Wednesday, March 22, 2017

မြန်မာ ဒုက္ခသည်များ နေရပ်ပြန်လာရေး၊ ပြန်လည် ဝင်ဆံ့ ပေါင်းစည်းရေးနှင့် စပ်လျဉ်းသည့် စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ



နေပြည်တော် မတ် ၂၂
မြန်မာဒုက္ခသည်များ နေရပ် ပြောင်းရွှေ့သူများ အတွက် နေရပ် ပြန်လာရေးနှင့် ပြန်လည် ဝင်ဆံ့ ပေါင်းစည်းရေး လုပ်ငန်းစဉ်မှာ သိမ်မွေ့သည့် လုပ်ငန်းစဉ် တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော် အစိုးရ အနေဖြင့် ၎င်းတို့ကို လုံခြုံမှုရှိစွာနှင့် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်ခြင်းမျိုး ဖြစ်စေရန် ကူညီ ဆောင်ရွက်ပေးရမှာ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက် ပေးရာမှာလည်း တိုင်းရင်းသား အဖွဲ့များ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ ၎င်းတို့ကို လက်ခံမည့် လူထု ပတ်ဝန်းကျင်များ၊ ဒုက္ခသည်များနှင့် ပတ်သက်သည့် ကိစ္စရပ်တွေကို ကုလသမဂ္ဂကနေ တာဝန် ပေးအပ်ထားသည့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် အတူတကွ လက်တွဲ ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာ ဒုက္ခသည်များ နေရပ် ပြန်လာရေး ပြန်လည် ပေါင်းစည်းရေးနှင့် စပ်လျဉ်းသည့် စကားဝိုင်း ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်က ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ တိုးတက်မှုတွေ လျင်မြန် စွာဖြစ်ပေါ် တိုးတက်လာသည့် အတွက် မြန်မာ- ထိုင်း နယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည် စခန်းများမှ မြန်မာနိုင်ငံသားအချို့မှာ နေရပ်သို့ပြန်ရန် စီစဉ်နေကြသည်ကိုလည်း သိရှိရပြီး ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ နေပြည်တော်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ပြုလုပ် ခဲ့သည့် အလုပ်ရုံ ဆွေးနွေးပွဲများတွင် တွေ့ရှိချက်များအား UNHCR က သုံးသပ်တင်ပြရန်၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ပထမအကြို နေရပ် ပြန်လာသည့် သူများအတွက် ဆောင်ရွက်ပေးခဲ့သည့် လုပ်ငန်းများအား ပြန်လည် သုံးသပ်ရန်နှင့် ကူညီ ပံ့ပိုးပေးမည့် လုပ်ငန်းများအား ဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်သော နည်းလမ်းများအား ရှာဖွေ ဖော်ထုတ်နိုင်ရန် ကျင်းပခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာနက ဒုက္ခသည် စခန်းများမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် လာသူများအား နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် (၂၅၀) သန်းဖြင့် တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်ပေးခြင်း၊ အိမ်မိုးသွပ်များနှင့် အပ်ချုပ်စက်များအား ထောက်ပံ့ ပေးခဲ့ခြင်း၊ ယခုအခါ မြန်မာ ဒုက္ခသည်များ နှင့် ပြည်တွင်း နေရပ်စွန့်ခွာ နေထိုင်သူများ မိမိတို့ဆန္ဒအလျောက် နေရပ် ပြန်လာနိုင်ရေး၊ အကူအညီ ပေးရေးစီမံကိန်းအား ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ပဲခူး တိုင်းဒေသကြီးတို့တွင် အမေရိကန် ဒေါ်လာ (၁၇.၄)သန်းဖြင့် စီမံကိန်း သက်တမ်း (၃) နှစ်ဖြင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်နိုင်ရေး အတွက် နားလည်မှု စာတမ်း ထပ်မံ ရေးထိုးနိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာဒုက္ခသည်များ နေရပ် ပြန်လာရေးနှင့် ပတ်သက်ပြီး လုပ်ငန်းများနှင့် ဆက်စပ်နေသည့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများ၊ UN အဖွဲ့အစည်းများ၊ INGOs များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများအား ဖိတ်ကြားပြီး ယခု ဆွေးနွေးပွဲ ကျင်းပခြင်း ဖြစ်ပါကြောင်း၊ ဒုက္ခသည်များ နေရပ်ပြန်လာနိုင်ရေး လုပ်ငန်းများနဲ့ ပြန်လည် ဝင်ဆံ့ ပေါင်းစည်းရေး လုပ်ငန်းများအား ပံ့ပိုးနိုင်မည့် လုပ်ငန်း စီမံချက်တစ်ရပ် ရေးဆွဲသွားနိုင်ရန် ဝိုင်းဝန်း ဆွေးနွေး ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ UNHCR ဌာနေ ကိုယ်စားလှယ် Mr.Giuseppe De Vincentiis မှ နေရပ် ပြန်ခြင်းနှင့် ပြန်လည် ဝင်ဆံ့ ပေါင်းစည်းရေး ဆိုင်ရာ များအား ဆွေးနွေးတင်ပြသည်။
ထို့နောက် UNHCR ၏ မြန်မာ ဒုက္ခသည်များ နေရပ် ပြန်လာရေး၊ ပြန်လည် ဝင်ဆံ့ ပေါင်းစည်းရေး နှင့်စပ်လျဉ်း၍ အနာဂတ်တွင် နေရပ်ပြန်လာမည့် သူများအတွက် နိုင်ငံသား စိစစ်ခြင်း လုပ်ငန်းကို မည်ကဲ့သို့ ဆောင်ရွက် ပေးသွားနိုင်မည့် အစီအမံများ၊ အခြားသော နယ်စပ် ဖြတ်ကျော် နေရာများကို နေရပ် ပြန်ခြင်းများ အတွက် အနာဂတ်တွင် အသုံးပြုနိုင်မည့် အခြေအနေများ၊ ယာယီလက်ခံ ကြိုဆိုသည့် နေရာများတွင် နောက်နောင် နေရပ်ပြန်ခြင်းများ အတွက် ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ ပံ့ပိုးမှုများနှင့် နေရပ် ပြန်လာသူများအတွက် အနာဂတ်တွင် ကူညီ ထောက်ပံ့ပေးသွားမည့် အခြေအနေများ၊ နေရပ်ပြန်ခြင်းနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်း နေထိုင်ရေး ဆိုင်ရာ ကိစ္စရပ်များအား ပြည်နယ်/ တိုင်းဒေသကြီး အလိုက် ဝိုင်းဝန်း ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ စကားဝိုင်း ဆွေးနွေးပွဲကို နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)တို့မှ ကြီးမှူး ကျင်းပခြင်း ဖြစ်ပြီး ၄င်း စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲက နေပြည်တော်ရှိ သဂ်ဟ ဟိုတယ် (Grand Ballroom)၌ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment