝါဒရေးဆွဲ နေမှု အခြေအနေကိုလည်း ရှင်းပြပေးပါ ခင်ဗျာ။
ဖြေ။ ။ လူငယ်တွေကို ဒေသအလိုက်၊ ကဏ္ဍအလိုက် စနစ်တကျစုစည်းပြီး တိုင်းပြည်အတွက် အကျိုးပြု လူငယ်ထုတစ်ရပ် ပေါ်ပေါက်လာဖို့၊ လူငယ်တွေကိုယ်တိုင် ပါဝင်ရေးဆွဲမယ့် လူငယ်မူဝါဒထွက်ရှိရေးကို စနစ်တကျ စီမံဆောင်ရွက်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးက လူငယ်ကိုယ်စားလှယ်တွေ တွေ့ဆုံပြီး လူငယ် တွေနဲ့ ငြိမ်းချမ်းရေးအမြင် ဆွေးနွေးပွဲကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ ကျင်းပ နိုင်ခဲ့ပါတယ်။
လူမှုရေးပင်စင်
မေး။ ။ တခြားလူမှု ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေမှုများကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ မသန်စွမ်းသူတွေရဲ့ အခွင့် အရေးတွေကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေး မယ့် မသန်စွမ်းသူများရဲ့ အခွင့်အရေး နည်းဥပဒေကိုလည်း ရေးဆွဲခဲ့ပါတယ်။
သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေကိုလည်း ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်က ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ ဒီဥပဒေအရ အသက် (၉ဝ) နဲ့အထက် သက်ကြီးရွယ်အိုတွေကို လူမှု ရေးပင်စင်အဖြစ် တစ်လ ငွေကျပ် တစ်သောင်းနှုန်းနဲ့ လစဉ် ထောက်ပံ့ပေးမယ့် အစီအစဉ်ကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် နိုင်ငံတော်အစိုးရ ရန်ပုံငွေကနေ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ ကလေးသူငယ်တွေရဲ့ အခွင့်အရေးများ အပြည့်အဝ ရရှိဖို့၊ သက်ငယ်မုဒိမ်းမှုတွေကို ပိုမိုထိရောက်စွာ အပြစ်ပေးနိုင်ဖို့အတွက် ကလေးသူငယ် ဥပဒေ(၁၉၉၃)ကို ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအဖြစ် အသစ်ရေးဆွဲခဲ့ပါတယ်။ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို အပြည့်အဝပေးနိုင်ရေးအတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ် ရေးဥပဒေကို ရေးဆွဲခဲ့ပါတယ်။ ပြဋ္ဌာန်းပြီးတဲ့ ဥပဒေ၊ နည်းဥပဒေတွေကို ပြည်သူတွေ ရှင်းရှင်းလင်းလင်း သိရှိနားလည်လိုက်နာဆောင်ရွက်နိုင်ဖို့ အသိပညာပေး လုပ်ငန်းတွေ ကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။
ကနဦးအစီအစဉ်
မေး။ ။ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေကို စောင့်ရှောက်မယ့်အစီအစဉ်ကို လည်း ရှင်းပြပေးပါခင်ဗျာ။
ဖြေ။ ။ ပြည်သူလူထုအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းအစီအစဉ်တွေ ဆောင်ရွက်ရာမှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ ၎င်းတို့က မွေးဖွားလာမယ့် ကလေးတွေကို ကလေးအသက် နှစ်နှစ်ပြည့်တဲ့အထိ လစဉ် ငွေကျပ် တစ်သောင်းခွဲ ထောက်ပံ့ပေးနိုင်ရေး ကနဦးအစီအစဉ်ကို ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေ မှာ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်ကစပြီး ပံ့ပိုးပေးဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။
အဲဒီဒေသတွေအပြင် အခြားဒေသတွေမှာလည်း ကိုယ်ဝန်ဆောင်မိခင်နဲ့ အသက် နှစ်နှစ်အောက် ကလေး ငယ်တွေ(လူသားဘဝ အစ ရက်တစ်ထောင်အတွင်း) အာဟာရ ပြည့်ဝစွာစားသုံးမှု၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့ သားဆက်ခြားအသိပညာပေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အိမ်တွင်းအကြမ်းဖက်မှု
မေး။ ။ အမျိုးသမီးတွေအတွက် ဆောင်ရွက်မယ့် အစီအစဉ်ကိုလည်း ပြောပြပေးပါ ခင်ဗျာ။
ဖြေ။ ။ ပြည်သူအားလုံးပါဝင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုဦးတည်ပြီး ကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသမီးများလှုပ်ရှားမှု ရက်သတ္တပတ် အစီအစဉ်တွေကို ၂ဝ၁၇ ခုနှစ် မတ် ၃ ရက်ကစပြီး ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် လူမှုဝန်ထမ်း ဦးစီးဌာနအနေနဲ့ အိမ်တွင်း အကြမ်းဖက်မှုအပါအဝင် အကြမ်းဖက်မှုမျိုးစုံ ခံစားနေရတဲ့ အမျိုးသမီးတွေအတွက် ပြဿနာတွေကို တစ်နေရာတည်း ကူညီ ဖြေရှင်းပေးတဲ့စင်တာ (One Stop Women Support Center-OSWSC) ထူထောင်နိုင်ခဲ့ပါတယ်။
မေး။ ။ လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ ဆက်လက်ဆောင်ရွက်သွားမယ့် အစီအစဉ်ကိုလည်း ရှင်းပြပေးပါခင်ဗျာ။
ဖြေ။ ။ လူမှုဝန်ထမ်းနည်းစနစ်နဲ့ အတတ် ပညာတွေကို ဒေသတွင်းနဲ့ နိုင်ငံတကာစံနှုန်း တွေနဲ့အညီ ဆောင်ရွက် နိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ လိုအပ်လျက်ရှိတဲ့ Social Work Institute တစ်ခုပေါ်ပေါက်လာရေးကို ဆောင် ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေအတွက် အခြေခံလူ့အခွင့် အရေး၊ ဒီမိုကရေစီစံနှုန်းတွေနဲ့ ညီညွတ်သော လူ့ဂုဏ်သိက္ခာ အပြည့်အဝရရှိနိုင်မယ့် လူမှုအသိုက်အဝန်းတစ်ရပ် ပေါ်ပေါက်လာစေဖို့ အင်တိုက်အားတိုက် ဆက်လက်ကြိုးပမ်း ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။
မေး။ ။ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနရဲ့ လုပ်ငန်းဆောင် ရွက်မှုတွေကို ရှင်းပြပေးပါခင်ဗျာ။
ဖြေ။ ။ သဘာဝဘေးအန္တရာယ်တွေကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာစေ ရေးအတွက် သဘာဝဘေးကြိုတင် ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ၊ အရေးပေါ် ထောက်ပံ့ရေးလုပ်ငန်းများ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနက အဓိကတာဝန်ယူဆောင်ရွက်နေပါတယ်။
ဒုတိယသမ္မတဦးဆောင်ပြီး အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီကို သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးတွေဦးဆောင်တဲ့ လုပ်ငန်းကော်မတီ ၁၂ ခုနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ သက်ဆိုင်ရာ ကဏ္ဍအလိုက်မှာလည်း ထိရောက်တဲ့ စီမံခန့်ခွဲမှုတွေကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။
အထောက်အကူပြု
ဝန်ကြီးဌာနအနေနဲ့ အမျိုးသားကော်မတီရဲ့ အတွင်းရေးမှူး လုပ်ငန်းတာဝန်တွေကို အထောက်အကူပြု ဆောင်ရွက်လျက်ရှိပြီး သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းတွေ ပိုမိုထိရောက်စေဖို့နဲ့ ဘေးဒဏ်ခံစားရတဲ့ ပြည်သူ တွေအတွက် အရေးပေါ်ထောက်ပံ့မှုတွေ ဆောင်ရွက်နိုင်ဖို့၊ ပိုမိုထိရောက်သော စီမံခန့်ခွဲမှုပုံစံသစ်ကိုချမှတ်ပြီး ဘေးသင့်ပြည်သူ တွေ လတ်တလော စားဝတ်နေရေးပြေလည် စေရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်း တွေ၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေအတွက် အမျိုးသားသဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ငွေကျပ် ၇၄ဝ၅ ဒသမ ၂၄၆ သန်း၊ ဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ရန်ပုံငွေမှ ငွေကျပ် ၂၅၃၈ ဒသမ ၇၈၇ သန်း စုစုပေါင်းငွေကျပ် ၉၉၄၄ ဒသမ ဝ၃၃ သန်းကို ထောက်ပံ့ပေးနိုင်ခဲ့တဲ့အတွက် ပြည်သူလူထုကို တိုက်ရိုက်အကျိုးရှိစေခဲ့ပါ တယ်။
မေး။ ။ ထောက်ပံ့ရေးလုပ်ငန်းတွေ မြန်ဆန်ဖို့အတွက် ဘယ်လိုဆောင်ရွက်နေပါ သလဲ။
ဖြေ။ ။ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထား ရေးဦးစီးမှူးရုံးတွေရဲ့ သိုလှောင်ရုံတွေမှာ ကယ်ဆယ်ရေးပစ္စည်းတွေ အမြဲအဆင်သင့် ဖြစ်နေစေဖို့ဆောင်ရွက်ထားရှိပြီး အလျင် အမြန် ထောက်ပံ့ရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အရင်ကကယ်ဆယ်ရေး ပစ္စည်း ၁ဝ မျိုး ထောက်ပံ့နေရာကနေ အခု နှစ်မှာ မိသားစုတွေအတွက် အဓိကလိုအပ်မယ့် ပစ္စည်း ၂၂ မျိုးအထိ ထိရောက်စွာတိုးမြှင့် ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ဆန်ရိက္ခာ ထောက်ပံ့တဲ့အခါမှာလည်း အရင်က အနည်း ဆုံး သုံးရက်စာထောက်ပံ့နေရာကနေ အခုအခါမှာ အနည်းဆုံး ခုနစ်ရက်စာ ထောက်ပံ့ ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှာ ထောက်ပံ့မှုနှုန်းထားတွေ ကိုလည်း မူလထောက်ပံ့တဲ့နှုန်းထက် နှစ်ဆမှ သုံးဆအထိ တိုးမြှင့်ထောက်ပံ့ရေးနဲ့ ပြည်သူ လူထုထံ အမြန်ဆုံးနဲ့ အပြည့်အဝ တိုက်ရိုက် ရောက်ရှိစေဖို့အတွက် စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။
အယ်နီညို
၂ဝ၁၆ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် နိုင်ငံတစ်ဝန်းရှိ သောက်သုံးရေရှားပါး ပြတ်လပ်မှုဒဏ် ခံစားခဲ့ရတဲ့ ပြည်သူတွေအတွက် သောက်သုံးရေဖြန့်ဝေခြင်း၊ အဝီစိတွင်းများ၊ စက်ရေတွင်းတွေ တူးဖော်ပေးခြင်း၊ ရေတွင်းရေကန်များ ပြုပြင်တူးဖော်ပေးခြင်း၊ ယာယီရေသိုလှောင် ကန်တွေ ပြုလုပ်ပေးခြင်း၊ ရေသန့်စက်တွေ ထောက်ပံ့ပေးခဲ့ရာ ဝန်ကြီးဌာနအနေနဲ့ အရင်က ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိဘဲ ပထမအကြိမ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ပြည်သူတွေရဲ့ ယုံကြည် ကိုးစားမှုကို ရယူနိုင်ခဲ့ပါတယ်။
သဘာဝဘေးဖြစ်ပွားမှုဆိုင်ရာ သတင်း အချက်အလက်တွေ အလျင်အမြန်ရရှိရေးနဲ့ ကြိုတင်သတိပေးချက်တွေ အချိန်နဲ့တစ်ပြေးညီ ပေးပို့နိုင်ရေးဆောင်ရွက်မှုတွေကို မိုဘိုင်းဖုန်း ကနေတစ်ဆင့် သဘာဝဘေးဆိုင်ရာ ကြိုတင် သတိပေးချက်နဲ့ ဘေးဖြစ်ပွားမှုသတင်းအချက် အလက်တွေဖြန့်ဝေပေးနိုင်ဖို့နဲ့ သဘာဝဘေးနဲ့ သက်ဆိုင်တဲ့ အသိပညာဗဟုသုတဖြစ်စေမယ့် စာအုပ်စာတမ်းတွေကို လေ့လာနိုင်တဲ့ DAN Mobile Application နဲ့ ဘေးဖြစ်ပွားမှုအခြေအနေ သတင်းအချက်အလက်တွေပေးပို့နိုင်တဲ့ KOBO Mobile Application တို့ကို ရေးဆွဲ ဆောင်ရွက်ခဲ့ပါတယ်။ ဒါတွေကို ပြည်သူလူထုအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိသုံးစွဲ နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။
သဘာဝဘေးဆိုင်ရာ ကြိုတင်သတိပေး ချက်တွေ ကျယ်ပြန့်စွာအသိပေးနိုင်ဖို့နဲ့ အရေးပေါ် အခြေအနေတွေမှာ ဗဟိုနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေ ဆက်သွယ်မှုမပြတ်တောက်စေ ဖို့အတွက် ရေဒီယိုလှိုင်းသုံး Single Side Band တွေကို ဘေးဖြစ်ပွားမှုအခြေအနေတွေနဲ့ ဆက်သွယ်မှုအခက်အခဲရှိတဲ့ နေရာအလိုက် တိုင်းဒေသကြီး /ပြည်နယ်တွေမှာ ဦးစားပေး အဆင့်အလိုက် တပ်ဆင်ခဲ့တာမှာ စုစုပေါင်း စက် ၄၅ လုံးကို တပ်ဆင်ထားရှိပြီးဖြစ်ပါတယ်။
မေး။ ။ ငလျင်ဘေးအန္တရာယ်ကလည်း အခုနှစ်ပိုင်းတွေမှာ များပြားလာတဲ့အတွက် ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေ ပါသလဲဆိုတာ ပြောပြပေးပါခင်ဗျာ။
ဖြေ။ ။ ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးစွမ်းရည် တွေ အားကောင်းလာစေဖို့ အတွက် ငလျင်ဖိုရမ်တွေကို ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၈ ရက် က ရန်ကုန်တိုင်းဒေသကြီးမှာ၊ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၂၂ ရက်က မန္တလေးတိုင်း ဒေသကြီးမှာ ပြုလုပ်ခဲ့ပါတယ်။ ဒါအပြင် မြေ ငလျင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်မှာ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က ကျင်းပခဲ့ပါတယ်။
လေပြင်းဘေး
သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်လာပါက အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ဖောင် ဒေးရှင်းတွေနဲ့ ထိထိ ရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်စေဖို့အတွက် နည်းလမ်းတွေ ရှာဖွေနိုင်ဖို့ လူမှုရေးအဖွဲ့အစည်းတွေ၊ ဖောင် ဒေးရှင်းတွေနဲ့ ညှိနှိုင်းဆွေးနွေးပွဲ၊ အလုပ်ရုံ ဆွေးနွေးပွဲတွေကို တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ ကျင်းပခဲ့ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲတွေမှာ လက်တွေ့ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးညှိနှိုင်းခဲ့ပြီး ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးတို့တွင် စတင်ဆောင်ရွက်မယ့် လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးအစီအစဉ် တွေမှာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအတွင်း သဘာဝဘေး ပြန်လည်ထူထောင်ဖို့အတွက် ကြိုတင်ပြင်ဆင်နိုင်စေရေးနဲ့ ထိရောက်အကျိုး ရှိတဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို အချိန်နဲ့တစ်ပြေးညီဆောင်ရွက်ပေးနိုင်စေဖို့ ရည်ရွယ်ပြီး သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးဆိုင်ရာ အာဆီယံကိုးကားချက် လမ်းညွှန် (ASEAN Disaster Recovery Reference Guide)ကို အင်ဒိုနီးရှားနိုင်ငံနဲ့အတူ ဦးဆောင်ဦးရွက်ပြုရေးဆွဲနိုင်ခဲ့ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုလည်း ဖြန့်ဝေ ပေးနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။
မူကြမ်းထွက်ရှိ
ဘေးဒဏ်ရင်ဆိုင် တုံ့ပြန်နိုင်စွမ်းမြင့်မားတဲ့ လူ့အဖွဲ့အစည်းပေါ်ပေါက်လာစေရေးအတွက် နယ်ပယ်ကဏ္ဍပေါင်းစုံမှ ပေါင်းစပ်ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေကို သတ်မှတ်ဖော်ထုတ်နိုင်စေဖို့ ရည်ရွယ်ပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနဟာ ''မြန်မာနိုင်ငံ ပြည်သူလူထု သဘာဝဘေးရင်ဆိုင်တုံ့ပြန်နိုင်စွမ်း မြင့်မားစေရေး အမျိုးသားအဆင့် မူဘောင် National Framework for Community Disaster Resilience ''ကို သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းတွေမှ ကိုယ်စားလှယ်တွေနဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ်(ADB)၊ မြန်မာနိုင်ငံ သဘာဝ ဘေး လျော့ပါးရေးလုပ်ငန်းအဖွဲ့တို့ရဲ့ နည်း ပညာပံ့ပိုးမှုကိုရယူကာ ရေးဆွဲဆောင်ရွက်ခဲ့ရာ မူကြမ်းထွက်ရှိပြီးဖြစ်ပါတယ်။
ပြည်သူလူထုအနေနဲ့ အချိန်နဲ့တစ်ပြေးညီ မိုးလေဝသအခြေအနေ၊ သဘာဝဘေးဖြစ်ပွား မှုအခြေအနေတွေကိုသိရှိပြီး လိုအပ်တဲ့ ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ဖို့၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက ထိုအခြေအနေနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေ လျင်မြန်စွာ စုဆောင်း၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်ပြီး ဘေးဖြစ်နိုင်ခြေရှိတဲ့ သတင်းအချက်အလက်တွေကို ဆုံးဖြတ်ချက်ချမှတ်သူတွေထံ တင်ပြနိုင်ဖို့၊ မြန်မာနိုင်ငံမှာ နည်းပညာအသုံးပြု သဘာဝဘေးအန္တရာယ်ဆိုင်ရာ သုတေသနလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ရည်ရွယ်ပြီး အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန (Emergency Operation Centre - EOC) ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။
သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု သင်တန်းကျောင်းကို ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှာ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၄ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး သဘာဝဘေး အန္တရာယ်ဆိုင်ရာ နည်းပညာသင်တန်းတွေ၊ အခြေခံ သင်တန်းတွေနဲ့ နည်းပြသင်တန်းတွေကို ဖွင့်လှစ်ခဲ့ရာ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်အတွင်း စုစုပေါင်းသင်တန်းအကြိမ် ၂ဝ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတကာသင်တန်းတွေနဲ့ ချိတ်ဆက်ပူးပေါင်း ဖွင့်လှစ်သင်ကြားပေးနိုင်ရေး စီစဉ်လျက်ရှိပါတယ်။
မေး။ ။ ဝန်ကြီးဌာနရဲ့ ဘဏ္ဍာရန်ပုံငွေ ရရှိသုံးစွဲမှုအခြေအနေလေး သိချင်ပါတယ် ခင်ဗျာ။
ဖြေ။ ။ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှာ အစိုးရဝန်ကြီးဌာနအားလုံး ဘဏ္ဍာရန်ပုံငွေရဲ့ သုည ဒသမ ဝ၉ ရာခိုင်နှုန်းသာရရှိခဲ့ရာကနေ အခုနှစ် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှာ ရန်ပုံငွေ သုည ဒသမ ၂၅ ရာခိုင်နှုန်းကို နှစ်ဆခွဲခန့် တိုးမြှင့်ရရှိခဲ့ပါတယ်။ ပြည်သူ့အတွက် တိုက်ရိုက်အကျိုးရှိစေမယ့်လုပ်ငန်းတွေကို ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ။

No comments:

Post a Comment