Tuesday, December 6, 2016

ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းအားလုံး၏ လိုအပ်ချက်များ စိုးရိမ်ပူပန်မှုများအား သိရှိ နားထောင်နိုင်ရန်နှင့် အားလုံး၏ အသံကို ကိုယ်စားပြုနိုင်ရန် မိမိတို့ရှိနေကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ မစ္စတာကိုဖီအာနန် ပြောကြား

ရန်ကုန် - ဒီဇင်ဘာ ၆

စက်တင်ဘာလကစပြီး ရခိုင်ပြည်နယ်မှ လူငယ်အုပ်စုများ၊ အမျိုးသမီးအစုအဖွဲ့ များ၊ ရပ်ရွာလူကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊  နိုင်ငံတော်အစိုးရအဖွဲ့မှ  လူပုဂ္ဂိုလ်အဖွဲ့အစည်းများနှင့် မိမိတွေ့ဆုံခဲ့ပါကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်း အသီးသီးအကြား ပြန်လည်သင့်မြတ်ရေး၊ လွတ်လပ်စွာ သွားလာခွင့်၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်နှင့် ရခိုင်ပြည်နယ်၏ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးမှုများကို အဓိကထိန်းသိမ်း စောင့်ရှောက်ရေးတို့ကို ဆွေးနွေးခဲ့ပါကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်က ပြောသည်။

ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်၌ ယနေ့ညနေ ၄ နာရီတွင် ကျင်းပသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ရခိုင်ပြည်နယ်ခရီးစဉ်နှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် က ထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။
ထို့ပြင် မစ္စတာ ကိုဖီအာနန် က " နိုင်ငံတော်သမ္မတ၊  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နှင့်လည်း တွေ့ဆုံဆွေးနွေး ခဲ့ပါကြောင်း၊ ကော်မရှင်၏ လုပ်ငန်း တာဝန်သည် ရခိုင်ပြည်နယ်တွင် ပြန်လည်သင့်မြတ် ရေးကို အားပေးမြှင့်တင်နိုင်ရန်၊ ဒေသခံအဖွဲ့အစည်းများ အားကောင်းစေရန်၊ ဖွံ့ဖြိုးမှုတိုးတက်ရရှိစေရန်၊ ပဋိပက္ခများကို ဖြေရှင်းရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပေးနိုင်ရေးကို မည်ကဲ့သို့  အားပေးမြှင့်တင် နိုင်မည်ဆိုသည့် နည်းလမ်းများကို နိုင်ငံတော်အစိုးရထံ အကြံပြုချက်များတင်ပြပေးရန်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု များကို ကြည့်ပါက ကော်မရှင်၏ လုပ်ငန်းတာဝန်များကို  အဆောတလျင် ချက်ချင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့် နယ်မြေများ၊ တည်ငြိမ်အေးချမ်းမှု မပျက်ပြားသည့် နယ်မြေများကို လွန်ခဲ့သည့် ရက်အနည်းငယ်က သွားရောက်ခဲ့ပြီး ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပွားသည်ဆိုသည့်သတင်းများ ထွက်ပေါ်လာခြင်းကြောင့် အထူးစိုးရိမ်ပူပန်မှု ရှိပါကြောင်း မစ္စတာကိုဖီအာနန်က  ပြောသည်။
ထို့အတူ မစ္စတာ ကိုဖီအာနန် က " လုံခြုံရေး လုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်သည့် နေရာတိုင်းတွင် အရပ်သားများကို အမြဲတစေ အကာအကွယ်ပေးရန် လိုအပ်ကြောင်း၊ လုံခြုံရေးအဖွဲ့များကိုလည်း တရားဥပဒေ စိုးမိုးရေးကို အပြည့်အဝ လိုက်နာပြီး လုပ်ငန်းဆောင်ရွက်ကြရန် တိုက်တွန်းထားပါ ကြောင်း။ လုံခြုံရေး လုပ်ငန်းများ လုပ်ဆောင် ရခြင်းကြောင့် ပြည်သူလူထုထံ လူသားချင်းစာနာ ထောက်ထားရေး အကူအညီများကို အဟန့်အတားမဖြစ်စေရန်လည်း အလေးအနက် ပြောကြားခဲ့ပါကြောင်း၊ လူသားချင်းစာနာရေး လုပ်ငန်းအကူအညီများကို ခွင့်ပြုပေးထား ကြောင်း မိမိတို့ကို အာမခံပြောပြထားပါကြောင်း၊ အကူအညီ လိုအပ်နေသည့် အသိုက်အဝန်းများအားလုံး လိုအပ်သည့် အကူအညီကို ရရှိကြ လိမ့်မည်ဟု မျှော်လင့် ယုံကြည်ပါကြောင်း၊ လူငယ်မျိုးဆက်သစ်များနှင့် တွေ့ဆုံရာတွင် လူငယ်များ၏ ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်ကြောင့် စိတ်အားတက်မိပါကြောင်း၊ ရခိုင်ပြည်နယ်တွင်ရှိသည့်  အသိုက်အဝန်းအားလုံး၊  အသက်အရွယ်အားလုံးတို့၏ လိုအပ်ချက်များ စိုးရိမ်ပူပန်မှုများ သိရှိနိုင်ရေး နားထောင်ရန်နှင့်အားလုံး၏ အသံကို ကိုယ်စားပြုနိုင်ရန် မိမိတို့ရှိနေပါကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်အရေးနှင့် ပတ်သက်၍ မလေးရှားဝန်ကြီးချုပ်က ဦးဆောင် ဆန္ဒပြမှုကိစ္စနှင့် ပတ်သက်၍   ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က   "မလေးရှား ဝန်ကြီးချုပ်တင် မဟုတ်ပါဘူး၊ လူတိုင်းက လွတ်လပ်စွာ ပြောပိုင်ခွင့်ရှိပါတယ်။ လွတ်လပ်စွာ သဘောထားကွဲနိုင်ခွင့် ရှိပါတယ်။  သို့သော်လည်း  သံရေး တမန်ရေး ရှုထောင့်ကနေ နိုင်ငံ့အကြီးအကဲ တစ်ယောက်အနေနဲ့ ဒါဟာလုပ်သင့်လား မလုပ်သင့် လား စဉ်းစားဖို့လိုပါတယ်။ မိမိပေးချင်တဲ့အကြောင်းအရာကို မိမိဟာ နိုင်ငံ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ ပေးပိုင်ခွင့် ရှိတယ်ဆိုတာကို ကျွန်တော်တို့ ဘာမှ အငြင်း မပွားလိုပါဘူး။ အထူးသဖြင့် အာဆီယံနိုင်ငံ ဆိုတာဟာ ကျွန်တော်တို့နဲ့အိမ်နီးချင်းနိုင်ငံ မိသားစု အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့အတွက် အဲဒီလို မိသားစုအချင်းချင်း ပြောစရာဆိုစရာရှိရင် ဘယ်လို ယဉ်ကျေးမှု ဓလေ့နဲ့ ပြောရမယ်ဆိုတာမျိုး ကတော့ရှိသင့်တယ်လို့ ခံယူပါတယ်၊ ကော်မရှင်အနေနဲ့ သူ့ရဲ့ပြောကြားချက် အပေါ်မှာ ဘယ်လိုသက်ရောက် သလဲ ဆိုတော့ မိမိတို့ကော်မရှင်ဟာ အကြံပေးဖို့အတွက် အချက်အလက်များကို စုဆောင်းနေတာ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာက ရခိုင်အရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုရှုမြင် သုံးသပ်လဲ ဆိုတာကို မိမိတို့အမြဲတမ်း နားထောင်နေပါတယ်။ တစ်ချိန်က မြန်မာနိုင်ငံကို အာဆီယံ အဝန်းအဝိုင်းထဲကို ထည့်ပေးခဲ့တဲ့ မလေးရှား နိုင်ငံရဲ့ ခေါင်းဆောင်တစ်ယောက်ဟာ ဒီလိုတုံ့ပြန်တယ် ဆိုတာတော့ မှတ်သားထားပါတယ်"ဟု ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသအတွင်း သတင်းမီဒီယာများ သွားရောက်သတင်းရယူရေးကိစ္စနှင့် စပ်လျဉ်း၍ "ပဋိပက္ခဖြစ်တဲ့နေရာကို သွားရောက် ခွင့် ရခဲ့ပါတယ်။ ဆွေးနွေးမှုတွေလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။  ဒီနေရာမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ စစ်ရေးပိုင်းက အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ရခိုင်ပြည်နယ်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အရေးကြီးပါတယ်။ သို့သော်လည်းပဲ အရပ်ဘက်ပြည်သူလူ ထုရဲ့ အကာအကွယ် အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ သတိပြုဆောင်ရွက်ဖို့လိုမှာ ဖြစ်ပါတယ်၊ ဒီကိစ္စတွေကို အငြင်းပွား အချေအတင် ပြောကြတာကြာပါပြီ။ တစ်ချို့အစိုးရတွေက အကြမ်းဖက်မှုနဲ့ ပတ်သက်လာရင်၊ အကြမ်းဖက်မှုတိုက်ဖျက် ဖို့ဆိုရင်  အရပ်ဖက်လွတ်လပ်ခွင့်တွေကို လျှော့တန်လျှော့၊ ဖြတ်တောက်တန် ဖြတ်တောက်လုပ်ရမယ်။ ဆိုင်းငံ့သင့်ရင် ဆိုင်းငံ့ရမယ်၊ လုံခြုံရေး အဓိကသာ လုပ်ရမယ်ပြီး ဆိုတာတွေရှိတယ်။ ကျွန်တော့်အနေနဲ့ ထင်တာက အရပ်ဘက်လွတ်လပ်ခွင့်၊ ပြည်သူလူထုလွတ်လပ်ခွင့်၊ လူ့အခွင့်အရေး ဒါတွေကို လုံခြုံရေးအတွက်စွန့်လွှတ် လိုက်ရင် နောက်ဆုံးမှာ တကယ်ရော လုံခြုံရေး ရသွားမှာလားဆိုတာ စဉ်းစားရမှာ ဖြစ်ပါတယ်။  ဒီနယ်မြေမှာ သတင်းသမားတွေ သွားရောက်သတင်းယူခွင့်ရခဲ့ရင်တော့  ကောလာဟလတွေ လျော့ပါးသွားမှာ ဖြစ်ပါတယ်။ ထင်သာ မြင်သာရှိခြင်းဟာ ကောလာဟလတွေကို ရှင်းလင်းနိုင်တဲ့ အားကောင်းတဲ့ နည်းလမ်းတစ်ရပ်ဖြစ်ပါတယ်လို့ တာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေး ခဲ့ပါတယ်"ဟု မစ္စတာ ကိုဖီအာနန်က ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ယင်းနောက် မိမိတို့၏လုပ်ငန်းတာဝန်သည် စုံစမ်းစစ်ဆေးရန် မဟုတ်ကြောင်း၊ သို့သော်  ဒေသကိုရောက်သည့်အချိန်တွင် နှစ်ဖက်လူမှုအသိုင်းအဝိုင်းကြား၌ ပြင်းထန် မှုရှိသည်ဆိုသည်ကို  ခံစားရကြောင်း၊ အဆိုပါ အသိုက်အဝန်းနှစ်ခု ပြန်လည်သင့်မြတ် ရန် အချင်းချင်းပြောဆိုမှုများ၊ ဆွေးနွေးမှုများ ပြုလုပ်ရန်လိုကြောင်း၊ နယ်မြေတည်ငြိမ် သွားမည်ဆိုလျှင် ဒေသဖွံ့ဖြိုးရေးကိစ္စများ ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊  အဆိုပါအခြေအနေကြောင့် အာဆီယံ၌ မတည်ငြိမ်မှုများဆီသို့ ဦးတည်ပြီး မသွားနိုင်ဘူးဟု မိမိတို့ မျှော်လင့်ကြောင်း၊ ယင်းအခြေအနေကို ထိန်းချုပ်နိုင်ပြီး  ထိန်းထိန်းသိမ်း သိမ်းဖြင့် ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊  အိမ်နီးချင်း နိုင်ငံများနှင့်ပူးပေါင်း ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ နယ်စပ်ဖြတ်ကျော်မှုနှင့်  နယ်စပ် ထိန်းချုပ်မှု အပိုင်းများတွင် အိမ်နီးချင်း နိုင်ငံများနှင့် နားလည်မှုရှိရှိ ပူးပေါင်း ဆောင်ရွက်ရန်လိုပါကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ 
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ယနေ့သတင်းစာ ရှင်းလင်းပွဲသည်  ဒီဇင်ဘာ ၂ ရက်မှ ၄ ရက်အထိ (၃)ရက်ကြာ သွားရောက်ခဲ့သည့် ရခိုင်ပြည်နယ်ခရီးစဉ်နှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲဖြစ်ပြီး  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်  ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် ဒုတိယအကြိမ်မြောက် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲလည်း ဖြစ်သည်။ 
သတင်း - မင်းသစ် ၊ ဇော်ကြီး(ပဏ္ဍိတ)

ဓာတ်ပုံ - ဇော်မင်းလတ်

No comments:

Post a Comment