နေပြည်တော်-
မတ် ၂၂
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည်
မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် များအား ယနေ့ မွန်းလွဲ ၁ နာရီတွင် မွန်ပြည်နယ်၊
မော်လမြိုင်မြို့၊ ပြည်နယ် လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ တွေ့ဆုံပြီး ဥပဒေပြုရေး
ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက
ယနေ့ ကာလသည် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကာလ ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံကို
ဒီမိုကရေစီစနစ် ထွန်းကားရန်၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရန်
ကြိုးပမ်း ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ သို့မှသာ တိုင်းပြည် တည်ငြိမ် အေးချမ်းပြီး
ခေတ်မီ ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ပါကြောင်း။
ဒီမိုကရေစီ အခွင့်အရေးများရမှ တရားဥပဒေ
စိုးမိုးမှု ရှိမည်ဖြစ်ပြီး နိုင်ငံသူ နိုင်ငံသား များ၏ ဘ၀လုံခြုံမှု၊ စိတ်လုံခြုံမှု
ရှိမည် ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးမှုရှိမှ တိုင်းပြည် တည်ငြိမ် အေးချမ်းမည် ဖြစ်ပြီး
ပြည်တွင်း ငြိမ်းချမ်းရေး ရရှိမည် ဖြစ်ပါကြောင်း။
ကိုယ်စားလှယ်များ အနေဖြင့် မေးမြန်းသည့်
မေးခွန်း၊ တင်သွင်းသည့် အဆိုများသည် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများတွင် ပါရှိသည့်
စည်းကမ်းချက်များ၊ ကန့်သတ်ချက်များနှင့် ကိုက်ညီရန် လိုကြောင်း။
ဥပဒေ ပြဋ္ဌာန်းရာတွင် နိုင်ငံတော်နှင့်
နိုင်ငံသားများ အတွက် အကျိုးရှိသည့် ဥပဒေ ဖြစ်ရန် လိုကြောင်း၊ ပြည်သူလူထု၏ အကျိုးစီးပွား
ဖြစ်ထွန်းစေရန် တည်ဆဲဥပဒေများကို ပြန်လည် သုံးသပ်ခြင်း၊ ခေတ်ကာလ အခြေအနေနှင့် လိုက်လျော
ညီထွေမှု မရှိသည့် ဥပဒေများကို ပြင်ဆင် ဖြည့်စွက်ခြင်း ပြုလုပ်ရန် လိုကြောင်း။
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေးတို့ကို
တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲခြင်း၊ အပြန်အလှန် ထိန်းကျောင်းခြင်း တို့ကို ဖွဲ့စည်းပုံ
အခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အပြန်အလှန်
ထိန်းကျောင်းမှု ပြုလုပ်သည့် နေရာတွင် ကန့်သတ် ဘောင်များကို ကျော်လွန်ပြီး ၀င်ရောက်
စွက်ဖက်ခြင်းမျိုး မဖြစ်ရအောင် အထူးသတိပြုရန် လိုကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များသည်
ဥပဒေပြုရေး သမားများ ဖြစ်ပြီး ဥပဒေပြုသူသည် ဥပဒေ ချိုးဖောက်သူ မဖြစ်ရန် အထူးသတိပြု
စေလိုကြောင်း၊ မိမိတို့ မဲဆန္ဒနယ်မြေ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဖွဲ့စည်းပုံ အခြေခံ
ဥပဒေနှင့် မဆန့်ကျင်အောင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပေါင်းစပ်
ခွင့်ရှိပါကြောင်း။
မကြာသေးမီက ကျင်းပ ပြီးစီးခဲ့သည့် ဒုတိယအကြိမ်
ပြည်ထောင်စု လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင်
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေ၊ ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ
အရအသုံး ဆိုင်ရာ ဥပဒေနှင့် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာ ဥပဒေတို့ကို
ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ
အနေဖြင့် မိမိတို့၏ ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြဌာန်း လိုက်သည့် ဥပဒေများနှင့်
အညီ ဆောင်ရွက် ကြစေလိုကြောင်း။
ဒီမိုကရေစီနိုင်ငံ တည်ဆောက်မည် ဆိုပါက
သဘောထား ကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ခြင်း၊
အပြန်အလှန် နားလည်မှု ရှိခြင်း၊ အပြန်အလှန် ယုံကြည်မှု ရှိခြင်းများဖြင့် တိုင်းပြည်နှင့်
ပြည်သူလူထု အတွက် အားလုံး ပူးပေါင်း ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း။
ဒီမိုကရေစီ နိုင်ငံတိုင်းတွင် လွှတ်တော်သည်
ဒီမိုကရေစီ၏ အခြေခံအုတ်မြစ် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီနိုင်ငံတွင် အချုပ်အခြာ အာဏာကို
ပြည်သူကသာ ပိုင်ဆိုင်ပါ ကြောင်း၊ သို့ဖြစ်၍ မိမိတို့၏ လွှတ်တော် ကိုယ်စားလှယ်များသည်
လွှတ်တော် လုပ်ငန်းစဉ်များ ခိုင်မာ အားကောင်းစွာ လည်ပတ်နိုင်ရန် အစဉ် ကြိုးပမ်းရမည်
ဖြစ်ကြောင်း။
မိမိတို့ အနေဖြင့် တိုင်းရင်းသား စည်းလုံး
ညီညွတ်ရေးကို အစဉ်ရှေးရှု ဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေးများကို
အလေးထား ဆောင်ရွက် နေသည်မှာလည်း အားလုံး အသိပင် ဖြစ်ပါကြောင်း၊ ပြည်ထောင်စု အဆင့်နှင့်
ပြည်နယ် အဆင့် အဖွဲ့အစည်းများ တွင်လည်း တိုင်းရင်းသားများကို ထိုက်သင့်သည့် နေရာများ
ပေး၍ ထည့်သွင်း ဖွဲ့စည်း ထားရှိပါကြောင်း။
ဒီမိုကရေစီ ၀ါဒနှင့် ဖက်ဒရယ် လမ်းစဉ်
ပေါ်ပေါက်ရေးကို အစဉ်တစိုက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊
ကိုယ်ပိုင် ပြဌာန်းခွင့်ရှိသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် ထူထောင်နိုင်ရန်
အတွက် ကိုယ်စားလှယ်များ အနေဖြင့် ၀ိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန် လိုပါကြောင်း
ပြောကြားသည်။
ယင်းနောက် လွှတ်တော် ကိုယ်စားလှယ်များက
ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များနှင့် လွှတ်တော်တွင်း ဆောင်ရွက်ချက်များကို ဆွေးနွေး
တင်ပြကြပြီး သိရှိလိုသည်များကို မေးမြန်းရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြန်လည် ရှင်းလင်း
ဖြေကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ မွန်ပြည်နယ် လွှတ်တော်
ဥက္ကဋ္ဌ ဒေါ်တင်အိ၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ
တက်ရောက်ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment