Saturday, March 18, 2017

မြန်မာ့သတင်းမီဒီယာစာတမ်းဖတ်ပွဲကျင်းပ စာတမ်းများကိုကိုးကားနိုင်ရန် စာအုပ်အဖြစ်ထုတ်ဝေမည်


ရန်ကုန်-မတ် ၁၈
ယနေ့စာတမ်းဖတ်ပွဲသည် သတင်းမီဒီယာကောင်စီဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေမည့် လုပ်ငန်းစဉ်တစ်ရပ်ဟုမြင်ပါကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့် က ယနေ့ နံနက် နာရီခွဲတွင် ရန်ကုန်မြို့တော်ခန်းမ၌ကျင်းပသည့် ``မြန်မာသတင်းမီဒီယာစာတမ်းဖတ်ပွဲ´´တွင် ပြောကြား သည်။

စာတမ်းဖတ်ပွဲကို မြန်မာနိုင်ငံသတင်းမီဒီယာသမိုင်းကို လေ့လာသိရှိနိုင်စေရန်နှင့် သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။
စာတမ်းဖတ်ပွဲဖွင့်ပွဲကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်၊ ရန်ကုန်မြို့တော်ဝန် ဒေါက်တာမောင်မောင်စိုး၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဒုတိယဥက္ကဋ္ဌ() ဦးအောင်လှထွန်း၊ ဒုတိယဥက္ကဋ္ဌ()ဒေါက်တာ မျိုးသန့်တင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
စာတမ်းဖတ်ပွဲတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က`` ယခုကဲ့သို့ စာတမ်းဖတ်ပွဲကို ညီညာအောင်မြင်စွာ ကျင်းပနိုင်သည်ကို တွေ့ရသဖြင့် ၀မ်းသာပါကြောင်း၊ စာနယ်ဇင်းယာယီကောင်စီမှ ပေါ်ပေါက်ခဲ့သည့် သတင်းမီဒီယာ ကောင်စီ၏ သက်တမ်းသည် သမိုင်းကြောင်းရှည်လျားမှုနည်း နေသေး သော်လည်း ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်နှင့် စာနယ်ဇင်းလွတ်လပ်ခွင့်သမိုင်းတွင် ပါဝင်ခဲ့ပါကြောင်း၊ သတင်းမီဒီယာကောင်စီ၏ ပြဋ္ဌန်းချက်များမှ လုပ်ငန်းတာဝန် တစ်ခုဖြစ်သည့် စာတမ်းဖတ်ပွဲကိုအောင်မြင်စွာ ဆောင်ရွက် နေသည်ကိုတွေ့မြင်ရ သည့်အတွက် ဂုဏ်ယူပါကြောင်း၊ ယနေ့စာတမ်းဖတ်ပွဲသည် သတင်းမီဒီယာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြုစေမည့် လုပ်ငန်းစဉ်တစ်ရပ်ဟု မြင်ပါကြောင်း၊ သတင်းမီဒီယာ ကောင်စီအနေဖြင့် ပိုမိုပီပီသသဖော်ဆောင်ရင်း နောက်ထပ်စာတမ်း ဖတ်ပွဲများကိုလည်း ယခုထက်မက ဆက်လက်ကျင်းပနိုင်ပါစေကြောင်း´´ ပြောကြား သည်။
ရန်ကုန်မြို့တော်ဝန် ဒေါက်တာမောင်မောင်စိုး က သတင်းစာများသည် သမိုင်းကြောင်းမှတ်တိုင်များကိုပါ ဖော်ပြသည့်အတွက် အဓွန့်ရှည်စေလိုကြောင်းနှင့် ယခုလိုစာတမ်းဖတ်ပွဲများကိုလည်း ကြိုဆိုပါကြောင်း ဂုဏ်ပြုပြောကြားသည်။
မြန်မာသတင်းမီဒီယာ စာတမ်းဖတ်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးအုန်းကြိုင်က သတင်းသမားများ ကိုးကားနိုင်ရန် ယခုကျင်းပသည့် စာတမ်းဖတ်ပွဲမှ စာတမ်းများကို စာအုပ်အဖြစ် ထုတ်ဝေသွားရန် စီစဉ်ထား ကြောင်းပြောသည်။
စာတမ်းဖတ်ပွဲပထမနေ့တွင် ဒေါက်တာတင်လှိုင်(ဘိုးလှိုင်)က မြန်မာသတင်း မီဒီယာသမိုင်းမှ စိတ်ဝင်စားဖွယ် အချို့သော ဖြစ်ရပ်များ စာတမ်း၊ ဟံသာဝတီ ဦးအုန်းကြိုင် က မြန်မာနိုင်ငံသတင်းမီဒီယာသမိုင်းစာတမ်း၊ ဒေါ်သန်းမြင့်အောင် က ရန်ကုန် မြူနီစီပယ်လုပ်ငန်းအရွေ့များနှင့် အနာဂတ်ရန်ကုန်စာတမ်း၊ ဦးခင်မောင်လေး (ဖိုးသောကြာ) (ကိုယ်စား) ဦးကျော်စွာမင်းက မြန်မာနိုင်ငံသတင်းမီဒီယာအဖွဲ့အစည်း များသမိုင်း စာတမ်း၊ ဦးကျော်ရင်မြင့် က အထက်မြန်မာနိုင်ငံထုတ် သတင်းစာများ စာတမ်း၊ ဒေါက်တာမျိုးသန့်တင်က ကုန်းဘောင် ခေတ် မြန်မာ့ကြေးနန်းမီဒီယာစာ စာတမ်းများကို ဖတ်ကြားကြသည်။
မတ်လ ၁၉ ရက်ဒုတိယနေ့တွင် ဦးအောင်လှထွန်း က မြန်မာနိုင်ငံနှင့် နိုင်ငံတကာ သတင်းမီဒီယာ စာတမ်း၊ ဦးချစ်နိုင်(စိတ်ပညာ) က သတင်းစာဆရာကောင်း ဖြစ်နည်း စာတမ်း၊ ဒေါ်သင်းသင်းသာ က မြန်မာသတင်းလော ကနှင့် အမျိုးသမီးများ စာတမ်း၊ ဦးဟန်ညွန့်(ဦးဟန်ညွန့်-ဥပဒေ) က သတင်းမီဒီယာသမားများသိထားသင့်သည့် ဥပဒေ အချို့ စာတမ်း၊ ဒေါက်တာတင်ထွန်း(သထုံတင်ထွန်း)က နိုင်ငံရေးနှင့် သတင်းစာ ဆရာ၏ မဟာဗျူဟာ ရည်မှန်းချက် စာတမ်း၊ ဦးဇေယျနှင့် ဦးမျိုးကိုမျိုးတို့က မြန်မာ မီဒီယာနှင့် မြန်မာနိုင်ငံရေး စာတမ်းတို့ကို ဖတ်ကြားကြမည်ဖြစ်ကြောင်း သိရသည်။
မတ်လ ၁၈ ရက်နှင့် ၁၉ ရက် နှစ်ရက်တာကျင်းပမည့် စာတမ်းဖတ်ပွဲတွင်   မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ စာတမ်း(၁၀) စောင်အပါအ၀င် စုစုပေါင်းစာတမ်း (၁၂) စောင်ကို ဖတ်ကြားကြမည် ဖြစ်သည်။

စာတမ်းဖတ်ပွဲနှင့်အတူ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာအုပ်၊ ရုပ်သံထုတ်လွှင့်မှု စသည့် ပြခန်းပေါင်း ၆၀ ကျော်တို့က ``စာနယ်ဇင်းဈေးရောင်းပွဲတော်´´အဖြစ် ပါဝင် ပြသရောင်းချခဲ့ကြသည်။

No comments:

Post a Comment